Wednesday, November 26, 2014

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ခိုတောင်ကျွန်းကိစ္စမှ ဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦးအား အချုပ်လွှတ် ထုချေခွင့်ပေးရန် ပြောကြား


ခိုတောင်ကျွန်းလူသတ်မှုကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသားနှစ်ဦးအား အချုပ်လွှတ်ထုချေခွင့်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာနှင့်တွေ့ ဆုံစဉ် ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ဦးခင်အောင်မြင့်သည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နိုဝင်ဘာ ၂၄ ရက်ကတွေ့ ဆုံစဉ် ပြောကြားမှုကို မြန်မာ့ရုပ်မြင်သံကြားက နိုဝင်ဘာ ၂၅ ရက် ညပိုင်းသတင်းထုတ်လွှင့်မှုတွင် ဖော်ပြ ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ခိုတောင်ကျွန်းကိစ္စ အစွပ်စွဲခံရသည့် မြန်မာနှစ်ဦးကို အချုပ်လွှတ် ထုချေခွင့်ပေးရန် မိမိကိုယ်မိမိ အပေါင်ထားပြီး ထိုလူငယ်နှစ်ဦးထွက်ပြေးလျှင် မိမိလာရောက် အဖမ်းခံပါမည်ဟု ရဲဝံ့စွာအာမခံကြောင်း ဦးခင်အောင်မြင့်သည် ထိုင်းနိုင်ငံမှ The National Legislative Assembly နှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြချက်အရ သိရသည်။

ဦးခင်အောင်မြင့်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် “ခိုတောင်ကျွန်းကိစ္စနှင့်ပတ်သက်ပြီး အခွင့် အရေးရခိုက် ပြောကြားလိုပါကြောင်း၊ အမှုတည်ဆောက်မှုပုံစံကို မြန်မာနိုင်ငံသားအားလုံးက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိပါကြောင်း၊ ရမန်တစ်ပတ်ပြီး တစ်ပတ်ယူပြီး အမှုမတင်နိုင်သေးလျှင်လည်း အချုပ်လွှတ် ထုချေခွင့်ပေးရန် စဉ်းစားသင့်ပြီဖြစ်ပါကြောင်း၊ အာမခံတင်ရမည်တင်ဆိုလျှင် ထိုင်းနိုင်ငံမှာမိမိတို့ပိုင်ဆိုင် သည့် ငွေကြေးနှင့် ပစ္စည်းတစ်စုံတစ်ရာ မရှိပါကြောင်း၊ အချုပ်လွှတ်ထုချေခွင့်ရလျှင် အဆိုပါမြန်မာနှစ်ဦးကို မြန်မာသံရုံးမှ တာဝန်ယူမည်ဖြစ်ကြောင်း” ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်က “လုပ်ပေးနိုင်သမျှ အခုချက်ချင်းလုပ်ပေးမှာဖြစ်ပြီး ရက်အနည်း ငယ်သာ စောင့်ရန်လိုပါကြောင်း” ပြန်လည်ပြောကြားသည်။

ထို့နောက် ဦးခင်အောင်မြင့်က “ယခုကိစ္စကိုဖြေရှင်းပေးလျှင် နှစ်နိုင်ငံချစ်ကြည်ရေးသမိုင်းမှာ မော်ကွန်းတင် ခံရမည့်ပုဂ္ဂိုလ် ဖြစ်သွားမည်ဖြစ်ကြောင်း” ထပ်မံပြောကြားသည်။

ဆက်လက်ပြီး ဦးခင်အောင်မြင့်က မိမိတို့နိုင်ငံသည် တိုင်းပြည်အရွယ်အစားချင်း၊ လူဦးရေအချိုးအစားချင်း လည်း မတိမ်းမယိမ်း ဖြစ်ပါကြောင်း၊ ပင်လယ်ထွက်ပေါက်တစ်ခုစီ ပိုင်ဆိုင်ထားကြောင်း၊ နှစ်နိုင်ငံပေါင်း လိုက်ပါက ပင်လယ်ထွက်ပေါက်နှစ်ခု ပိုင်ဆိုင်သွားမှာဖြစ်ကြောင်း၊ အခုခေတ်သည် အပြိုင်အဆိုင်ခေတ်ဖြစ် ၍ တစ်နိုင်ငံတည်း ယှဉ်ပြိုင်၍မရပါကြောင်း၊ ထိုင်းနှင့်မြန်မာနိုင်ငံသည် Team Work ကောင်းကောင်းရှိရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး တည်ဆောက်တဲ့အခါ အစိုးရအချင်းချင်း ချစ်ကြည်ရေးတည် ဆောက်ချင်းထက် ပြည်သူအချင်းချင်း ချစ်ကြည်ရေးတည်ဆောက်ခြင်းက အရေးကြီးပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်တွင် ကော့စမွီအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် မြန်မာအမျိုးသားနှစ်ဦးနှင့် သွားရောက်တွေ့ ဆုံကာ အာမခံလျှောက်ထားမည့်အရေး ဆောင်ရွက်မည်ဖြစ်သည်။


Eleven Media Group

No comments:

Post a Comment

My Blog List