Monday, November 24, 2014

အိန္ဒိယနှင့် ပါကစ္စတန်အကြား တင်းမာမှု ထိပ်သီး အစည်းအဝေးကို ထိခိုက်စေနိုင်



အိန္ဒိယ၀န်ကြီးချုပ်သစ်သည် ယခုသီတင်းပတ်အတွင်း ကျင်းပရန်စီစဉ်ထားသည့် ၎င်းပထမဆုံး တက်ရောက်ရမည့် တောင်အာရှ ထိပ်သီးအစည်းအဝေး၌ တရုတ်၏ လွှမ်းမိုးမှုကို အန်တုလျက် ပိုမိုခိုင်မာသည့် ဒေသတွင်း ပေါင်းစည်းမှု တစ်ရပ် ဖော်ဆောင်သွားမည် ဖြစ်သော်လည်း ပါကစ္စတန်နှင့် တင်းမာမှုများ ရှိနေခြင်းကြောင့် ထင်သလောက် ခရီး မပေါက်နိုင်ဟု နိုင်ငံရေး စောင့်ကြည့်လေ့ လာနေသူများက သုံးသပ်ကြသည်။ 
ကတ်ရှ်မီးယား ဒေသတွင်း နယ်စပ်ရေးရာ ပဋိပက္ခများ ဆယ်စုနှစ် တစ်ခုကြာ ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေသည့် နောက်ဆုံး သုံးနှစ်တာအတွင်း တောင်အာရှ၏ ပထမဆုံး ထိပ်သီးအစည်းအဝေး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ နေတိုး ဦးဆောင်သည့် တပ်ဖွဲ့များက အာဖဂန်နစ္စတန်မှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ၎င်းတို့အကြား တင်းမာမှုကလည်း မြင့်တက်နေခြင်း ဖြစ်သည်။ 

ယခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီးနောက် ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက တောင်အာရှဒေသအတွင်း အတူပူးပေါင်းဆောင်ရွက်ရေး အသင်း (SAARC) အား အသစ်တစ်ဖန် ပြန်လည် နိုးကြားလာစေရန် ရည်ရွယ်လျက် အိမ်နီးချင်းနိုင်ငံများကို ဆွဲဆောင်လိုက်သည်။

အတိတ်ကာလက စိတ်ပျက်စရာ လုပ်ဆောင်ချက်များကြောင့် ဂုဏ်သိက္ခာကျဆင်းနေသည့် SAARC ၏ အနာဂါတ်အတွက် မိုဒီက ရဲရင့်စွာ မျှော်လင့်ချက်တစ်ခုကို မီးစာထိုးပေးလိုက်သည်ဟု ၀ါရှင်တန်အခြေစိုက် Brookings အင်စတီကျုက ဆိုသည်။ 

သို့ရာတွင် အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်ဒေသတွင် မကြာသေးမီ သီတင်းပတ်များအတွင်းက ဖြစ်ပွားခဲ့သည့် စစ်ပွဲငယ်များကြောင့် ထိပ်သီးအစည်းအဝေး၏ မျှော်လင့်ချက်များမှာ မှိန်ဖျော့လာသည်ဟု အဆိုပါ အင်စတီကျုမှ မှတ်ချက်ပြုသည်။

အခြား SAARC ၏ ခေါင်းဆောင်များ အားလုံးနှင့်အတူ မိုဒီသည် အစ္စလာမာဘတ် အစိုးရနှင့် ဆက်ဆံရေး ပျော့ပျောင်းလာစေရန် ရည်ရွယ်လျက် ၀န်ကြီးချုပ်ရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုစဉ်က ဆန့်ကျင်မှုများ ပြုခဲ့သည့် နာဝပ်ရှာရစ်ဖ် ကိုပါ ဖိတ်ကြားခဲ့သည်။ 

သို့သော်လည်း ပြီးခဲ့သည့် လအနည်းငယ်အတွင်းက နယူးဒေလီရှိ အစ္စလာမာဘတ် သံအမတ်သည် ကတ်ရှ်မီးယား ခွဲထွက်ရေး သူပုန်များနှင့် တွေ့ဆုံခဲ့၍ အိန္ဒိယဘက်မှ ပါကစ္စတန်နှင့် ခေါင်းဆောင်ပိုင်းတွေ့ဆုံပွဲကို ပယ်ဖျက်လိုက်ပြီးနောက်တွင် ပြန်လည်သင့်မြတ်ရေးမျှော်လင့်ချက်များအပေါ် ရိုက်ခတ်လာသည်။

ထို့နောက်တွင် ပါကစ္စတန်နှင့် အိန္ဒိယ နယ်စပ်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုထားသည့် ဆယ်နှစ်တာအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုများက ယင်း ဟိမ၀န္တာဒေသတစ်ဝိုက်၌ ပြန်လည် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွားစေသည့် အကြောင်းရင်းမှာ နှစ်ဘက်စလုံးရှိ အရပ်သားများ သေဆုံးစေခဲ့၍ဟု အပြန်အလှန် အပြစ်တင်ကြရာမှ ဖြစ်သည်။ 

အမျိုးသားရေး လက်ယာယိမ်းသည့် အိန္ဒိယအစိုးရသစ်သည် ယခင်အစိုးရ ချမှတ်ခဲ့သည် မူဝါဒများထက် ပိုမိုပြင်းထန်သည့် မူဝါဒများကို ပါကစ္စတန်အပေါ် ချမှတ်ကျင်သုံးလာခဲ့သည်။ “အချိန်တွေ ပြောင်းလဲခဲ့ပေမယ့် သူတို့ရဲ့ အကျင့်ဟောင်းတွေကတော့ သည်းခံလို့ မရနိုင်ပါဘူး” ဟု အစ္စလာမာဘတ်အစိုးရကို နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအပြီးတွင် မိန့်ခွန်းတစ်ရပ်ဖြင့် မိုဒီက သတိပေးသည်။ 

ပါကစ္စတန်အပေါ် ထားရှိသည့် ၎င်း၏ ရန်လိုသော ရပ်တည်မှုက အိန္ဒိယအား အခြား အိမ်နီးချင်းနိုင်ငံငယ်များအပေါ် သြဇာလွှမ်းမိုးမှု လျော့ဆင်းစေခဲ့သည်။ ယင်းနိုင်ငံငယ်များအပေါ် မျက်ကွယ်ပြုထားခြင်းက သမိုင်းအစဉ်အဆက်သြဇာရှိပြီးသား ဒေသများကို ပြိုင်ဘက်ဖြစ်သည့် တရုတ်တို့က ထိုးဖောက်လာနိုင်စေခဲ့သည်ဟု အစိုးရသစ်က မှတ်ချက်ပြုသည်။ 

ဘေကျင်းသည် ပါကစ္စတန်နှင့် နီးကပ်သည့် နိုင်ငံရေးမဟာမိတ်ဖြစ်ရန် ရှေ့တိုးဖော်ဆောင်နေစဉ် မော်လ်ဒိုက်၊ နီပေါ၊ သီရိလင်္ကာအပါအ၀င် တောင်အာရှနိုင်ငံများနှင့် တွဲဖက်လုပ်ဆောင်မှုလည်း ပိုရှိလာနေသည်။ အချို့က ရည်ရွယ်ချက်ရှိရှိဖြင့် အိန္ဒိယကို ၀န်းရံလာသော မဟာဗျူဟာဟုပင် မြင်ကြသည်။ 
မိုဒီ၏ ဘူတန်နှင့် နီပေါ ခရီးစဉ်များက ပိုမိုခိုင်မာပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အခြေခံအုတ်မြစ် ဖြစ်သည်ဟု Brookings အင်စတီကျုက ဆိုသည်။

သို့ရာတွင် အဖွဲ့ဝင် ၈ နိုင်ငံ ပါဝင်သည့် SAARC အောင်မြင်ရေးမှာ နယူးဒေလီနှင့် အစ္စလာမာဘတ်အစိုးရနှစ်ရပ် ပူးပေါင်းမှသာ ဖြစ်မည်ဟု ပညာရှင်များက တညီတညွတ်တည်း လက်ခံကြသည်။ SARRC သည် လာမည့် ၂၀၁၅ တွင် နှစ် ၃၀ ပြည့်မြောက်မည် ဖြစ်သော်လည်း ယင်း၏ ကြိုးပမ်းဆောင်ရွက်ချက်များမှာ ပြသရန် နည်းပါးနေသေးသည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် လွတ်လပ်ရေးအကြိုကာလ ၁၉၄၇ ခုနှစ်မှစ၍ ၃ ကြိမ် စစ်ဖြစ်ခဲ့ကာ နှစ်ကြိမ်မှာ ကတ်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ နှစ်နိုင်ငံစလုံး၏ တပ်မတော်များတွင် နျူကလီးယား လက်နက်များ တပ်ဆင်ထားပြီး ဖြစ်သည်။
၂၀၀၈ ခုနှစ်က ပါကစ္စတန်အခြေစိုက် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ မွမ်ဘိုင်း (ဘုံဘေ) မြို့တွင် လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့ပြီး မ၀ံ့မရဲ အဆင့်သာ ရှိသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြီးမားစွာလှုပ်ခတ်စေခဲ့ပြီး အပြန်အလှန် သံသယများ တိုးပွားစေခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ရှာရစ်ဖ်သည် ထိပ်သီးအစည်းအဝေး၌ အိန္ဒိဘက်မှ လက်နက်ကိုင် အစောင့်ရှောက်ပါ ယာဉ်တန်းများကို အသုံးပြုစီးနင်းရန် ငြင်းဆိုခဲ့ကြောင်း ယခုတစ်ပတ် သတင်းများ၌ ဖော်ပြထားသော်လည်း အစ္စလာမာဘတ် အစိုးရက အတည်မပြုသေးပေ။

၎င်းတို့အကြား တင်းမာမှုများကို လျှော့ချရေးမှာ တာလီဘန်စစ်သွေးကြွများကို ၁၀ နှစ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် နိုင်ငံတကာ သဘောတူ တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ထွက်ခွာမည့် အရေးကြောင့်လည်း ရှုပ်ထွေးနေရသည်။ အိန္ဒိယသည် အာဖဂန်နစ္စတန်၌ ဒေသတွင်း အကြီးများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ယခင် အာဖဂန် သမ္မတဟောင်း ဟာမစ်ကာဇိုင်လက်ထပ်ကလည်း နီးကပ်သည့် မဟာမိတ်နိုင်ငံဖြစ်နေသည်။

ဝန်ကြီးချုပ်မိုဒီသည် အာဖဂန်နစ္စတန်သမ္မတသစ် အာရှပ်ဖ်ဂန်နီနှင့် ဆွေးနွေးရာတွင် အိန္ဒိယ၏ ပါဝင်ပတ်သက်နိုင်မှု တိုးတက်ရေး ဆွေးနွေးသွားမည် ဖြစ်ကာ ပါကစ္စတန်တို့ကမူ အာဖဂန်ကို နောက်ဖေးအိမ်အဖြစ်သာ မြင်ထားသည်။
အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မော်လ်ဒိုက်၊ ပါကစ္စတန်နှင့် သီရီလင်္ကာတို့ ဖွဲ့စည်းထားသည့် SAARC ၏ ထိပ်သီးအစည်းအဝေးအား မည်သည့် အစီအစဉ်ဖြင့် ကျင်းပမည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

နီပေါ နိုင်ငံခြားရေးဝန်ကြီးဌာက နီပေါနိုင်ငံအနေဖြင့် ဆင်းရဲမှုလျှော့ချရေး၊ ပြည်သူ့ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေးများကို ဆွေးနွေးသွားမည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်ထားသည်။ 

အဆိုပါ ထိပ်သီးအစည်းအဝေးတွင် အကြောင်းအရာ ၃ ခုကို သဘောတူညီမှုရရန် ဆွေးနွေးသွားမည် ဖြစ်ပြီး ယင်းတို့အနက် အကြောင်းအရာ နှစ်ရပ်မှာ ဒေသတွင်း မီးရထားလမ်း၊ ကားလမ်းများ ဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လျှပ်စစ်ဓာတ်အား ချို့တဲ့သည့် နိုင်ငံများကို ဓာတ်အား လွယ်လင့်တကူ ၀ယ်ယူခွင့်ရရေးတို့ဖြစ်သည်။ တောင်အာရှဒေသတွင် အကြမ်းဖက်ဌာနသစ် ဖွင့်လှစ် အခြေချ၍ တိုက်ခိုက်မှုများ လုပ်သွားမည်ဟု အယ်လ်ကိုင်ဒါတို့က ကြေညာခဲ့ရာ ဒေသတွင်း လုံခြုံရေးကိုလည်း အလေးပေး ဆွေးနွေးသွားဖွယ်ရှိသည်။

သို့ရာတွင် ကတ်ရှ်မီးယား ဒေသန္တရ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မိုဒီက ပါကစ္စတန်အပေါ် သဘောထားတင်းမာနေခြင်းနှင့် အိန္ဒိယ ပြည်နယ်နှစ်ခုတွင် ရွေးကောက်ပွဲများ ကျင်းပတော့မည်၍ ပြည်တွင်း နိုင်ငံရေး ကိစ္စရပ်များကို ဦးစားပေးဆွေးနွေးသွားနိုင်မည်ဟု သုံးသပ်မှုများရှိနေသည်။

“အခုချိန်မှာ ထိပ်သီးအစည်းအဝေးရဲ့ ရည်ရွယ်ချက်က ခိုင်ခိုင်မာမာ ဖြစ်သင့်ပြီ” ဟု အိန္ဒိယအစိုးရက ထုတ်ပြန်ထားသည့် ထိပ်သီးအစည်းအဝေးတွင် အတည်ပြုမည့် သဘောတူညီမှု သုံးရပ်ကို ရည်ညွှန်းလျက် နယူးဒေလီ အခြေစိုက် နိုင်ငံရေး သုံးသပ်လေ့လာသူ ကေဂျီဆာရပ်ရှ်က ပြောကြားသည်။

“ထိပ်သီးအစည်းအဝေးဟာ အိန္ဒိယနဲ့ ပါကစ္စတန် ခေါင်းဆောင်တွေကြားက အဖြစ်အပျက်တွေရဲ့ လောင်းရိပ်မိမှာတော့ စိုးတယ်၊ ဒီခေါင်းဆောင်နှစ်ယောက် ရဲ့ တွေ့ဆုံမှုက SAARC အတွက် အရေးပါနေတယ်” ဟု ၎င်းက သုံးသပ်ပြော ကြားသည်။

ကျော်လင်းထွန်း
Ref; AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List