Tuesday, November 25, 2014

ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဂျပန်က ဒေါ်လာ ခုနစ်သိန်း အကုန်ခံ၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်


ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းသို့ ဂျပန်ကုမ္ပဏီများ ဝင်ရောက်လာဖွယ်ရှိပြီး EIA၊ SIA လုပ်ငန်းများ အတွက် အမေရိကန် ဒေါ်လာ ခုနစ်သိန်း အကုန်အကျခံကာ သုတေသနလုပ်ငန်းများပြုလုပ် လျက်ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအေး မြင့်က နိုဝင်ဘာ ၂၂ ရက်က UMFCCI တွင် ပြုလုပ်သည့် ဝက်ဘ်ဆိုက် မိတ်ဆက်ပွဲ တစ်ခု၌် မဇ္ဈိမကို ပြောသည်။

ဂျပန်နိုင်ငံမှ သုတေသနအဖွဲ့သည် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ မည်မျှပါဝင်မည်၊ မြန်မာအစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ မည်မျှပါဝင်မည်၊ စီမံကိန်းသည် မဲခေါင်ဒေသ မှ အိန္ဒိယအထိ ပထဝီအခြေအနေအရ မည်မျှ အကျိုးသက်ရောက် မည်ဆိုသော အချက်များကို သုတေသန စတင်ပြုလုပ်နေပြီဟု ဦးအေးမြင့်က အတည်ပြုပြောဆိုသည်။

“ဒေါ်လာခုနစ်သိန်းသုံးမှာဖြစ်တယ်။ လုပ်ငန်းထဲမှာပါတဲ့ EIA SIA လုပ်ငန်း (ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုရေးထိခိုက်မှု ဆန်းစစ်လေ့လာခြင်း) တွေ သူတို့လုပ်မယ်။ ဒါတွေလုပ်ပြီးမှ သူတို့ရဲ့ဂျပန်ကုမ္ပဏီတွေ ဝင်လာမှာ ဖြစ်တဲ့အတွက် ရှင်းရှင်းပြောရရင် သူတို့လုပ်ငန်းရှင်တွေ ပါလာနိုင်လို့ စလုပ်နေတာပါ”ဟု ဦးအေးမြင့်က ရှင်းလင်းသည်။

ဂျပန်သည် မူလက သီလဝါ အထူးစီးပွားရေးဇုန်တွင်သာ ရင်းနှီးမြှုပ်နှံရန်စီစဉ် ခဲ့ပြီး ရပ်ဆိုင်းထားသည့် ထားဝယ် အထူးစီးပွားရေးဇုန်တွင် ပါဝင်ရန်ငြင်း ပယ်ခဲ့သည်။ ၂၀၁၄ အောက်တိုဘာလတွင် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက စီမံကိန်းပြန်လည် အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံမှ အီတာလျံ ထိုင်းကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ကို အပြိုင် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါအဖြေအရ အီတာလျံ ထိုင်းကုမ္ပဏီကို ပြန်လည် ရွေးချယ်ခဲ့ပြီးနောက်မှသာ ဂျပန်သုတေသနအဖွဲ့ ၀င်ရောက်လာခဲ့ခြင်းဖြစ် သည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကနဦး အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်း စီမံကိန်းနှင့် ဆက်လက် အကောင်အထည်ဖော်မည့် စီမံကိန်းဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး ကနဦးအကောင် အထည်ဖော် စီမံကိန်းတွင် နှစ်လမ်းသွား ကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦးစက်မှုဇုန်၊လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ လူနေ အဆောက်အအုံနှင့် မြို့ပြစီမံကိန်း၊ ရေပေး ဝေရေးနှင့် ဆက်သွယ်ရေးလိုင်း စသဖြင့် စီမံကိန်း ခုနစ်ခုပါဝင်ကာ ကုန်ကျစရိတ် အကြမ်းဖျင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၈ ဘီလီယံ ကုန်ကျမည်ဟု ဝန်ကြီး ဦးအေးမြင့်က သြဂုတ်လအတွင်း မီဒီယာများကို ပြောထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List