Wednesday, November 26, 2014

အိန္ဒိယ ကက်ရှ်မီးယား ပြည်နယ် ဆန္ဒခံယူပွဲ များတွင် အာဏာရပါတီ ဦးဆောင်နေ


အငြင်းပွားမှုများနှင့် တင်းမာသော အခြေအနေများရှိနေသည့် အိန္ဒိယနိုင်ငံ ကက်ရှ်မီးယား ပြည်နယ်တွင် လူထု ဆန္ဒခံယူပွဲများကို နိုဝင်ဘာ ၂၅ ရက်က လုံခြုံရေး တင်းကျပ်စွာဖြင့် စတင်ကျင်းပခဲ့ရာ ၀န်ကြီးချုပ် နာရင်ဒါ မိုဒီ၏ ဟိန္ဒူ အမျိုးသား ပါတီသည် မူဆလင်ဘာသာဝင် အများဆုံး နေထိုင်သည့် အဆိုပါ ပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် အနိုင်ရမည့် အခြေအနေရှိနေသည်ဟု သိရသည်။

ယခင်ကာလများက အိန္ဒိယ နှင့် ပါကစ္စတန် အိမ်နီးချင်း နှစ်နိုင်ငံတို့သည် ပြည်နယ်အရေး အတွက် စစ်ပွဲနှစ်ကြိမ်ထိ ဖြစ်ပွားထားခဲ့ရာ ယင်းဒေသသည် အငြင်းပွားမှုများဖြင့် ပိုင်းခြားထားသော ဒေသလည်း ဖြစ်သည်။ 

အစဉ်အလာအားဖြင့် အဆိုပါ ပြည်နယ်တွင် ယခင်က အာဏာရယူ ထိန်းချုပ်ခဲ့ခြင်း မရှိခဲ့သည့် ၀န်ကြီးချုပ် မိုဒီ၏ ဘီဂျေပီ ပါတီသည် ယခုအခါ အဖွဲ့ဝင် ၈၇ ဦးပါ ပြည်နယ်၏ လွှတ်တော် အဖွဲ့အစည်းကို ထိန်းချုပ်နိုင်ရန် စတင်ကြိုးပမ်း နေပြီ ဖြစ်သည်။

သို့ရာတွင် ယင်းပြည်နယ်ရှိ ဒေသခံများသည် နိုင်ငံရှိ ဥပဒေများနှင့် ပတ်သက်၍ ပြင်းထန်စွာ ဆန့်ကျင်ကန့် ကွက်မှုများပြုလုပ် ထားခဲ့ပြီး ပြည်နယ် ရှိ သူပုန် အုပ်စုအများအပြား သည်လည်း ပါကစ္စတန်နိုင်ငံနှင့် ၎င်းတို့၏ ပြည်နယ် ပေါင်းစည်းရေး သို့မဟုတ် ပြည်နယ် လွတ်လပ်ရေးရရေးအတွက် ၁၉၈၉ ခုနှစ် နောက်ပိုင်း အစိုးရတပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့ကြသည်။ လူထောင်ပေါင်း များစွာ သည်လည်း ယင်းပဋိပက္ခ တိုက်ပွဲများတွင် သေဆုံးခဲ့ကြရသည်။

သို့ရာတွင် စက်တင်ဘာလက လူသေဆုံးစေခဲ့သော ရေကြီးမှုဖြစ်စဉ်နောက်ပိုင်း လက်ရှိ ပြည်နယ် ၀န်ကြီး ချုပ် အိုမာ အက်ဘ်ဒူလာ အား ထောက်ခံမှုများ ကျဆင်းလာခဲ့ခြင်းကြောင့် ပြီးခဲ့သည့် မေလက နိုင်ငံ ရွေးကောက်ပွဲများတွင် အပြတ်အသတ်အနိုင်ရရှိထားခဲ့သော မိုဒီ၏ ပါတီက ယင်းပြည်နယ်မဲပေးပွဲများတွင် အောင်ပွဲခံနိုင်ရန် မျှော်လင့်လာနိုင်ခဲ့သည်။

ယခုကဲ့သို့ ကက်ရှ်မီးယား ဒေသ ဆန္ဒခံယူပွဲများတွင် မိုဒီ၏ ဘီဂျေပီပါတီကို အသာရရှိနိုင်မည့်အခြေအနေ တစ်ရပ်တွင် နိုင်ငံရှိ ခွဲထွက်ရေး ၀ါဒီများက ယခုမဲပေးမှုများကို ကန့်ကွက် သပိတ်မှောက်သွားရန် တောင်းဆိုထားကြသည်။ အကယ်၍ ယခုမဲပေးပွဲများတွင် လူများစုဖြစ်သော မူဆလင်ဘာသာဝင်တို့က ကန့်ကွက်သည့်အနေဖြင့် မဲမပေးပဲ နေအိမ်များတွင်သာ ရှိနေကြပါက လူနည်းစု ဟိန္ဒူဘာသာဝင်တို့၏ မဲများသည် ပိုမို အရေးကြီးလာမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List