၂၀၁၁ ခုနှစ်က အစိုးရအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် သမ္မတ ဦးသိန်းစိန် စတင်လုပ်ဆောင်ခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်း ပဋိပက္ခကို အဆုံးသတ်ရေးအတွက် အမျိုသား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တစ်ခုဆီသို့ရောက်ရှိရန် အရေးပါသော လုပ်ငန်းစဉ်များ ဖြစ် လာသည်။ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ကအရေးပါသည့်ကဏ္ဍမှ ပါဝင်သည့် အမျိုးသား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးနောက် စတင်ခဲ့သည်။
လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကြား ပဋိပက္ခများကို အနိမ့်ဆုံးအထိလျှော့ချနိုင်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် MPC ၏ အပစ်အခတ်ရပ်စဲမှု ညှိနှိုင်းရေးနှင့် အကောင်အထည်ဖော်ရေး ဒါရိုက်တာ ဦးမင်းဇော်ဦးက လက်ခံယုံ ကြည်မှု ရှိသည်။ ပြည်ထောင်စုနေ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အလားအလာများ ၊ ရွေးကောက်ပွဲပြုလုပ်မည့် နှစ်တစ်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် သဘောထားအမြင် တို့ကို မဇျွိမအပတ်စဉ် မဂ္ဂဇင်းမှ တင်မ်မက်လဲ့ဖ်လင်က ဦးမင်းဇော်ဦးကို တွေ့ဆုံမေးမြန်းခဲ့သည်။
မဇျွိမ။ ။ သမ္မတ ဦးသိန်းစိန် အဆိုပြုထားတဲ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ မျှော်လင့်နေတာက လက်တွေ့ကျပါ့မလား။
ဦးမင်းဇော်ဦး။ ။ ကျွန်တော်တို့ ပြသနာ ၁၂၀ ကျော်ကို စပြီးဖြေရှင်းခဲ့ပြီး ၁၀၃ခုအထိလျှော့ချခဲ့တယ်။ အခုဆို ကျွန်တော်တို့မှာ ရှင်းစရာပြသနာ ၈ ခုပဲရှိတော့တယ်။ နောက်ထပ် နှစ်ခု သုံးခုအထိလျှော့ချဖို့ အကြိုညိနှိုင်း မှုတွေ အများကြီးပြုလုပ်နေပါတယ်။ ကျွန်တော်တို့ သဘောတူထားတဲ့ တစ်စုံတစ်ခုကို လက်မှတ်ထိုးမယ်ဆို ရင် ထိုးလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအပစ် အခတ်ရပ်စဲရေးစာရွက်စာတမ်းတွေက လုံ လုံလောက်လောက် ကောင်းနေလို့ပါ။ ဒါပေမဲ့ တစ်ချို့အဖွဲ့အစည်းတွေက သူတို့တောင်တာအကုန်ရမှ လက်မှတ်ထိုးမယ် ဆိုတဲ့ သဘောထားရှိပါတယ်။ တစ်ချို့ အဖွဲ့တွေကတော့ ဒီဟာက ကောင်းတယ်။ ကျွန်တော်တို့ ရှေ့ဆက်သင့်တယ်ဆိုတဲ့ သဘောထား ရှိပါတယ်။
မဇျွိမ။ ။ အစိုးရကကော ဒီလိုသဘောထား ရှိပါသလား။ စေ့စပ်ညိနှိုင်းထားတဲ့ အရာတွေက တစ်စုံတစ်ခုကို လက်မှတ်ထိုးရလောက်အောင် ကောင်း မွန်ပြည့်စုံနေပြီလို့ ပြောချင်တာလား။
ဦးမင်းဇော်ဦး။ ။ ဟုတ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တောင်းဆိုမှု အများစုနဲ့ စတင်ခဲ့ပါတယ်။ ဒါကြောင့် အစိုးရဘက်က လိုက်လျော မှု ပြသခဲ့ပါ တယ်။ ဒါက အစိုးရရဲ့လိုက်လျောမှုတွေကနေ ပြသနာတွေ ဘယ်လိုလျှော့ချပစ် မယ် ဆိုတာပါပဲ။ အစိုးရရဲ့သမိုင်းဝင် လိုက်လျောမှုတစ်ခုကတော့ ဖက်ဒရယ်ပြည်ထောင်စုကို အသိအမှတ်ပြုခြင်းပါ။ ဒါက သမိုင်းဝင်ပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် ပေါ်လာတဲ့ ပါလီမန်အစိုးရတောင် ဖက်ဒရယ်ပြည်ထောင် စုကို အသိအမှတ်မပြုခဲ့ပါဘူး။ ဒီတစ်ခါ အစိုးရပြောခဲ့တာကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စည်းမျည်းတွေ အပေါ်အခြေခံတဲ့ ပြည်ထောင်စုတစ်ခုကို အမျိုးသား အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင် ငံရေး တွေ့ဆုံဆွေးနွေးပွဲရဲ့ ရလဒ်နဲ့အညီ တည်ထောင်မယ်လို့ဆိုပါတယ်။ ဒါကို စာရွက်စာတမ်းထဲမှာ သဘောတူပြီးပါပြီ။
မဇျွိမ။ ။ ဒါဆို ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးမှုတစ်ခု ဖြစ်လာနိုင် တယ်ပေါ့နော်။
ဦးမင်းဇော်ဦး။ ။ သဘောတူထားတဲ့ အရာတွေနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ခုကို ကျွန်တော်တို့ လက်မှတ်ရေး ထိုးမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
မဇျွိမ။ ။ ဒါဆို လက်မှတ်ထိုးတဲ့ အမျိုးအစားက အပစ်အခတ်ရပ်စဲရေး ဖြစ်ချင် မှ ဖြစ်မှာပေါ့။
ဦးမင်းဇော်ဦး။ ။ မှန်ပါတယ်။
မဇျွိမ။ ။ မကြာသေးခင်က တိုက်ခိုက်မှု အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပေါ်တဲ့ တိုက်ခိုက်မှုတွေအ တွက် တာဝန်ရှိမှုနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့သုံးသပ်ချက်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ သုံးသပ်ချက်တွေကို မီဒီယာတွေ က ဖော်ပြနေပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျိုးရှိတဲ့ မီဒီယာကနေ အစမ်းလေ့ကျင့်နေ တဲ့ သဘောလား။
ဦးမင်းဇော်ဦး။ ။ ဘာ့ကြောင့် ဒီလိုဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ နားလည်ဖို့လိုပါတယ်။ အဓိကပြသနာ တစ်ခုက အပစ်အခတ်ရပ်စဲမှု မရှိဘူးဆိုတာ သိသာထင်ရှားပါတယ်။ ကေအိုင်အိုနဲ့ အစိုးရတို့ တင်းမာ မှုလျှော့ချဖို့ သဘောတူရင်တောင် အပစ်ရပ်မှုက မရှိသေးပါဘူး။ ရှင်းလင်းပြတ်သားတဲ့ ပိုင်းခြားသတ်မှတ်မှု က မရှိသေးပါဘူး။ တိုက်ပွဲတွေဖြစ်ကတည်းက အစိုးရတပ်တွေက ကေအိုင်အိုရဲ့ ဋ္ဌာနချုပ်လိုင်ဇာနဲ့ နီးတဲ့ နည်းပညာဆိုင်ရာ ဧရိယာတွေအပါအဝင် ကချင်ပြည်နယ်က တပ်စခန်းအများအပြားကို သိမ်းပိုက်လိုက်ပါ တယ်။ စစ်တပ်ရဲ့အမြင်အရ အလွန်ချဲ့ထွင်နိုင်တဲ့ အနေအထား တစ်ခုပေါ့။ အစိုးရတပ်တွေဟာ ဒီနယ်မြေတွေကြားမှာ စားနပ်ရိက္ခာနဲ့ ခဲယမ်းမီးကျောက်တွေ သယ်ယူပို့ဆောင်ဖို့၊ တစ်ခါတစ်ရံ တပ်ချင်းအပြောင်းအလဲလုပ်ဖို့ သွားလာလှုပ်ရှားပါတယ်။ အဲဒီတပ်ဖွဲ့တွေဟာ အဓိက လမ်းကြောင်းကြီးတွေ ကနေ သွားချင်မှသွားမယ်။ လုခြုံရေးအရ တောလမ်းကို သုံးနိုင်တယ်။ အမှတ်အသားလုပ်ထားတဲ့ ရှင်းလင်းပြတ်သားတဲ့ နယ်နိမိတ်ခြားထားမှုတွေ မရှိတဲ့အပြင် ညိနှိုင်းမှုစည်းမျည်းတွေကလည်း ရှင်းလင်းပြတ်သားမှု မရှိတော့ ပြသနာတွေရှိပါတယ်။ တခါတလေ သေးငယ်တဲ့ တိုက်ပွဲလေးတွေ ဖြစ်ပါ တယ်။ ကြီးမားတဲ့ ပြသနာကြီးနှစ်ခုဖြစ်တဲ့ နယ်နမိတ်ပိုင်းခြားမှုနဲ့ လိုက်နာရမဲ့ ကျင့်ဝတ်ကို ရှင်းလင်းအောင်ပြု လုပ်ခြင်းနဲ့ စေ့စပ်ညိနှိုင်းမှု စည်းမျည်းတွေကို ရှင်းလင်းအောင် ပြုလုပ်ဖို့လိုပါတယ်။ ၂၀၁၄ ခုနှစ် မေလ က မြစ်ကြီးနားမြို့မှာရှိတဲ့ ပဋိပက္ခဖြေရှင်းရေး အဖွဲ့တစ်ခုကနေ ဒီပြသနာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။ကျွန်တော် တို့ဟာ ကေအိုင်အိုနဲ့အစိုးရကြား ဆွေးနွေးပွဲတစ်ခုဖြစ်ဖို့ လွယ်ကူချောမောအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါဟာ သိပ်ကိုထူးခြားတယ်ပြောရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့အစိုးရနဲ့ ကေအိုင်အိုဟာ အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးရသေးပါဘူး။ အလားအလာရှိတဲ့ တိုက်ပွဲအချို့ကို ရှောင်ရှားဖို့ ဒီလို ပဋိပက္ခဖြေ ရှင်းရေး အဖွဲ့တစ်ခုရှိလာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မဇျွိမ။ ။ ဖက်ဒရယ် တပ်မတော် တစ်ခုဖွဲ့စည်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အဆိုပြုထား ပါတယ်။ ဒါပေမဲ့ ဒီဟာက ဘာလိုအပ်နေလဲဆိုတာ မရှင်းလင်းသေးဘူး။ ဖက်ဒရယ် တပ်မတော်တစ်ခု ဖွဲ့စည်းဖို့ ဖြစ်နိုင်သလား။
ဦးမင်းဇော်ဦး။ ။ များပြားလှတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့ပြောတာပေါ့လေ ကျွန်တော် တို့ ဖက်ဒရယ် ဒါမှမဟုတ် ပြည်ထောင်စု တပ်မတော်တစ်ခု လိုချင်တယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အုပ်စု တစ်ခုကို မေး တဲ့အခါ အဖြေတစ်ခုရတယ်။ နောက်ထပ် အုပ်စု တစ်ခုကို မေးတဲ့အခါ နောက် အဖြေ တစ်ခုရတယ်။ ခေါင်းဆောင်တစ်ယောက် ပြောတာကျွန်တော်ကြားတယ်။ တိုင်းရင်းသား အဖွဲ့တစ်ခုစီမှာ သူတို့ရဲ့ကိုယ်ပိုင် စစ်တပ်ရှိတယ်။ ကိုယ်ပိုင်တပ်မှူး နဲ့ အကြီးအကဲရှိတယ်။ ဒါဖြင့်ရင် တပ်မှူးအားလုံးနဲ့ အကြီးအကဲအားလုံးဟာ ပေါင်းစည်းပြီး အဖွဲ့တစ်ကို တာဝန်ထမ်းဆောင်မဲ့ အားလုံးရဲ့တပ်မှူးနဲ့ ခေါင်းဆောင် တစ်ဦး ရှိလာဖို့ လိုလိမ့်မယ်။ သာဓကအနေနဲ့ ဘယ်နိုင်ငံကို မြင်သလဲလို့မေးတော့ သူ့မှာအဖြေမရှိဘူး။ လူတော်တော်များများက ဖက်ဒရယ် ဒါမှမဟုတ် ပြည်ထောင်စု တပ်မတော် သဘောတရားအကြောင်း ပြော ကြတယ်။ ဒါပေမဲ့ ဒါဟာ ဘာလဲဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ အယူအဆမရှိဘူး။ အခုအဲဒီအယူအဆ က ခေတ်မမီဘူးလို့ ယူဆကြပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးပွဲ တစ်ခုရှိတယ်ဆိုတာ ကျွန်တော်တို့ သေ ချာအောင် လုပ်ဖို့လိုတယ်။ လူတွေက ဒီကိစ္စတွေအကြောင်း ပြောဆိုကြတယ်။ အဖွဲ့အစည်းအားလုံးအတွက် တည်ဆောက်ပေးတဲ့ စွမ်းဆောင်ရည် ရှိတယ်ဆိုတာ သေချာအောင် လုပ်ဖို့လိုတယ်။ ဒါမှ ဖက်ဒရယ်စနစ်က ဘယ်လိုအလုပ်ဖြစ်တယ်ဆိုတာ လူတွေကသိမယ်။ လူတွေက ဖက်ဒရယ်စနစ်ကို တောင်းဆိုနေကြတယ်။ ဒါပေမဲ့ သူတို့တောင်းဆိုနေတာ ဖက်ဒရယ်စနစ်တစ်ခု မဟုတ်ပါဘူး။ ဒါက နောက်ထပ်ပြသနာ တစ်ခုပါ။ တကယ်လို့ နိုင်ငံတစ်ခုဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရင် ဖက်ဒရယ်စစ်တပ်ဆိုတာ ရှိပြီးဖြစ်တယ်။ အဲဒီ စစ်တပ်ဟာ ဖက်ဒရယ်စနစ်တစ်ခုကို ကျင့်သုံးတဲ့ ပြည်ထောင်စု နိုင်ငံတစ်ခုဆီကလာတဲ့ စစ်တပ်ဖြစ်တယ်။ စစ်တပ် အမျိုးအစားဆိုတာ နိုင်ငံက ကျင့်သုံးတဲ့ နိုင်ငံရေးစနစ် အမျိုးအစားက လာတာဖြစ်တယ်။
မဇျွိမ။ ။ လွန်ခဲ့တဲ့ နိုဝင်ဘာလက လိုင်ဇာမှာရှိတဲ့ ကေအိုင်အေရဲ့ ဗိုလ်သင်တန်းကျောင်းကို အစိုးရတပ်က အမြောက်နဲ့ပစ်တာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထိခိုက်မှုတစ်ခု ဖြစ်ဟန်ရှိပါတယ်။ ဒါကို သဘောတူ ပါသလား။
ဦးမင်းဇော်ဦး။ ။ အောက်တိုဘာလက ကချင်မှာ တိုက်ပွဲဖြစ်ပွားမှု ၂၀ လောက် ရှိခဲ့ရာမှာ စစ်တပ်ရဲ့တိုက် ခိုက်မှုတွေ၊ အိုင်အီးဒီ တိုက်ခိုက်မှုတွေနဲ့ အခြားတိုက်ခိုက်မှုတွေ ပါဝင်ပါတယ်။ ဒီပြသနာတွေ မြင့်မားလာ ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့မှာဆိုရင် အမြောက်ကြီးနဲ့ မပစ်ခင် တိုက်ပွဲသုံးခု ဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ယုံကြည်မှုအဆင့်က နှစ်ဖက်စလုံးမှာ အတော်နိမ့်နေခဲ့ပါတယ်။ဒီလိုဖြစ်တဲ့အခါ မီဒီယာမှာက ခါတိုင်းလိုပဲ အသေးစိတ်ပုံစံ မရှိပါဘူး။ ဒါ့ကြောင့် လိုင်ဇာဖြစ်တဲ့ လက်နက်ကြီးပစ်ခတ်မှုကို မီးမောင်း ထိုးပြတော့တယ်။ ဒါပေမဲ့ဒီအရင် ဘာဖြစ်ခဲ့တယ်ဆိုတာ မသိဘူး။ ဒီလို အဖြစ်အပျက်တွေကို ရှင်းလင်းပြ ဖို့ ကေအိုင်အိုက လိုလားတယ်။ စစ်တပ်ကလည်း ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ရှင်းပြဖို့ ဆန္ဒရှိတယ်။ ဒီဟာကြောင့်တော့ ဒါကိုကြီးမားတဲ့ ပြသနာကြီး တစ်ခုလို့ ကျွန်တော်တို့မမြင်ဘူး။ဒီအချိန်အထိ ကျွန်တော်တို့ မတွေ့ဆုံရတဲ့ အကြောင်းကတော့ အကြိုညိနှိုင်းမှုတွေမှာ ကျွန်တော်တို့ ပိုပြီးအချိန်ယူချင်လို့ပဲ။ ရည်ရွယ်ချက် က ပြောင်းလိုက်ပါပြီ။ အရင်က ပြသနာတွေဖြေရှင်းဖို့ အဓိကဆွေးနွေးပွဲတွေကို အာရုံစိုက်ခဲ့တယ်။ဒါပေမဲ့ စက်တင်ဘာလကတည်းက ကျွန်တော်တို့ ရှုမြင်ထားတာက အကြိုညိနှိုင်းမှုအတွက် အစိုးရဘက်နဲ့ရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ကြိုးစားလုပ်ကိုင်ဖို့ ကျွန်တော်တို့ လိုအပ်နေပါတယ်။ ဒီပြသ နာတွေ ဖြေရှင်းပြီးတာနဲ့ ကျွန်တော်တို့ အဓိကဆွေးနွေးပွဲကြီးတွေ ကျွန်တော်တို့ ပြန်လုပ်မှာပါ။အခုချိန် မှာ ပြသနာတွေကို လျှော့ချပစ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ နီးစပ်လာပြီထင်ပါတယ်။ ပြသနာ က နှစ်ခုသုံးခုလောက်ပဲ ကျန်ပါတယ်။
မဇျွိမ။ ။ ကျန်နေသေးတဲ့ ပြသနာ နှစ်ခုသုံးခုဆိုတာ ဘာတွေပါလဲ။
ဦးမင်းဇော်ဦး။ ။ နံပတ်တစ်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အပစ်ရပ် လက်မှတ် ထိုးပြီးတာနဲ့ လူသစ် စုဆောင်းတာတွေ ရပ်ဖို့၊ ယူနစ်ချဲ့ထွင်တာတွေရပ်ဖို့ အစိုးရဘက်က တောင်းဆိုထား ပါတယ်။ သဘောကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တင်းမာမှု လျှော့ချဖို့ပါ။ လူသစ် စုဆောင်းခြင်း၊ စစ်ပွဲအတွက် ပြင်ဆင်ခြင်း လုပ်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခွင့်အရေး မယူသင့်ဘူးပေါ့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကတော့ ဒါဟာ ကောင်းပါတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ လူသစ်မစုဆောင်းဘူး။ ကျွန်တော်တို့ရဲ့ အဖွဲ့တွေကို တင်းကျပ်မယ်။ သင်တန်းပေးမယ်လို့ သူတို့ကပြောပါ တယ်။ တချို့အဖွဲ့တွေကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် လူသစ်စုဆောင်းဖို့ လိုနေဦးမယ်။ ဒါကြောင့် ဒါကိုတော့ သဘောမတူနိုင်ဘူးပေါ့။ ဒါဟာ ကျွန်တော်တို့ ဖြေရှင်းနေရတဲ့ တစုံတရာပေါ့။
နောက်ထပ်ပြသနာတစ်ခုက အကူးအပြောင်းကာလ စီစဉ်မှုပါ။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့မှာ အခွန်ကောက်ခွင့်၊ သဘာဝ အရင်းအမြစ်စီမံခန့်ခွဲခွင့်၊ ထုတ်ယူခွင့်အပြင် ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်တွေ ရှိတယ်ဆိုတာ အစိုးရဘက်က အသိအမှတ်ပြုပေးစေချင်တယ်။ အစိုးရဘက်ကလည်း ဒါတွေကို စာရွက်ပေါ်မှာ စေ့စေ့စပ်စပ်သဘောတူဖို့ ခက်ပါလိမ့်မယ်။ စာရွက်ပေါ်မှာ ခက်ခဲတဲ့ အခွန်ကောက်ခံမှုစနစ် တစ်ခု ရှိပါလိမ့်မယ်။ဒါက အချုပ်အခြာအာဏာပိုင်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခုပါ။ ဒါဟာ လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်းကေအိုင်အိုနဲ့ အခြားအဖွဲ့အစည်းတွေနဲ့ဖြစ်နေခဲ့တာပါ။ လူကြီးလူကောင်းတွေရဲ့နှုတ်ကတိတော့ရှိပါတယ်။ဒါပေမဲ့ ပြသနာက လူတွေပါပဲ။ အတိတ်က လူတွေဟာ ဒီလိုမျိုးအခွန်တွေနဲ့ ပတ်သက်ပြီး တော်တော် သည်းခံခဲ့ကြတယ်။ တစ်ခါတစ်လေ သူတို့ဟာ အစိုးရတပ်ဖွဲ့ဝင်တွေကို ပေးဆောင်တယ်။ နောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို ပေးတယ်။ ဒါပေမဲ့ စနစ်ကပွင့်လင်းခဲ့ချိန် ဒီပြောင်းလဲမှု အသစ်တွေအရ လူတွေက မပေးချင်တော့ဘူး။ လူတွေက စပြီးမကျေမနပ် ပြောလာတယ်။
လူသစ် စုဆောင်းမှု ပြသနာတွေလည်း ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့ပြောတာ က ကောင်းပြီ။ ကျွန်တော်တို့ အဓမ္မ လူသစ် စုဆောင်းမှာ မဟုတ်ဘူးလို့ပြောတယ်။ ဒါပေမဲ့ အဓမ္မ လူသစ် စုဆောင်းမှု အဓိပ္ပါယ်ဖွင့်ဆိုမှုအကြောင်း ကျွန်တော်တို့ ပြောတဲ့အခါ သူတို့ပြောတာက အိုကေ ကျွန်တော် တို့က ရွာကိုတောင်းနိုင်တယ်။ ဒီနှစ်အတွက် ခင်ဗျားတို့ စစ်သားဆယ်ယောက် ပေးရမယ်လို့ဆိုတယ်။ သူတို့က ဒါကို အဓမ္မ လူသစ် စုဆောင်းတယ်လို့ မယူဆဘူး။ ဒါ့ကြောင့်တပ်မတော်က လုံးဝ လူသစ် မစုဆောင်းဖို့ တောင်းဆိုတယ်။ဒါပေမဲ့ လူတွေရဲ့အမြင်ကတော့ ဆန္ဒအလျောက်ဝင်တာ မဟုတ်ရင် အဓမ္မ လူသစ် စုဆောင်းတာပါပဲ။
မဇျွိမ။ ။ အစိုးရအဖွဲ့နှင့် MPC အဖွဲ့ဝင်တွေကြားမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပင်ပန်းနွမ်း လျတဲ့ စိတ်ခံစားချက်တွေ ရှိပါသလား။
မင်းဇော်ဦး။ ။ MPC မှာကတော့ ဒါက ကျွန်တော့် အလုပ်ပါ၊ မေးလို့ ပြောရမယ်ဆိုရင်တော့ ပင်ပန်းတယ်လို့ ဆိုရမှာပါ၊ ကျွန်တော်တို့ ဒီမှာ တစ်ပတ်ကို ခုနစ်ရက်လုပ်ရတယ်၊ တနင်္လာကနေ သောကြာနေ့ထိကတော့ ပုံမှန် မနက် ၉ နာရီကနေ ညနေ ငါးနာရီ ထိပေါ့၊ ညစာစားဖို့ အားကစားခန်းမကို သွားဖို့ လူတိုင်းထွက်သွားပြီ ဆိုတာနဲ့ ကျွန်တော်တို့က ရုံးကိုပြန်လာပါတယ်၊ ညနက်တဲ့အထိ အလုပ်လုပ်ပါတယ်၊ ဒါက လုပ်ရိုးလုပ်စဉ်ပါ၊ စနေနဲ့ တနင်္ဂနွေမှာ ဦးအောင်မင်း ရန်ကုန်ကို လာပါတယ်၊ ကျွန်တော်တို့ မနက် ခုနစ်နာရီမှာ စပါတယ်၊ တစ်ပတ် ခုနစ်ရက်ပေါ့၊ အစိုးရဘက်ကတော့ ဒါဟာ ပိုပြီးတော့ နိုင်ငံရေးဆန်ပါတယ်၊ ဒီနှစ်က ရွေးကောက်ပွဲ ကျင်းပမယ့်နှစ် စွမ်းအင်တွေအများကြီး ရွေးကောက်ပွဲအတွက် ဖြစ်သွားပါလိမ့်မယ်၊ ဖြစ်နိုင်တာက ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ်မှာ စိတ်ဝင်စားမှု လျော့နည်းသွားပါလိမ့်မယ်။
မဇ္ဈိမ။ ။ ရွေးကောက်ပွဲကြောင့် ဒီနှစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အကျိုးဖြစ်ထွန်းမှု နည်းမယ်လို့ ထင်တယ် တာပေါ့နော်။
မင်းဇော်ဦး။ ။ ကျွန်တော်တို့ စစ်တမ်းတွေနဲ့ လေ့လာမှုတွေ အများကြီး လုပ်ထားခဲ့ပါတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မဲပေးမှုအပေါ် ထိခိုက်နိုင်မှု နည်းပါလိမ့်မယ်၊ မြို့ပြ ဒေသတွေက မဲပေးသူအများစုက ဒီငြိမ်း ချမ်းရေး ကိစ္စကြောင့် သက်ရောက်မှု နည်းပါလိမ့်မယ်၊ ၁၉၇၀ ခုနှစ်နောက်ပိုင်း အဓိက မြို့တွေမှာ နေကြ တဲ့ မြန်မာ ပြည်သူတွေက ပြည်တွင်းစစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ လောက် ပြည် တွင်းစစ်ပွဲ ရှိနေပေမယ့် နိုင်ငံရဲ့ ပြည်သူအများစုကတော့ ဒီပြည်တွင်းစစ်နဲ့ မကြုံတွေ့ခဲ့ရပါဘူး၊ သူတို့က ဒါကို ကြားပဲကြားခဲ့ရတာပါ၊ စစ်ပွဲတွေက ဝေးလံခေါင်းပါးတဲ့ ဒေသတွေမှာပဲ ဖြစ်နေတာပါ၊ လူနေထူထပ်တဲ့နေ ရာတွေမှာ ဖြစ်တာမဟုတ်ပါဘူး၊ ဒါကြောင့် စစ်ပွဲ အတွေ့အကြုံနဲ့ ပတ်သက်လို့ နားလည်သဘောပေါက်မှု နည်းပါလိမ့်မယ်၊ မဲပေးသူအများစု အတွက်ကတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အဲဒီလောက် အရေးမကြီး ပါဘူး။
မဇျွိမ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းအကြားမှာ ဘယ်လိုတွေ အကျိုးသက်ရောက်မလဲ။
မင်းဇော်ဦး။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဆက်စပ်ပျက်စီးဆုံးရှုံးမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်၊ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေး စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ တဲ့နောက်ပိုင်း ပြည်တွင်းစစ်ဖြစ်နေတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စအရေအတွက်က ကျဆင်းသွားပါတယ်၊ ငြိမ်းချမ်းရေးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သေချာပေါက် လျော့ချပေးနိုင် တဲ့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အဖွဲ့ဝင်အတော်များများကလည်း မြန်မာနိုင်ငံကို လူ့အခွင့်အရေး ရှုထောင့်ကနေ ကြည့်ရှုနေပါတယ်၊ ဒါကလည်း မြန်မာအစိုးရအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အပြန်အလှန် သက်ရောက်မှုတွေကို ပိုမိုလွယ်ကူစေပါတယ်။
မဇျွိမ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း လူတွေအများကြီး ပါဝင်ပတ်သက်နေ တယ်လို့ ထင်ခဲ့ပါသလား။
မင်းဇော်ဦး။ ။ ဟုတ်ကဲ့၊ အများကြီး ပါဝင်ထားခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီမြန်မာအစိုးရဟာ စပြီး အာဏာရလာတဲ့အချိန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လမ်းဖွင့်ခဲ့တဲ့အချိန်မှာ ပွင့်လင်းမြင်သာမှုဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်လို့ သူတို့ မလုပ်ခဲ့ပါဘူး၊ နိုင်ငံတကာ အလှူရှင်တွေဆီက ပွင့်လင်းမြင်သာမှုကို သူတို့မတောင်းခဲ့ပါဘူး၊
ကျွန်တော် အရင်က တတိယ ကမ္ဘာ့နိုင်ငံတွေမှာ လုပ်ခဲ့ပါတယ်။ ဒီကို မရောက်ခင်က ကျွန်တော် အာဖဂန် နစ္စတန်မှာ လုပ်ခဲ့ပါတယ်။ အာဖဂန် မှာတောင် အစိုးရက အလှူငွေ ပိုက်ဆံတွေက ပွင့်လင်းမြင်သာမှုရှိလား ဆိုတဲ့အပေါ် သေချာအောင်လုပ်ပါတယ်၊ အဲဒီ အလှူငွေတွေ ဘယ်လို စီးဆင်းလဲဆိုတာ သူတို့သိရအောင် လုပ်ပါတယ်။ အဲဒီမှာ အလှူရှင်တွေက တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေကိုပဲ ငွေကြေးထောက် ပံ့ပေးနိုင်တာပါ၊
မြန်မာနိုင်ငံမှာက အစိုးရက ဒီလိုမျိုးလုပ်တာ မရှိပါဘူး၊ ဥပမာဆိုကြပါစို့၊ USAID နဲ့ DIFID တို့က တရားဝင် မှတ်ပုံမတင်ထားတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးပံ့ပိုးနေတာပါ၊ အဓိပ္ပါယ်က ဒီပိုက်ဆံတွေက ဘာအတွက် လဲ၊ ဘယ်ကိုသွားလဲဆိုတာကို လိုက်လို့မရတဲ့ အဓိပ္ပါယ်ပါ၊ အကောင်အထည်ဖော်ရေး အဖွဲ့အစည်းများသည် မဟာဗျူဟာ တစ်ရပ်လုံးအမြင်ဖြင့် ဆောင်ရွက်ရမည့်အစား နေရာ သေးသေးလေးမှာပဲ လုပ်ဆောင်နေ သူတွေ ဖြစ်လာပါတယ်၊ အဲဒါကြောင့် သူတို့ဟာ အလှူရှင်တွေ သဘောကျနိုင်တဲ့ သီးသန့် အုပ်စုတွေအတွက် အကောင်အထည်ဖော်နိုင်ပါတယ်၊ ဒီအလှူငွေ အများအပြားဟာ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်နေပါတယ်၊ သာဓကအားဖြင့် အမေရိကန်က ဒီအလှူရှင်အများအပြား ကျွန်တော်တို့မှာ ရှိနေတာ ကတော့ အမျိုးသား ဒီမိုကရေစီ ထောက်ပံ့ရေး အဖွဲ့ဖြစ်ပါတယ်၊ သူတို့ဟာ ဒီမှာ ရှိတဲ့ လှုပ်ရှားမှုတွေ ကို ငွေကြေးထောက်ပံ့နေပါတယ်၊ ဒါပေမယ့် အစိုးရက ဒီပိုက်ဆံတွေ ဘယ်ကို ရောက်သွားလဲဆိုတာ သိပါတယ်၊ နောက်ပြီးတော့ ဒါကို ပွင့်လင်းမြင်သာမှုရှိအောင် ထုတ်ပြောခြင်း မရှိပါဘူး၊ ဒါတွေ အားလုံးကို ခြုံကြည့်လိုက်ရင်တော့ အုပ်စုတွေအကြား ပေါက်ကွဲမှု တစ်ခုပြီးတစ်ခု ရှိနေတာ ကျွန်တော် မအံ့သြပါဘူး။
Mizzima - News in Burmese

No comments:
Post a Comment