အစိုးရသစ်ကို ရွေးကောက်တင်မြောက်မည့် ၂ဝ၁၅ ခု အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှစ်လသာ ကျန်ရှိတော့သော်လည်း မြန်မာနိုင်ငံတွင် အကြောင်းအရာပေါ် အခြေခံကာ ဆန္ဒပြမှုများ ၂ဝ၁၅ ခု နှစ် ဆန်းတွင် မြင့်တက်လာနေ သည်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ရန်နှင့် ယာယီနိုင်ငံသား ကတ်ပြားဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရန် ဒေသ အချို့က ကန့်ကွက်ဆန္ဒပြ တောင်းဆိုမှုများ ပြု လုပ်နေကြပြီး ရန်ကုန်သို့ ဦးတည်လမ်းလျှောက် ချီတက် လာနေ ကြပြီဖြစ်သည်။
ယင်းအကြောင်းအရာများကို အစွဲပြုကာ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား ရက်ရွေ့ဆိုင်းမည် ကို နိုင်ငံရေးပါတီများ စိုးရိမ်နေကြသည်။ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ဦးဦးလှစောက''အခြေ အနေ တော်တော်ရှုပ်နေတယ်၊ ရွေး ကောက်ပွဲမဖြစ်မှာစိုးရိမ်တယ်။
အပြောင်းအလဲကို ချောချောမွေ့မွေ့ မျှော်လင့်တယ်၊ ၂ဝ၁၅ မချောမွေ့လို့ မငြိမ်သက်မှုတွေဖြစ်လာရင် တပ်ကအာဏာသိမ်းပြီး စစ်မျိုးဆက်ထူထောင်ရင် မြန်မာနိုင်ငံက လုံးဝဆေး ကုလို့မရ ဖြစ်သွားမယ်။ တိုင်းရင်းသားတွေ အများဆုံးနစ်နာမယ်'' ဟု ပြောသည်။
အမျိုးသား ပညာရေး ဥပဒေပါအချက်များကို ပြောင်းလဲပေးရန် မန္တလေး၊ ပခုက္ကူ၊ ဧရာဝတီနှင့် ထားဝယ်တို့ မှ ကျောင်းသားစစ်ကြောင်းများက ရန်ကုန်သို့ ချီတက်ဆန္ဒပြနေခြင်းဖြစ်သည်။ ယင်းအပြင် ပြည်ထောင်စု လွှတ်တော်က ယာယီနိုင်ငံသားကတ်ကိုင်ဆောင်သူများကို ဆန္ဒမဲပေးခွင့် ပြုလိုက်သည့်အပေါ်လည်း ကန့် ကွက်သောအားဖြင့် သပိတ်မှောက်ဆန္ဒပြရန် စတင်နေသည့် အချိန်လည်းဖြစ်သည်။
မန္တလေး ကျောင်းသားသပိတ်မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ''လုပ်ချင်သူကတော့ အရင် တိုင်း ပုံစံမျိုးစုံနဲ့လုပ်နိုင်တယ်။ အစိုးရက ဘာစဉ်းစားနေလည်းမသိဘူး။ အလျင်အမြန် တွေ့ဆုံဆွေးနွေး ပြီး တောင်းဆိုမှုတွေကို အတတ်နိုင်ဆုံး လိုက်လျောပေးမယ်ဆိုရင် ဒါကပြီးမယ်။ ပညာရေးက နိုင်ငံအတွက် အရေးကြီးပါတယ်'' ဟု ဆိုသည်။
ရွေးကောက်ပွဲမကျင်းပမီ ကျန်ရှိနေသည့် နိုင်ငံရေးကာလကို တည်တည်ငြိမ်ငြိမ်ဖြင့် ဖြတ်သန်းပြီး တရားမျှ တ လွတ်လပ်သည့် ရွေးကောက်ပွဲကို ကျင်းပနိုင်မှသာ စစ်မှန်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ထပ်မံအကောင် အထည်ဖော်နိုင်မည်ဟု ပါတီတို့က ယုံကြည်ကြသည်။
လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများကိုလည်း နိုင်ငံရေးတည်ငြိမ်မှုရှေးရှု၍ အစိုးရက တွေ့ဆုံဆွေးနွေးကာ အမြန်ဆုံးဖြေရှင်းသင့်ပြီး ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ကျင်းပပေးရမည် ဟု နိုင်ငံရေးပါတီတို့က ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ''အခြေအနေတွေ ရှုပ်ထွေးလာရင် စစ်အုပ် ချုပ်ရေး အသက်ရှည်သလိုပြန်ဖြစ်မယ်။ တည်ငြိမ်မှုကို အစိုးရကော ပြည်သူပါ ပူးပေါင်းလုပ်ရတော့မယ်။ အခုအစိုးရထက် နောင်အစိုးရသစ်ကပဲ ဖြေလျော့မှု ပိုလုပ်နိုင်မယ်။ အဲဒါကို ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ပဲ လုပ် ယူလို့ရမယ်'' ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာထားသည့် ကာလကလည်း နီးကပ်လာသည်နှင့် တစ်ပြိုင် နက် ကျောင်းသား၊ ယာယီသက်သေခံကတ်များအပြင် အခြားလယ်ယာအရေး၊ လူ့အခွင့်အရေး စသည့် ကိစ္စများ ပေါင်းစုံကာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်ပြီး၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိလာနိုင်မည်ကို ပါတီတို့က စိုးရိမ်နေကြခြင်းဖြစ်သည်။
အာဏာရအစိုးရသည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အပေါ်တွင် သိက္ခာရှိရှိ တရားမျှ တစွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပြီး နိုင် ငံပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက်ဆောင် ရွက်မည့် ၂ဝ၁၅ ရွေးကောက် ပွဲကိုလည်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ပေးရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။
''၂ဝ၁၅ ကို နှစ်ပေါင်းများစွာ စောင့်ခဲ့ရတာ။ အခုသက်ရောက်မှုတွေ ပြင်းထန် လာရင် ၂ဝ၁၅ ကို သွားထိ မယ်။ အဲဒီတော့ အစိုးရက အခုဖြစ်နေတာတွေအပေါ် ပူးပေါင်းဆောင်ရွက်သင့်တယ်။ လူငယ်တွေအပေါ် ဖိအားတွေများရင် ပေါက်ကွဲ တတ်တာ ထုံးစံပါပဲ'' ဟု ၎င်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီမိုကရေစီအင်အားစုများ ၂ဝ၁၅ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ကာ အနိုင်ရရှိမှသာ နိုင်ငံပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ ထိရောက်စွာ ဖြစ်ပေါ်လာမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီဖော်ဆောင်ရေး အထွေထွေဆန္ဒပြပွဲများအပြီး ၁၉၉ဝ ခုနှစ် ရွေး ကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒီမိုကရေစီ အင်အားစုသို့ အာဏာလွှဲပြောင်းခဲ့ခြင်းမရှိပဲ စစ်တပ်ကသာ နှစ်ပေါင်း ၂ဝ ကျော် အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးထွန်းရီက''ရွေးကောက်ပွဲဖြစ်မယ်လို့ပဲ မျှော် လင့်တယ်။ ဆန္ဒဖော်ထုတ်တာ အဆန်းမဟုတ်တော့ပေမယ့် အခုဟာက ရွေးကောက်ပွဲကိုထိနိုင်တယ်။ တတ်နိုင်သမျှ တည်ငြိမ်ဖို့ အစိုးရကော၊ ပြည်သူအားလုံးကော ရှင်းရပါမယ်'' ဟု သုံးသပ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အချိန်ကာလ သတ်မှတ်ပေးထားပြီး ယင်းအတွက် ကုန်ကျမည့်ကျပ်ငွေ ၃၄ ဘီလီယံကိုလည်း ပြည်ထောင်စုလွှတ်တော် တွင် တင်ပြတောင်းဆို ထားပြီဖြစ်သည်။
နိုင်ငံရေးပါတီ ၇ဝ တို့ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပါတီများ တည် ထောင်ကာလာမည့် ရွေးကောက်ပွဲဝင်ရန် ပြင် ဆင်နေလျက် ရှိကြသည်။
Mizzima - News in Burmese

No comments:
Post a Comment