Thursday, August 28, 2014

ရေရှည်အပစ်အခတ် ရပ်စဲရန် အစ္စရေးနှင့် ပါလက်စတိုင်း သဘောတူ


ရေရှည်အပစ်အခတ် ရပ်စဲရန် အစ္စရေးနိုင်ငံနှင့် ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်း စစ်သွေးကြွများ သဘောတူညီလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အီဂျစ်နိုင်ငံ ကြားဝင်စေ့စပ်ပေးသော အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွင် တိုက်ခိုက်မှုများကို ကန့်သတ်မဲ့ ရပ်ဆိုင်းရန်၊ ဂါဇာနယ်စပ်ဂိတ်များ ချက်ချင်းပြန်ဖွင့်ပေးရန်၊ မြေထဲပင်လယ် ဒေသရှိ ဂါဇာငါးဖမ်းဇုန်ကို တိုးချဲ့ပေးရန်တို့ ဖော်ပြထားသည်။

ဂါဇာဒေသ၌ ဆိပ်ကမ်းနှင့် လေဆိပ် တည်ဆောက်ရေး၊ အကျဉ်းသား ၁၀၀ လဲလှယ်ရေး၊ စစ်သွေးကြွများ လက်နက်ဖျက်သိမ်းရေးတို့ကို တစ်လကြာပြီး နောက်တွင် အစ္စရေးနှင့် ပါလက်စတိုင်း အဖွဲ့ခွဲများကြား ဆွေးနွေးကြမည် ဖြစ်သည်။

အပြန်အလှန်အားဖြင့် ဂါဇာဒေသတွင်းသို့ လက်နက်များ မှောင်ခိုမသွင်းရေး စစ်သွေးကြွများက အာမခံပေး ရမည်ဟု အစ္စရေးနှင့် အီဂျစ်တို့က တောင်းဆိုထားသည်။အီဂျစ် အဆိုပြုတဲ့ အကန့်အသတ်မဲ့ အပစ်အခတ် ရပ်စဲမှု လုပ်ဆောင်ရေးကို လက်ခံသည်ဟု အစ္စရေးနိုင်ငံက အတည်ပြု ပြောကြားသည်။

အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွများကြား ရက်သတ္တပတ် ခုနစ်ပတ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရေရှည်အပစ်အခတ်ရပ်စဲမှု လုပ်ဆောင်ရန် အီဂျစ်က ကြားဝင်စေ့စပ်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့သော တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ပါလက်စတိုင်းများ ဖြစ်သည်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အပစ်အခတ်ရပ်စဲမှုသည် ခုခံတွန်းလှန်သူများ၏ အောင်ပွဲဖြစ် သည်ဟု ထုတ်ပြန် ပြောကြားလိုက်သည်။

ထို့အပြင် ဂါဇာဒေသအပေါ် ပိတ်ဆို့ထားမှုကို လျှော့ချမည် ဖြစ်ပြီး အထောက်အပံ့နှင့် ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းခွင့်ပြုမည်ဟု အစ္စရေးအရာရှိများက ပြောကြားသည်။

အစ္စရေးနှင့် ပါလက်စတိုင်းကြား အပစ်အခတ်ရပ်စဲမှုကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့တို့က ထုတ်ပြန်လိုက်သည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားမှ ယခုကဲ့သို့သော အပစ်အခတ်ရပ်စဲရန် သဘောတူညီချက် ပေါ်ပေါက် လာခြင်း ဖြစ်ပြီး နောက်ဆုံးမိနစ်ပိုင်း တိုက်ခိုက်မှုများကြောင့် လတ်ကယ်ဒေသဆိုင်ရာ ကောင်စီ အစ္စရေး အရပ်သားနှစ်ဦး သေဆုံးခဲ့ရသည်။

အစ္စရေးနိုင်ငံက Protective Edge စစ်ဆင်ရေးကို ဇူလိုင်လ ၈ ရက်နေ့တွင် စတင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမားတို့၏ နေရာပေါင်း ၅၂၀၀ နှင့် အကြမ်းဖက်သမား ၁၀၀၀ တို့ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List