Tuesday, November 25, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဓိက ဘယ်သူ့မှာ တာဝန်ရှိနေတာလဲ


၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မနက်ပိုင်း VOA နဲ့ သမ္မတကြီးဦးသိန်းစိန် အင်တာဗျူးထုတ် လွှင့်မှုကို အင်တာနက်မှာ ဖတ်လိုက်ရတယ်။ ရှေ့ရက်ပိုင်း အစော သူရဦးရွှေမန်းနဲ့ မီဒီယာတွေ တွေ့ဆုံရာမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး သမ္မတ နဲ့ကာ ကွယ်ရေးဦးစီးချုပ်တို့မှာ တာဝန်ရှိသလိုပြော သွားတာလဲ သတင်းတွေမှာ ဖတ်လိုက်ရပြန်တယ်။

နောက်တစ် ခါ ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်ပေါ်မှာမူတည်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ဆက်လက်ဆောင်ရွက် သွားမယ့်ပုံဖြေတာ ကိုလည်း သတိထားမိပြန်တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြီးရဲ့ အဲဒီလို ၂ဝ၁၅ ရွေးကောက်ပွဲရလဒ်အပေါ် မူ တည်တယ်ဆိုတဲ့ ဖြေကြားမှုအပေါ် '၈၈' ဦးကိုကိုကြီးက ဘဝင်သိပ်မကျဘူး လို့ ဝေဖန်လိုက်တာကိုလည်း RFA သတင်းမှာ နားထောင်လိုက်ရသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မီဒီယာတွေက မေးမြန်း ရာမှာ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ် သက်ပြီး ၂ဝ၁၅ အလွန်ကျမှ ဆောင်ရွက်နိုင် မယ်လို့ ဆိုတဲ့အပေါ် Process (နည်းစဉ်) အရ မှန်ကန်တယ်၊ ဒီလိုပဲဖြစ်သင့်တယ်လို့လည်း ပြန်ဖြေတာကို စာစောင်တွေထဲမှာဖတ်လိုက်ရတော့ မြန်မာ့နိုင်ငံရေး ဦးတည် ချက်က ဖြောင့်ဖြောင့်တန်းတန်းတောင် မရှိပါလားလို့ အောက် မေ့မိလိုက်တယ်။ 

ကျွန်တော်တို့နားလည်ထားတာက ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးကို NLD က တွန်းအားပေးတယ်လို့ သိထားတယ်ဗျာ။ လူထုပညာပေးဟောပြောပွဲတွေ အကြီး အကျယ်လုပ်ပြီး ၂ဝ၁၅ မတိုင်ခင် ပုဒ်မ-၄၃၆၊ ပုဒ်မ- ၅၉ (စ)ကို ပြင်ဆင်ဖို့ အပြင်းအထန်ဆောင် ရွက်နေ တယ်လို့လည်း မှတ်သားထားမိတယ်။ 

အခုပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ၂ဝ၁၅ လွန်မှပဲ ဖြစ်တော့မယ်လို့ ပြော ပြီး နောက်ပိုင်းကျမှ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် က ''ဒီလိုပဲဖြစ်ရမှာပေါ့၊ ဒီလိုပဲဖြစ်သင့်ရမှာပေါ့'' လို့ ချက်ချင်း လေသံပြောင်းသွားရတာလဲ။ 'မူဝါဒ' ကို အခြေ ခံတာမှဟုတ်ရဲ့လား၊ 'လူပုဂ္ဂိုလ်' အပေါ်အခြေခံနေကြပြီ လားဆိုတာအပေါ် အတော်ကလေး ဝေဝါးသွားရတယ်။ လက်မှတ် ငါးသန်း အတွက် ကျွန်တော်တို့ လက်မှတ်ထိုး လိုက်ကြရတာ အမောပဲ။

သမ္မတနဲ့ ဦးစီးချုပ်မှာ တာဝန်ရှိသလား 
******************************************
၂ဝ၁၃ တစ်နှစ်လုံး အစိုးရနှင့် လွှတ်တော်ထိပ်တိုက် တွေ့ခဲ့ကြတာ အားလုံးအသိပါ။ လွှတ်တော်က သမ္မတ ထံကို ဥပဒေပြုတင်တယ်။ သမ္မတက သဘောတူတာတွေ ရှိသလို၊ သဘောမတူတာတွေလည်း ရှိခဲ့တယ်။ သမ္မတ ဘက်က ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဥပဒေရှုထောင့် က ထောက်ပြခဲ့ပြီး လွှတ်တော်ဘက် ကို ပြန်ပြီးအကြံပြု ပေးတတ်တယ်။ လွှတ်တော်ဘက်က လက်မခံဘဲ အချို့ ဟာတွေမှာ ပြန်လည်ညှိနှိုင်း တင်ပြတာတွေတောင်မရှိ အတည်ပြုလိုက်တာတွေ ရှိလာတယ်။ သမ္မတအနေနဲ့ ဘာမှမတတ်နိုင်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဓိက အားနည်းချက်က- 

• သမ္မတကို Veto ပေးမထားဘူး၊
• ကိုယ်စားလှယ်တွေကို ပြည်သူတွေက ပြန်ပြီးရုပ် သိမ်းနိုင်ခွင့်ပေးထားပေမယ့် လွှတ်တော်က အဲဒါကို အသက်မသွင်းတော့ဘူး။

အဲဒီတော့ အစိုးရနဲ့လွှတ်တော်ကြားမှာ ပြန်လှန် ထိန်းညှိနှိုင်းမှု ပျက်ပြားသွားတယ်။ အဲဒီအချက်အပေါ် ဒီမိုကရေစီကိုသွားနေပါတယ်လို့ ကြွေးကြော်ထားတဲ့ NLD ကလည်း တုတ်တုတ်မလှုပ်ခဲ့ဘူး။ အဲဒီမှာ သမ္မတ အပေါ် လွှတ်တော်က လွှမ်းမိုးဖို့ဖြစ်လာတော့တယ်။ 

အဲဒီဟန်ချက်ပျက်ယွင်းမှုတွေအတွက် ရလဒ်ကတော့ တပ်မတော်ဘက်ကနေ မဏ္ဍိုင်ကြီးသုံးရပ်ကြား ဟန်ချက် ပျက်ခဲ့ရင်၊ ဒါမှမဟုတ် လွှတ်တော် ကိုယ်စားလှယ် သုံးပုံ တစ်ပုံပျက်ကွက်ခဲ့ရင် လွှတ်တော်ကို ဖျက်သိမ်းနိုင်ဖို့ ကာ/လုံက သမ္မတကို အကြံဥာဏ်ပေးနိုင်တယ်ဆိုတဲ့ ဥပဒေကို တင်လိုက်တာပဲ။
နိုင်ငံရေးကိုမြင်တဲ့ ဆရာတစ်ဦးက အဲဒီလို ဖြစ်နိုင် တာကို အရေးကြီး ထောက်ပြထားတာ ဖတ်လိုက်ရဖူး တယ်။ အဲဒီတုန်းက မဖြစ်တန်ကောင်းပါဘူးလို့ပဲ ကိုယ်တိုင် ထင်ခဲ့ပါတယ်။ အခုအဲဒီအခြေအနေကို တွန်းပို့မှန်းမသိ တွန်းပို့ကြပြီလို့ ယူဆစရာတွေ တွေ့လာရပါပြီ။

အဲဒီတော့ပြောရရင် သမ္မတ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ လွှတ်တော်အနေနဲ့ ဥပဒေပြင်ဆင် ရေးတွေကို လွှတ်တော်အတွင်းက ဆောင်ရွက်နိုင်ရဲ့ သားနဲ့၊ အကြိမ်များစွာလည်း ဆောင်ရွက်ခဲ့ပြီးပါရက်နဲ့ အခုကျမှဘာဖြစ်လို့ သမ္မတနဲ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ဘက်ကို ပုံချလိုက်ရတာလဲ။ အဲဒီလို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ဖြေကြားချက်ကြောင့် နိုင်ငံရေးကို အသေအချာမသိရှာသေးတဲ့ ပြည်သူတွေနဲ့ နိုင်ငံတကာက သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်အပေါ်လည်း အထင်မှား အမြင်မှားဖြစ်လာနိုင်တယ်။

ဥပဒေပြင်တာ လွှတ်တော်ရဲ့အလုပ် 
**************************************
အစိုးရဆိုတာ အုပ်ချုပ်ရေးယန္တရားပါ။ လွှတ်တော် ဆိုတာ ဥပဒေ/ နည်းဥပဒေတွေကို ပြင်ဆင်အတည်ပြု ပေးရမယ့်အလုပ်ကို လုပ်ရတဲ့ယန္တရား ဖြစ်ပါတယ်။ ဥပဒေ ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် လွှတ်တော်မှာပဲ အဓိကတာဝန် ရှိနေတာ တစ်ကမ္ဘာလုံး၊ တစ်လောကလုံးသိထားကြပြီးဖြစ် တယ်။ အဲဒီတော့ အုပ်ချုပ်ရေး မဏ္ဍိုင်ဖြစ်တဲ့ အစိုးရနဲ့ ကာကွယ်ရေးကို အဓိကလုပ်တဲ့ တပ်မတော်အပေါ် ပုံ မချသင့်ဘူးလို့ ဆိုရပါ လိမ့်မယ်။ သမ္မတမှာ Veto မရှိဘူး။ လွှတ်တော်က အဲဒီ Veto ကို ပေးမထားဘူး။

ပြီးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို လွှတ်တော် ကပဲ စွပ်စွဲပြစ်တင်ဖို့ လုပ်ခဲ့တာ မှတ်မိကြဦးမှာပေါ့။ ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးကို နှစ်ဖက်အဆုံး အဖြတ်ခံ ကြတယ်။ အဆုံးအဖြတ်ခံပြီဆိုကတည်းက အဆုံး အဖြတ်ကို လိုက်နာကြဖို့ပဲလိုတယ်။ တကယ်လက်တွေ့မှာ လွှတ် တော်က မလိုက်နာခဲ့ဘူး။ ကိုယ်နဲ့ဆန့် ကျင်တဲ့ အဆုံး အဖြတ်ဖြစ်လို့ ခုံရုံးကိုတောင် စွပ်စွဲပြစ်တင်လိုက်ခဲ့သေး တယ်။ မြန်မာ့သမိုင်းမှာ ဖျက်မရ တဲ့အမည်းစက်ကြီးပါ။ ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁၃ရက်နေ့မှာ ရွေးကောက် ပွဲဆိုင်ရာ နည်းစနစ်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အကြံဥာဏ်တောင်းမှုကို သူရဦးရွှေမန်းက ဆောင်ရွက်ခဲ့တယ်။ 

အင်မတန်အရေးကြီးတဲ့ အဆုံး အဖြတ် (အကြံဥာဏ်တောင်းမှု)ဟာ တစ်ရက်တည်းမှာ ပဲပြန်ကျလာတယ်။ ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁၄ရက် လွှတ်တော်မှာ ဥက္ကဋ္ဌ က FPTP ကို အတည်ပြုလိုက်တယ်။ အဲဒီဖြစ်ရပ် အပေါ်မှာလည်း အတော်ဂယက်ထသွား ခဲ့သေးတယ်။ 

လွှတ်တော်ကိုယ်စားလှယ်တွေမသိလိုက်ဘူး။ နည်းလမ်းတကျ မလုပ်ဆောင်ခဲ့ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့ အဆုံးအဖြတ်လား၊ လုပ်ထုံးလုပ် နည်းနဲ့အညီ လုပ်ခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးရေး လုပ်ဖို့ ကောင်းတယ်။ သေချာတာကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ မသိလိုက်တဲ့အတွက် အများကြီး လွဲချော်နေတယ်ဆိုတာတော့ ထင်ရှားနေပြီ။ လွှတ်တော် ကိုယ်စားလှယ်တွေဆိုတာ ပြည်သူတွေရဲ့ကိုယ် စားပါ။ အဲဒီအချက်ကလည်း အတော်လေးရုပ်ဆိုးစေပါတယ်။ 

ဒါကြောင့်သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြန်ပြီးစစ် ဆေးသင့်တယ်။ ယုတ္တိမတန်တာတစ်ခုကို ထောက်ပြ ချင်သေးတယ်။ ဖြစ်သင့်တာက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ အကြံဥာဏ်၊ ဒါမှမဟုတ်အဆုံး အဖြတ်ကို အစောကြီးကတည်းက လိုအပ်တယ်လို့ယူဆရင် ရယူထားသင့်တယ်။ ရွေးကောက်ပွဲဆိုင်ရာ စနစ်ကို လေ့လာသုံးသပ်ရေးကော်မတီဖွဲ့၊ အချိန် ကုန်လူပန်းဖြစ်ပြီးမှ ဏျွ စနစ်က ဖွဲ့စည်းပုံနဲ့ မကိုက်ညီ ပါဘူးဆိုပြီး တစ်ချက်လွှတ်အမိန့်ချမှတ်လိုက်တာကတော့ တစ်စုံတစ်ရာထက်မက မှားယွင်းနေပြီဆိုတာ ထင်းထင်း ကြီးပေါ်လွင်သွားတယ်။ ပြီးတော့ အာဆီယံအစည်း အဝေးနဲ့ အစိုးရကအလုပ်ရှုပ်နေတဲ့အချိန် အမေရိကန် သမ္မတ အိုဘားမားရှိနေတဲ့အချိန်မှာမှ အဲဒီအဆုံးအဖြတ်မျိုးကို လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ချမှတ်လိုက် တာကလည်း တိုက်ဆိုင်မှုထက် အများကြီးပိုသွားတယ် လို့ယူဆရတယ်။

အဲဒီလိုဥပဒေပိုင်းဆိုင်ရာ အဆုံးအဖြတ်တွေကို လွှတ်တော်ကြီးအနေနဲ့ ကိုယ့်စိတ်ကြိုက်လုပ်နေကိုင်နေ နိုင်ရဲ့သားနဲ့ ဘာဖြစ်လို့ အစိုးရနဲ့ တပ်မတော်အပေါ် လက်ညှိုးထိုးချင်ရတာပါလဲ။ အတော်စဉ်းစားဖို့ကောင်း လာတဲ့ကိစ္စဖြစ်ပါတယ်။

ဒါကြောင့်တပ်မတော် ၂၅ရာခိုင်နှုန်း မလျှော့သင့် သေးဘူးလို့ပြောသူတွေက ပြောလာကြတာနေမှာ။

မဏ္ဍိုင်သုံးရပ် ဟန်ချက်ပျက်နေတာကတော့သေချာ နေပြီ။ မယုံရင် ..နိုင်ငံတကာကို ခေါ်ပြီးတော့ သုတေ သနလုပ်ခိုင်းကြည့်၊ ပထမတော့ မဏ္ဍိုင်သုံးရပ် ဒီမိုကရေစီ အလေ့အကျင့်မရသေးလို့လားဆိုပြီး အကြောင်းပြနိုင် ပေမယ့် အတော်များများလုပ်ရပ်တွေက အလေ့အကျင့်နဲ့ မဆိုင်တော့ဘူးဆိုတဲ့ အချက်တွေကို တွေ့လာရတယ်။

လွှတ်တော်ထဲမှာ တပ်မတော် ၂၅ရာခိုင်နှုန်းပါ နေတာကို တဖြည်းဖြည်းချင်း လျှော့သွားမယ်လို့ တပ်မ တော်ဘက်ကပြောထားပြီးပြီ။ ဘယ်အချိန်မှာ လျော့မလဲ ဆိုတာ မဏ္ဍိုင်သုံးရပ် ဘယ်အချိန်မှာ မှန်မှန်ကန်ကန် ထိန်းညှိပြီး ကျင့်သုံးနိုင်မလဲဆိုတာအပေါ်မှာပဲ မူတည် နေတယ်။ 

အခုလိုဟန်ချက်ပျက်နေတဲ့အချိန်မျိုးမှာတော့ တပ်၂၅ရာခိုင်နှုန်းကို မလျော့စေချင်ဘူး။ မြန်မာ့နိုင်ငံရေး ပျက်စီးသွားလိမ့်မယ်။ လောလောဆယ်တပ်၂၅ ရာခိုင် နှုန်းရဲ့ လွှတ်တော်တွင်းပါဝင်မှုကို သေသေချာချာ လေ့လာကြည့်ရင် တပ်မတော်ဟာ သူ့စည်းနဲ့ပဲသူနေတာ တွေ့ရတယ်။ ထိန်းညှိရုံသက်သက်ပဲနေတတ်သလိုနေရှာတာ တွေ့ရတယ်။ ဘာမှ သြဇာလွှမ်းမိုးတာ၊ ပါဝင်စွက် ဖက်တာ မတွေ့ရရှာဘူး။ အခုတော့ အရေးကပေါ်လာ ပြီ။ အရေးပေါ်လာတော့မှ သူတို့ရဲ့ကဏ္ဍကို သူတို့ထုတ် ပြကြတာ။

ပြောစရာရှိသေးတယ်။ ရိုက်တာသတင်းဌာနက ထုတ်လိုက်တဲ့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ အနာဂတ်ပူးပေါင်းမှု၊ အဲဒါကိုလည်း ဘယ်သူမှ ဖြေရှင်းချက်မပေးနိုင်ကြသေးဘူး။ ပွင့်လင်းမြင်သာမှုရှိ ရမယ်လို့ တဖွဖွပြောနေကြတဲ့သူတွေ ဘာကြောင့် ဒီ နေရာမှာ ပွင့်လင်းမြင်သာမှု မရှိကြရတော့တာလဲ။ 

ဒီမို ကရေစီရဲ့ ပွင့်လင်းမြင်သာမှုဆိုတာက သူများကို ထောက် ပြဖို့ပဲလား၊ ကိုယ်ပိုင်ကျင့်သုံးမှုမပါတော့ဘူးလား။ ဒါ ကြောင့် ရှေးလူကြီးတွေက ပြောခဲ့တာဖြစ်မယ်။ နောက် ဆုံးတော့ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲလို့ ရိုက်တာက ပြောခဲ့သလိုဆိုရင် မြန်မာ့သမိုင်းကြောင်း မကောင်းဘူး။တစ်စုံတစ်ရာတော့ ဆောင်ရွက်ကြသင့်ပြီလို့ မြင်တယ်။

အဲဒီဖြစ်စဉ်ကိုလေ့လာရင် ပါတီကြီးနှစ်ခု မှန်မှန်ကန်ကန် ပြိုင်ဆိုင်တာထက် အာဏာခွဲဝေယူရေးဖြစ်မနေဘူးလား။

နိဂုံးချုပ်ရေးရရင်တော့ မြန်မာ့နိုင်ငံရေးကို ပြန်ပြီး တည့်မတ်ဖို့လိုလိမ့်မယ်။ အခုဟာက ဦးတည်ရာမဲ့ ရမ်းချင်တိုင်းရမ်းနေသလိုပဲ။ မူဝါဒအပေါ် အခြေမခံကြ ဘဲ အာဏာရရှိရေးကို ရတတ်တဲ့ နည်းလမ်းက ဆောင် ရွက်နေကြသလိုပဲ။ 

အသားတစ်ရတဲ့ ကျီးကန်းကို ကျန် တဲ့ ကျီးကန်းတွေက ဝိုင်းပြီးထိုးဆိတ်နေကြတဲ့ မြင်ကွင်း ပဲ။ အဲဒီလိုသာဆိုရင်. . .ဘယ်ကျီးကန်းအသား တစ်ရရ၊ အသားတစ်ရတဲ့ ကျီးကန်းကို ကျန်တဲ့ ကျီးကန်း တွေက ထိုးဆိတ်ကြဦးမှာပဲ။
မြန်မာ့နိုင်ငံရေးက တကယ့်ကို ရင်မောစရာပါပဲလို့ ရေးရတော့မှာပဲ။ ၂ဝ၁၅ကို ဖြတ်ကျော်ဖို့ တစ်နှစ်ကျော် ကျော်ကျန်နေသေးတယ်။ ဒီပုံစံနဲ့သာဆိုရင် ဘယ်လိုတည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်ကြပါ့မလဲ။ အဲဒီလိုသာ ငါတကော ကောနေကြရင်ရော မြန်မာ့နိုင်ငံရေးယဉ်ကျေး မှုဘယ်လို ပုံရိပ်ကောင်းလာဦးမှာလဲ။

နိုင်ငံနဲ့သန်း ၅ဝ ကို ကြည့်ကြပါလို့ပဲ ပြောချင်တယ်၊ ကိုယ်ကျိုးစွန့်ကြပါလို့ပဲ ထပ်ပြောချင်တယ်။ ဟန်ချက်တွေသိပ်ပျက်လွန်းနေရင် ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ဖြစ်လာမယ်။ တပ်မတော် ကတော့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဟန်ချက်ပျက် လွန်းမှုကို ဒီအတိုင်းဆက်ကြည့်နေမှာ မဟုတ်ဘူးလို့ဘဲ မြင်တယ်ဗျာ. . . .။

#Demcoracytoday
Yangon Media Group

No comments:

Post a Comment

My Blog List