Tuesday, November 25, 2014

အလိုတော်ပြည့်ဆရာတော်ကြီး သီရိလင်္ကာသမ္မတထံသို့ ကျောက်စိမ်း ဘုရားများ ပေးအပ်လှူဒါန်း



ပြည်တွင်း ပြည်ပသာသနာပြု အလိုတော်ပြည့်ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရိယ၀ံသမှ သီရိလင်္ကာ သမ္မတ မဟိန္ဒရာဇပဆ ဖူးမျှော်ကိုးကွယ်နိုင်ရန်  ရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ပြုလုပ်သော ကျောက်စိမ်း ဘုရားတစ်ဆူအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

လှူဒါန်းခဲ့သော ယင်းကျောက်စိမ်းဘုရားတစ်ဆူ အပါအ၀င် န၀ရတ်ကိုးပါး လက်စွပ်နှင့် ရတနာများကို သီရိလင်္ကာ သမ္မတ ကိုယ်တိုင် ကိုးကွယ်ရန် တည်ထားသော ဆန္ဒဟိရုဆေယ အမည်ရှိသော ဗုဒ္ဓဒဂဘစေတီတော်တွင် ယခုလ ၂၃ ရက်နေ့က ဌာပနာထည့်သွင်းခဲ့ကြောင်း အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် အရှင်ကုမာရက ပြောဆိုသည်။

“ ဒီ ဗုဒ္ဓဒဂဘစေတီတော် ဓါတ်တော်မွေတော်တွေ ဌာပနာထည့်သွင်းပွဲတော်ကို နိုဝင်ဘာလ ၂၃ ၇က် နံနက် ၈ နာရီ ကျော်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးက လှူဒါန်းတဲ့ ရူပီးငွေ (၇) သိန်းတန်ဖိုးရှိ ကျောက်စိမ်း ဘုရားတစ်ဆူနဲ့ ရူပီး (၅) သိန်း တန်ဖိုးရှိတဲ့ န၀ရတ်ကိုးပါးလက်စွပ်နဲ့ ရတနာတွေကို ဌာပနာထည့် ပေးအပ်လှူဒါန်းခဲ့ ပါတယ်” ဟု အရှင်ကုမာရက မိန့်ကြားသည်။

သီရိလင်္ကာပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတ မဟိန္ဒရာဇပကဆ၏ စိတ်ကူးကိုအကောင်အထည်ဖော်သော အားဖြင့် ဆန္ဒဟိရု ဆေယ အမည်ရှိသော ဗုဒ္ဓဒဂဘ တည်ဆောက်ခြင်းလုပ်ငန်းကို ဘာသာရေးမြို့တော် အနုရာဓပူရမှာ လက်ရှိ တည်ဆောက်လျှက်ရှိနေကြောင်း၊ ၎င်းစေတီအား ၂၀၀၉ ခုနှစ် သီရိလင်္ကာနိုင်ငံ အကြမ်းဖက်အောင်မြင်မူ အမှတ်တရ အနေဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း၊ သီရိလင်္ကာနိုင်ငံ သမ္မတကြီးမှ ပင့်သံဃာတော် ၆ ထောင်တို့ ပါဝင်ပြီး မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အလိုတော်ပြည့်ဆရာတော်အား ပင့်ဖိတ်၍ ကြွရောက် ချီးမြှင့်ခဲ့ကြောင်း ဦးဇင်းကုမာရက မိန့်ကြားသည်။

ဒဂဘစေတီတော် ဓါတ်တော်မွေတော်များ ဌာပနာထည့်သွင်းပွဲကို နိုင်ငံတော်အဆင့် ကျင်းပ ပြုလုပ်ခဲ့ပြီး သီရိလင်္ကာ သမ္မတကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု သိရသည်။

ယင်းပွဲတော် မတိုင်မှီ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဗုဒ္ဓဘာသာ စည်ပင် ၀ပြော ဖွံ့ဖြိုးတိုးတက်ရန်  အဓိက ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံကိုလည်း သီရိလင်္ကာနိုင်ငံတွင် ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းညီလာခံအား သီရိလင်္ကာနိုင်ငံ၏ ဘိကဆု(Bhiksu) တက္ကသိုလ်မှ မဟာဌာနများဖြစ်သော ဗုဒ္ဓဘာ သာလေ့လာရေး မဟာဌာနနှင့် ဘာသာစကားနှင့်ယဉ်ကျေးမူ လေ့လာရေးမဟာဌာနတို့ ပူးပေါင်းလျှက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်နှစ်ခုသို့ တက်ရောက်ခွင့်ရသော အလိုတော်ပြည့်ဆရာတော်ကြီးမှာ များစွာဂုဏ်ယူမိ ကြောင်း၊ ဗုဒ္ဓဘာသာ၏ အရေးပါမှုနှင့် ဤအခမ်းအနားများအတွက် သီရိလင်္ကာ၏ အရေးပါမူ ဂုဏ်သတင်း ကို ကမ္ဘာသို့ ပျံ့နှံ့စေပြီး ဗုဒ္ဓဘာသာဝင်များ အတွက် အကျိုးကျေးဇူး များစွာ ဖြစ်ပေါ်စေ ကြောင်း ဆရာတော် ကြီးမှ ပြောဆိုသည်ဟု အရှင်ကုမာရက ဆိုသည်။


Narinjara

No comments:

Post a Comment

My Blog List