အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ် နိုဝင်ဘာ ၂၄ ရက်တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးအဖြစ် နှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီးသည့် အသက် ၆၈ နှစ်ရွယ် ဗီယက်နမ် စစ်ပြန်ဟောင်း ချက်ဟေဂယ်အနေဖြင့် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့မှ အစ္စလာမ္မစ်စစ်သွေးကြွ ပြဿနာ ကြောင့် ရှုပ်ထွေးမှုများ ကြုံတွေ့နေ ရပြီး ၎င်းအား အဆိုပါ တာဝန်များကို ထမ်းဆောင်စေတော့မည်မဟုတ်ဟု အိုဘားမားက ပြောကြားခဲ့သည်။
ချက်ဟေဂယ်ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသည့်အခမ်းအနားတွင် အိုဘားမားက "ချက်ဟေဂယ်ကို ကာကွယ်ရေး ဝန်ကြီးတာဝန် ထမ်းဆောင်ဖို့ ကျွန်တော်ကမ်းလှမ်းခဲ့တဲ့အချိန်က အာဖဂန်မှာ စစ်အင်အားတွေ လျှော့ချနေပြီး နောက်ထပ် လုပ်မယ့် စစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေပါတယ်။ရသမျှ ဘဏ္ဍာငွေနဲ့ ကျွန်တော်တို့ရဲ့ စစ်အင်အားကို ခိုင်မာတောင့် တင်းအောင် လုပ်ဆောင်နေရတဲ့ အချိန်ဖြစ်ပါတယ်" ဟု ပြောကြားသည်။
"လွန်ခဲ့တဲ့ လတုန်းက ချက်က ကျွန်တော့်ဆီကိုလာပြီး ကျွန်တော့်ရဲ့ သမ္မတသက်တမ်းကလည်း နောက်ဆုံးကာလကို ရောက်နေပြီ။ ရာထူး အပြောင်းအလဲနဲ့ ပတ်သက်လို့ သူ့အနေနဲ့ စီစဉ်မှုတွေ လုပ်ဆောင်ပြီးတဲ့အတွက် ဒီအချိန်ဟာ သူ့အနေနဲ့ တာဝန်က အနားယူဖို့ သင့်တော်တဲ့ အချိန်ဖြစ်ကြောင်း ပြောခဲ့ပါတယ်" ဟု အိုဘားမားက ပြောကြားသည်။
ယခုကဲ့သို့ တာဝန်မှ နုတ်ထွက်ခြင်းအပေါ် အိုဘားမားနှင့် ဟေဂယ်တို့ နှစ်ဦးစလုံး အပြန်အလှန်သဘောတူညီချက်ကြောင့် ဖြစ်ကြောင်း ၎င်းတို့ ကိုယ်တိုင် ပြောကြားခဲ့သော်လည်း ဟေဂယ်အနေဖြင့် ရာထူးမှ နုတ်ထွက်ရန် တွန်းအားပေးခံခဲ့ ရခြင်းဖြစ်ကြောင်း အစိုးရ အရာရှိအချို့က သုံးသပ်ခဲ့ပြီး ဟေဂယ်အနေဖြင့် အိုဘားမား၏ အစိုးရအပေါ် စိတ်ပျက်နေ ကြောင်း ပြောကြားသည်။
တာဝန်မှ နုတ်ထွက်ကြောင်းကြေညာသည့် အခမ်းအနားတွင် ဟေဂယ်က သမ္မတအိုဘားမားသည် ခင်မင်စရာကောင်းပြီး ခေါင်းဆောင် ပီသကြောင်း ၊စစ်တပ်နှင့် နိုင်ငံတော်ကို တည်ငြိမ်စေသည့် ခိုင်မာသောလမ်းကြောင်း တစ်ခုပေါ်သို့ ရောက် ရှိအောင် ဆောင်ရွက်နိုင် ခဲ့ကြောင်း ပြောကြားသည်။
ဟေဂယ်၏ နေရာတွင် အစားထိုးရန် ပင်တဂွန်စစ်ဌာနချုပ်က မရွေးချယ်ရသေးသော်လည်း ဆက်ခံနိုင်ဖွယ်ရှိသူ အလား အလာရှိသူ သုံးဦး၏ အမည်များအား သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။
အတိုက်အခံ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက အိုဘားမားအစိုးရအနေဖြင့် အစ္စလာမ္မစ်နိုင်ငံတော် သူပုန်များကို တိုက်ခိုက်ရာတွင် မဟာဗျူဟာ မရှိကြောင်း အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ဟေဂယ်ကို ထဲထဲဝင်ဝင် ပါဝင်ခွင့် မပြုခဲ့ကြောင်း ပြောကြား ခဲ့သည်။
ဟေဂယ်က အမေရိကန်အစိုးရ အနေဖြင့် ဆီးရီးယား ပြဿနာအပေါ် ချည်းကပ်ရာတွင် သမ္မတ ဘာရှာအယ်လ်အာဆတ် အပေါ် ပိုမိုပြတ်ပြတ် သားသား လုပ်ဆောင်သင့်ကြောင်း အိုဘားမားထံ စာဖြင့်တင်ပြခဲ့သည်ဟု ဟေဂယ်၏ လုပ်ဖော်ကိုင် ဖက်များက မကြာသေး မီက ပြောကြားခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment