Thursday, August 28, 2014

သြစီ နိုင်ငံခြားရေး ၀န်ကြီးနဲ့ အင်ဒို သမ္မတ တို့ ဒီကနေ့ တွေ့ဆုံမယ်


သြစတြေးလျနဲ့ ​အင်ဒိုနီးရှား ​နှစ်နိုင်ငံ ​အကြားက ​ဆက်ဆံရေး ​ပြန်လည်ပြုပြင် ​ဖို့အတွက် ​ရေးဆွဲထားတဲ့ ​ဆက်ဆံရေး ​ကျင့်ဝတ်တွေကို ​သဘောတူလက်မှတ် ​မရေးထိုးခင်မှာ ​သြစတြေးလျ ​နိုင်ငံခြားရေး ​၀န်ကြီး ​ဂျူလီ ​ဘိရှော့ပ်က ​အင်ဒိုနီးရှား ​နိုင်ငံ ​သမ္မတနဲ့ ​ဒီကနေ့ ​တွေ့ဆုံမှာဖြစ်ပါတယ်။

အင်ဒိုနီးရှား ​နိုင်ငံ ​သမ္မတအပါအ၀င် ​သမ္မတနဲ့ ​နီးစပ်တဲ့ ​အသိုင်းအ၀ိုင်းတွေ ​အပေါ် ​သြစတြေးလျ ​နိုင်ငံက ​သူလျှိုလုပ် ​ခဲ့တဲ့တာနဲ့ ​ပတ်သက်ပြီး ​သြစတြေးလျ ​နိုင်ငံ ​၀န်ကြီးချုပ် ​တိုနီ ​အာဘော့တ်ရဲ့ ​လုပ်ဆောင်မှုကို ​မကျေနပ်တဲ့အတွက် ​သြစတြေးလျနဲ့ ​ပူးတွဲ ​လုပ်ဆောင်တဲ့ ​လုပ်ငန်းတွေကို ​ပြီးခဲ့တဲ့ ​နိုဝင် ​ဘာလက ​စပြီးတော့ ​အင်ဒိုနီးရှား ​သမ္မတ ​Susilo ​Bambang ​Yudhoyono ​က ​ဆိုင်းငံ့ထား ​လိုက်တာ ​ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ​၂၀၀၉ ​ခုနှစ်က ​အင်ဒိုနီးရှား ​သမ္မတနဲ့ ​သမ္မတရဲ့ ​ဇနီးအပါအ၀င် ​အဓိကကျတဲ့ ​ပုဂ္ဂိုလ်တွေအပေါ် ​သြစတြေးလျက ​သူလျှိုလုပ်ခဲ့တဲ့အပေါ် ​ဖြေရှင်းချက်ပေးဖို့ ​အင်ဒိုနီးရှား ​သမ္မတက ​တောင်းဆိုခဲ့ပေမယ့် ​သြစတြေးလျ ​၀န်ကြီးချုပ် ​တိုနီ ​အာဘော့တ်က ​ဖြေရှင်းချက်မပေးပဲ ​ငြင်းဆိုခဲ့တာ ​ဖြစ်ပါတယ်။

ဒါကို ​တုန့်ပြန်တဲ့အနေနဲ့ ​သြစတြေးလျ ​နိုင်ငံနဲ့ ​ပူးတွဲ ​လုပ်ဆောင်နေတဲ့ ​စစ်ရေးလေ့ကျင့်မှုတွေ၊ ​ထောက်လှမ်းရေး ​အချက်အလက် ​ဖလှယ်တာတွေနဲ့ ​လူကုန်ကူးမှု ​တိုက်ဖျက်ရေး ​လုပ်ငန်းတွေကို ​အင်ဒိုနီးရှား ​သမ္မတက ​ရပ်ဆိုင်းလိုက်ပါတယ်။

အခု ​ရေးဆွဲခဲ့တဲ့ ​နှစ်နိုင်ငံဆက်ဆံရေးနဲ့ ​ပတ်သက်ပြီး ​လိုက်နာရမယ့် ​ကျင့်ဝတ်တွေနဲ့ ​အညီ ​သြစတြေးလျက ​သဘောတူ ​လိုက်နာမှု ​ရှိမှသာ ​အင်ဒိုနီးရှားက ​နှစ်နိုင်ငံအကြား ​ဆက်ဆံရေး၊ ​ပူးပေါင်းဆောင်ရွက်မှုတွေကို ​ပြန်လည် ​လုပ်ဆောင်မှာ ​ဖြစ်ပါတယ်။

နှစ်ဖက် ​နိုင်ငံခြားရေး ​၀န်ကြီးတွေက ​နှစ်နိုင်ငံအကြားက ​ဆက်ဆံရေးအပေါ် ​လိုက်နာရမယ့် ​ကျင့်ဝတ်တွေကို ​ကိုးလလောက် ​ညှိနှိုင်း ​ဆွေးနွေးမှုတွေ ​လုပ်ခဲ့ရပြီး ​ဒီကနေ့မှာတော့ ​ဘာလီကျွန်းမှာ ​သဘောတူ ​လက်မှတ်ရေးထိုးမှာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List