Thursday, November 27, 2014

အမေရိကန်ပြည်ထောင်စု၏ အသက်အငယ်ဆုံး အမျိုးသမီး လွှတ်တော်အမတ် တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်



အမေရိကန်ပြည်ထောင်စု အနောက်ဗာဂျီးနီးယားပြည်နယ် လွှတ်တော်၏ ဥပဒေပြုအမတ် အဖြစ် ယခုလ အစောပိုင်းက ရွေးကောက်တင်မြှောက် ခံရသူ အသက် ၁၈ နှစ် အရွယ်ရှိ ကောလိပ်ကျောင်းသူ ဆာရာဘလဲသည် လွှတ်တော်သို့ တက်ရောက်ကာ ဥပဒေ ရေးဆွဲရေး လုပ်ငန်းများ လုပ်ကိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။ 
ဆာရာဘလဲသည် နိုဝင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့သည့် ကွန်ဂရက် ရွေးကောက်ပွဲ၌ ရီပတ်ဘလီကန် အမတ်လောင်းများ အမြောက်အမြား အနိုင်ရရှိခဲ့မှုနှင့်အတူ အနောက်ဗာဂျီနီးယား ပြည်နယ်တွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 

ဆယ်ကျော်သက်တစ်ဦး ဖြစ်သည့် မစ္စဆာရာဘလဲသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် အနောက်ဗာဂျီးနီးယား ပြည်နယ်၏ ဥပဒေပြုအမတ် ရာထူးကို စတင်ထမ်းဆောင်မည် ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ အသက်အငယ်ဆုံး ဥပဒေပြု အမတ်အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စု၏ ကွန်ဂရက်လွှတ်တော်တွင် ဥပဒေပြုအမတ် အဖြစ် တာဝန်ထမ်းဆောင်မည့်သူ အနေနှင့် အနည်းဆုံး အသက် ၂၅ နှစ် ရှိရမည်ဟု သတ်မှတ်ထားသော်လည်း အနောက်ဗာဂျီးနီးယား ပြည်နယ်အတွက် သတ်မှတ်ချက်မှာ ၁၈ နှစ် ဖြစ်သည်။ 

မစ္စဘလဲအနေနှင့် လွှတ်တော်အမတ် တာဝန်ကို ၂ နှစ် ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်ပြီး တစ်နှစ်အတွက် လုပ်ခ ဒေါ်လာ ၂၀၀၀၀ ရရှိမည် ဖြစ်သည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မစ္စဘလဲသည် မဲ ၆၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး သူမ၏ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ အမတ်လောင်းမှာ ၃၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ 

“ကျွန်မတို့ မျိုးဆက်တွေ ဒီအလုပ်ကို လုပ်ဖို့ အသက် ၃၀၊ ၄၀ ဒါမှမဟုတ် ၅၀ အထိ စောင့်မနေသင့်တော့ဘူး” ဟု မစ္စဘလဲက Fox News ရုပ်သံနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စု၏ အသက်အငယ်ဆုံး ရွေးကောက်တင်မြှောက်ခံ ဥပဒေပြုအမတ် တစ်ဦးအနေနှင့် ဦးစားပေး လုပ်ဆောင်မည့် အလုပ်မှာ မိမိပြည်နယ်တွင်း အလုပ်အကိုင်ပေါင်း များစွာ ဖန်တီးပေးရေးပင် ဖြစ်သည်ဟု မစ္စဘလဲက ဆိုသည်။ 

“အနောက်ဗာဂျီနီးယား ပြည်နယ်က ကျွန်မနဲ့ အသက်အရွယ်တူ လူငယ်တွေ အထက်တန်းကျောင်း တက်ကြတယ်၊ ကောလိပ်ပညာရေး ရကြတယ်။ ပြီးတော့ ဒီပြည်နယ်ကနေ ထွက်သွားကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အတွက် လုပ်ခလစာကောင်းတဲ့ အလုပ်အကိုင်တွေ မရှိလို့ပါပဲ။ ကျွန်မအတွက်တော့ ခက်ခဲလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြည်နယ်ကို ကျွန်မချစ်တယ်။ ဒီမှာနေရတာ ကြိုက်တယ်။ တခြားပြည်နယ်ကို ပြောင်းပြီး မနေချင်ဘူး” ဟု ၎င်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List