Friday, November 28, 2014

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မြန်တွေ့ဆုံဆွေးနွေးမည်ဆိုပါက ပြည်သူနှင့် တိုင်းပြည်အတွက် ကောင်းမွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည် မြန်မြန်တွေ့ဆုံဆွေးနွေးနိုင်မည်ဆိုပါက ပြည်သူနှင့်တိုင်းပြည် အတွက် ကောင်းမွန်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၇ ရက်တွင်  မီဒီယာများနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။


ယင်းကဲ့သို့တွေ့ဆုံရာတွင် သတင်းထောက်တစ်ဦးက “ခြောက်ပွင့်ဆိုင်မတိုင်ခင်မှာ လေးပွင့်ဆိုင်အတွက် ဆန္ဒပြတောင်းဆိုတာတွေလည်း ရှိတယ်။ လက်ရှိအချိန်မှာ ခြောက်ပွင့်ဆိုင်ဆိုပြီးတော့ ဖြစ်လာတဲ့အချိန်မှာ အမြန်ဆုံးဖြစ်စေချင်ကြတယ်။ အန်တီအနေနဲ့ ကျန်တဲ့ခေါင်းဆောင်တွေကို ဘယ်လောက်အချိန်အတိုင်း အတာ  အတွင်းမှာတွေ့မှ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲရေးကိုသွားလို့ လွယ်ကူမယ်လို့ အန်တီအနေနဲ့ တိုက်တွန်းပြောလိုပါသလဲ”ဟု မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “အန်တီက လေးပွင့်ဆိုင်ကို တောင်းနေတာက ဟိုလွန်ခဲ့တဲ့နှစ်စောစောပိုင်းကတည်းက တောင်းနေတာပါ။ အဲဒီတော့ ဘယ်တော့တွေ့ဆုံသင့်လဲဆိုတော့ အရင်နှစ်ကတည်းက တွေ့ဆုံ သင့်တယ်လို့ ဖြေရမှာပေါ့။ ဒီလိုဟာမျိုး တွေ့ဆုံရေးဆိုတာက မြန်လေကောင်း
လေပဲ။ အနှေးနဲ့အမြန် ပန်းတိုင်ကိုရောက်ဖို့ပဲ။ အနှေးနဲ့အမြန်ဆွေးနွေးပြီးတော့ ညှိနှိုင်းတဲ့အဆင့်ကို ရောက် သွားမှာပဲ။ ဒါပေမဲ့ နှေးနေရင် ပြည်သူတွေအတွက် နာလေလေပဲ။ မြန်လေလေ ပြည်သူအတွက် ကောင်း လေလေပါပဲ။ တိုင်းပြည် အတွက်လည်း ကောင်းလေလေပဲ။ ဆွေးနွေးခြင်းကို ဘာဖြစ်လို့မလိုလားလည်း ဆိုတာ အန်တီ ဘယ်လိုမှ သဘောမပေါက်ဘူး။ ဆွေးနွေးတယ်ဆိုတာ သူအနိုင်ယူဖို့၊ ကိုယ်အနိုင်ယူဖို့  မဟုတ်ဘူး။ အနိုင်ရရမယ့်သူက တစ်ယောက် ပဲရှိတယ်။ အဲဒါက ပြည်သူပဲ။ ပြည်သူအနိုင်ရဖို့အတွက်၊ နိုင်ငံအတွက် အကောင်းဆုံးအဖြေတစ်ခုရဖို့အတွက် ဆွေးနွေးတာပါပဲ”ဟု ပြောကြားသည်။

ဆက်လက်ပြီး“အဲဒါနဲ့ ပတ်သက်လို့လည်း ထပ်တလဲလဲပြောတယ်။ ဆွေးနွေးတဲ့အခါမှာ အန်တီပြောတိုင်း လည်း အောင်မြင်ချင်မှအောင်မြင်မယ်။ တချို့မအောင်မြင်ရင်လည်း မအောင်မြင်သင့်လို့ မအောင်မြင်တာ လည်းရှိတယ်။ ဒါကိုလည်း လက်ခံရမယ်။ ကိုယ်လိုချင်တာမို့ မှန်တယ်။ ကိုယ်လိုချင်တာမို့ ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့စိတ်နဲ့ အဲဒီလိုစိတ်နဲ့တော့ ဆွေးနွေးပွဲသွားလို့ မဖြစ်ဘူး။ အဲဒီတော့ တိုင်းပြည်အတွက် အကောင်း ဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲပေါ့။ 

အဲဒါမှာ တစ်ခုတော့ ရှိတာပေါ့။ ပြည်သူတွေရဲ့ဆန္ဒကို သိရက်နဲ့ မသိချင်ယောင် ဆောင်နေရင်တော့ ဒီလို ဆွေးနွေးပွဲတွေဟာ ဒီမိုကရေစီစံနှုန်းစံထားတွေနဲ့ ကိုက်ညီဖို့တော့ ခက်ပါလိမ့်မယ်။ အဲဒီတော့ အမေတို့ အနေနဲ့ကတော့ ပြည်သူတွေရဲ့ ဆန္ဒနဲ့နီးစပ်တယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ ထောက်ခံမှုတွေနဲ့ပဲ ရပ်တည်ခဲ့ရတာကိုး။ အခုလည်း အန်တီတို့ပါတီ ရပ်တည်နေတာက ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ပါပဲ။ပြည်သူနဲ့ ကွာဟမှုကမများဘူးလို့ ယုံကြည်တယ်။ အဲဒါကြောင့်မိုလို့ ပြည်သူရဲ့ဆန္ဒကို တော့ အန်တီတို့ပါတီကတော့ လေးစားတယ်။ မလေးစားလို့လည်း မရဘူး။ ပြည်သူ့ဆန္ဒကြောင့်သာ အင်န်အယ်လ်ဒီက ရပ်တည်နိုင်တာပါ”ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List