Tuesday, November 25, 2014

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ လုပ်ရပ်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ရုရှားအထီးကျန် မဖြစ်နိုင်ဟု သမ္မတပူတင် ပြောကြား


ယူကရိန်း စစ်မက်ပဋိပက္ခ စတင်ဖြစ်ပေါ်ချိန်မှစ၍ အနောက်နိုင်ငံများသည် ရုရှားနှင့် ဆက်ဆံရေး အေးတိ အေးစက် ဖြစ်အောင် လုပ်ဆောင်ခဲ့သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြစ်တင်ဝေဖန်လိုက်ပြီး ရုရှားသည် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် အထီးကျန်နိုင်ငံ ဖြစ်လာ လိမ့်မည်မဟုတ်ဟု အသိပေးလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရုရှားနိုင်ငံပိုင် သတင်းဌာနတစ်ခု ဖြစ်သော TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတပူတင်က အနောက်နိုင်ငံများနှင့် ပတ်သက်၍ ယင်းသို့ ဝေဖန်ပြောဆိုခြင်း ဖြစ်ပြီး အနောက်နိုင်ငံများ၏ ဒဏ်ခတ် အရေးယူမှုများက ရုရှားစီးပွားရေးအပေါ် ဆိုးရွားသည့် အကျိုးသက်ရောက်မှု ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း ပြောဆိုသည်။ 

“ကျုပ်တို့နိုင်ငံကို သံမဏိ လိုက်ကာကြီးနဲ့ကာဖို့ ကြိုးစားနေတယ်ဆိုတာ ကျုပ်တို့သိတယ်။ အဲဒီလို အခြေအနေမျိုးထဲကို ကျုပ်တို့ ဘယ်တော့မှ ရောက်သွားမှာ မဟုတ်ပါဘူး။ ကျုပ်တို့ကို မည်သူ တစ်ဦး တစ်ယောက်ကမျှ တံတိုင်းကာလို့ ရမှာ မဟုတ်ဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး” ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ဦးတည်ချက်များနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (အီးယူ) တို့သည် စစ်အေးခေတ် ပြီးဆုံးသည့်အချိန် နောက်ပိုင်း ယူကရိန်း ပြဿနာကြောင့် ရုရှားနှင့် ဆက်ဆံရေး အဆိုးရွားဆုံး အနေအထားထဲသို့ ရောက်ရှိနေကြသည်။ 

ယူကရိန်းနိုင်ငံပိုင် ကရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံက ဝင်ရောက်သိမ်းပိုက်မှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အီးယူတို့က ရုရှားအစိုးရအပေါ် ဒဏ်ခတ်အရေးယူမှုများ သတ်မှတ်ပြဋ္ဌာန်းခဲ့ကြသည်။ 

အဆိုပါ ဒဏ်ခတ်အရေးယူမှုများသည် ရုရှားနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ထိတွေ့နိုင်ခြင်း မရှိအောင် ပြုလုပ်သည့် သံမဏိ ကန့်လန့်ကာများပင် ဖြစ်ကြောင်း သမ္မတပူတင်က ဆိုသည်။ 

“သူတို့တစ်တွေ ဒီလိုလုပ်နေတာဟာ ယူကရိန်းကြောင့်လို့ ထင်သလား။ လုံးဝမဟုတ်ဘူးလို့ပဲ ပြောချင်တယ်။ အဲဒါကြောင့် မဟုတ်ရင် သူတို့က တခြားအကြောင်းပြချက်တစ်ခု ရှာဦးမှာပဲ။ အမြဲတမ်း အဲဒီလို လုပ်ခဲ့တာ” ဟု သမ္မတပူတင်က အမေရိကန်နှင့် အီးယူတို့ကို ပြင်းထန်စွာ ဝေဖန်သည်။ 

ယမန်နေ့ (တနင်္ဂနွေ) နေ့ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က အမေရိကန်နှင့် အနောက်နိုင်ငံများသည် ယူကရိန်းကိစ္စကို ဗန်းပြပြီး ရုရှားအစိုးရ အပြောင်းအလဲ ဖြစ်အောင် ကြိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သေးသည်။ 

“အသာစီးရယူကာ၊ ဗိုလ်ကျတဲ့ လုပ်ဆောင်ချက်တွေကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လုပ်ဆောင်နေတာဟာ အမှန်ပြောရရင် ရုရှားအနေနဲ့ မူဝါဒ ပြောင်းလဲကျင့်သုံးလာအောင် ဦးတည်တာ မဟုတ်ပါဘူး။ ရုရှားအစိုးရ အပြောင်းအလဲ ဖြစ်စေချင်လို့ပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်၏ ပြောဆိုချက်ကို Tass သတင်းဌာနက ကိုးကားဖော်ပြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List