Thursday, November 27, 2014

စပိန်ကျန်းမာရေးဝန်ကြီး ရာထူးက နုတ်ထွက်



စပိန်ကျန်းမာရေးဝန်ကြီး အန်နာ မာတိုဟာ ငွေကြေးမသမာမှုတခုမှာ အကျိုးအမြတ်ယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေး တရား သူကြီးတဦးက စွပ်စွဲခဲ့အပြီး နိုဝင်ဘာ ၂၆ ရက်နေ့မှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် မာရီယာနို ရာဂျိုင်းရဲ့ ပြည်သူ့ပါတီပုံရိပ်ကို ထိခိုက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်က လွှတ်တော်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအတွက် ငြင်းခုံဆွေးနွေးမယ့်ရက် မတိုင်မီ တရက်မှာ ခုလိုနုတ်ထွက်ခဲ့တာပါ။
စပိန်ဗဟိုတရားရုံးချုပ်ကတော့ မာတိုရဲ့ ခင်ပွန်းဟောင်းကို မဒရစ်မြို့တော်ဝန် ဘဝက ပြည်သူ့လုပ်ငန်းစာချုပ်တွေအတွက် မသမာကြေး အမေရိကန်ဒေါ်လာ ၆ သိန်း ၂ သောင်းခွဲကျော် လက်ခံမှုနဲ့ တရားစွဲခဲ့ပါတယ်။

သူနဲ့လက်ထပ်စဉ်က သူ့မိသားစုက လက်ခံခဲ့တဲ့လက်ဆောင်တွေရဲ့ ဇစ်မြစ်တွေကို သိမသိ ဝန်ကြီးကို မေးခွန်းထုတ်ဖို့ စုံစမ်းစစ်ဆေးရေး တရားသူကြီးက စီစဉ်နေပါတယ်။

လက်ဆောင်တွေထဲမှာ ကားငှားခတွေ၊ ဟိုတယ်စရိတ်တွေ၊ လေကြောင်းခရီးစဉ်တွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ မိသားစုပါတီ ပွဲတွေ ပါဝင်ပါတယ်။

ကျန်းမာရေးဝန်ကြီးကိုတော့ ခင်ပွန်းဟောင်းလို တရားမစွဲရသေးပေမယ့် သံသယဖြစ်ဖွယ် အကျိုးအမြတ်ယူတဲ့ ရာဇဝတ်မှု အဖြစ် တရားရုံး စာရွက်စာတမ်းတွေကို နာမည်ပေး ထားပါတယ်။

သူ့ကို စုံစမ်းစစ်ဆေးမှုက ပြည်သူ့ပါတီက နိုင်ငံရေးသမားတွေ အပေါ် စီးပွားရေးစာချုပ်တွေ အတွက် ပေးချေရမှု ကွန်ရက်ကို ဖော်ထုတ်ခဲ့လို့ စပိန်ပြည်သူတွေအတွက် စီးပွားရေးကျပ်တည်းမှုဖြစ်နေချိန်မှာ အစိုးရအပေါ် ယုံကြည်စိတ်ချနိုင်စွမ်းကိုလည်း ပျက်စီးစေခဲ့ပါတယ်။

စစ်တမ်းတွေအရ အဂတိလိုက်စားမှုဟာ စပိန်နိုင်ငံတွင်း အလုပ်လက်မဲ့ပြဿ နာပြီးရင် ဒုတိယအကြီးဆုံး ရွေးကောက်ပွဲဆိုင်ရာ စိုးရိမ်မှုပါ။

လက်ရှိ အဓိက နိုင်ငံရေးပါတီ ၂ ရပ်အပေါ် အမြင်မကြည်မှုတွေကြောင့် လက်ဝဲယိမ်း ပါတီသစ် ပိုဒေမို့စ်ကို အားပေးမှုတွေ တိုးလာနေပါတယ်။

DVB

No comments:

Post a Comment

My Blog List