တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေးနှင့် အဖွဲ့ဝင်များအား လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏ ဆန္ဒဖြစ်သည့် တည်ငြိမ် အေးချမ်းရေး၊ စည်းလုံးညီ ညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ၊ ကချင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် သတိပေး ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်သည်များ၊ လတ်တလော အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ စာနယ်ဇင်း ကောင်စီမှလည်း တပ်မတော် ဆိုင်ရာ သတင်းများ ပွင့်ပွင့် လင်းလင်း သိရှိ ရယူနိုင်ရေး၊ တပ်မတော်နှင့် မီဒီယာတို့၏ ကောင်းမွန်သော ဆက်ဆံရေး လမ်းကြောင်း တည်ဆောက်နိုင်ရေး အတွက် ဆောင်ရွက်လိုသည့် အချက်များနှင့် ပြည်သူ့ ဆက်ဆံရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးစွာ အပြန် အလှန် ဆွေးနွေးခဲ့သည်။
၂ဝ၁၅ ခုနှစ် နိုင်ငံတော်၏ ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ တပ်မတော်၏သဘောထားအမြင်အား စာနယ် ဇင်းကောင်စီမှ မေးမြန်းမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေဖြင့် လျှောက်လှမ်းနေသည့် ဒီမိုကရေစီ လမ်းကြောင်းမှ နောက်ကြောင်း ပြန်လှည့်ရန် မရှိပါကြောင်း၊ လက်ရှိ လျှောက်လှမ်းနေသည့် လမ်းကြောင်း အတိုင်း ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်း သွား မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေးနှင့် အတူ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဖက် အတွင်းရေးမှူး ဒေါ်နန်း ကလျာဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဖေမြင့်၊ ဦးခင်မောင်ဌေး၊ ဦးသီဟစော၊ ဦးမြင့်ကျော်၊ ဦးရဲမင်းဦးနှင့် ဦးကိုကိုတို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်လေး တို့သည် အဖွဲ့ဝင်များ နှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
တပ်မတော်နှင့် စာနယ်ဇင်း ကောင်စီ (ယာယီ) တွေ့ဆုံညှိနှိုင်းမှု အရ မီဒီယာများ သိရှိရယူ နိုင်ရန် တပ်မတော်က ထုတ်ပြန်ပေးနိုင်သည့် သတင်းအချက် အလက်များအား မြဝတီ Myawady WebPortalတွင် အချိန်နှင့် တစ်ပြေးညီ ဖော်ပြသွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် မီဒီယာများအကြား ချောမွေ့ ကောင်းမွန်သည့် ဆက်ဆံရေး ယန္တရား တစ်ရပ် ထူထောင်နိုင်ရန် နှစ်ဖက်ကိုယ်စားလှယ် ပါဝင်သည့် အလုပ် ရုံ ဆွေးနွေးပွဲ ဆောလျင်စွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြ၀တီ
No comments:
Post a Comment