Tuesday, August 26, 2014

Miss Myanmar World ပြိုင်ပွဲ နောက်ဆုံး ဆန်ခါတင် အလှမယ် ၂၀ ဦး ရွေးချယ်


ကမ္ဘာ့အဆင့်မြင့်ဆုံး အလှမယ် ပြိုင်ပွဲတစ်ခု ဖြစ်သည့် Miss World ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကို ရွေးချယ်ပေးမည့် Miss Myanmar World ပြိုင်ပွဲအတွက် နောက်ဆုံး ဆန်ခါတင် အလှမယ် ၂၀ ဦးကို သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် Chatrium Hotel ၌ ရွေးချယ်ခဲ့ကြောင်း အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည့် Forever Group မှ တာဝန်ရှိသူ ဦးဇင်အောင်က ပြောကြားသည်။

“ဒီပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အယောက် ၁၃၅ ဦး လာလျှောက်ခဲ့ပါတယ်။ အဲဒီထဲကမှ ပထမအဆင့် အယောက် ၅၀ ကို လူတွေ့စစ်ဆေးတယ်။ ပြီးတဲ့အခါမှာ ပြိုင်ပွဲဝင် ၄၀ ဦး ထပ်ရွေးတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက်တော့ ဆန်ခါတင် အလှမယ် ၂၀ ဦးကို ရွေးချယ်ပေးခဲ့ပါတယ်။ အလှမယ်တွေ အားလုံးရဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်း၊ အလှအပပိုင်းအတွက် ကျွမ်းကျင်ပညာရှင်တွေက ပြိုင်ပွဲမတိုင်ခင် လေ့ကျင့် သင်ကြားပေးမှာပါ” ဟု နောက်ဆုံး ဆန်ခါတင် အလှမယ်များ ရွေးချယ်မှုနှင့် ပတ်သက်ပြီး ၎င်းက ရှင်းပြသည်။

ယင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ၄၀ ဦးထဲမှ အလှမယ် ထက်ထက်ထွန်း၊ သော်ရီကျော်၊ အင်ကြင်းထူး၊ မေမဒီခင်၊ ဝိုင်းလေး၊ ပိုးကြာဖြူ၊ ပက်ထရစ်ရှာ၊ ထက်ထက်ဝင်း၊ ချမ်းမြေ့သူ၊ ငြိမ်းစုသာ၊ ကေသရီ၊ ယွန်းဟေသာ၊ ခြူးနဒီခင်၊ ခင်ရတနာဟိန်း၊ လင်းချယ်ရီမိုး၊ တင်စန္ဒာမျိုး၊ ခေးဆက်သွင်၊ ယွန်းမီမီမောင်၊ အန်နာ၊ ဟေဇယ်တို့ကို ရွေးချယ်လိုက်ကြောင်း ၎င်းကဆိုသည်။

ပြိုင်ပွဲဝင် အလှမယ်များကို မြန်မာနိုင်ငံတွင် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်သလို စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့လည်း လေ့လာရေးခရီး စေလွှတ်မည ဖြစ်ကြောင်း၊ ပြိုင်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း Miss Myanmar World Organization ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

“ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တာက ညီမကို Miss တစ်ယောက် အနေနဲ့ မြင်ချင်တဲ့ ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့ပါ။ ဒါပေမဲ့ ညီမက စတိတ် (စင်) ပေါ်မှာ လမ်းလျှောက်ရတာကို ကြောက်တတ်တဲ့အတွက် ပြိုင်ပွဲ မပြောနဲ့ ရှိုးပွဲတွေတောင် သိပ်မလျှောက်ဖြစ်ဘူး” ဟု ယင်းပြိုင်ပွဲအတွက် ရွေးချယ်ခံထားရသည့် မော်ဒယ်လ် ပက်ထရစ်ရှာက ပြောကြားသည်။

ပြိုင်ပွဲတွင် Miss Myanmar World 2014 ဆုရရှိသူကို ဆုကြေးငွေ ကျပ် သိန်း ၁၀၀ ချီးမြှင့်မည ဖြစ်သလို မေမြန်မာ ရတနာဆိုင်မှ ပြုလုပ်ထားသည့် ကျပ်သိန်း နှစ်ရာတန်ကြေးရှိ သရဖူ တစ်နှစ်ဆောင်းခွင့်၊ Panteen အလှကုန် တစ်နှစ်စာ၊ Air Asia လေကြောင်းလိုင်းနှင့် ခရီးသွားလာခွင့် လက်မှတ်များ ရရှိမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် Miss Beautiful Hair၊ Miss Photogenic၊ Miss Personality စသည့် Title ဆုများလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း ယင်းပြိုင်ပွဲကို စီစဉ်ကျင်းပသည့် Forever Group မှ တာဝန်ရှိသူ ဦးစိုးသူရက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List