Tuesday, August 26, 2014

တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ကို နိုင်ငံတော်သမ္မတ ပထမဆုံးအကြိမ် တစ်ပြိုင်နက် တွေ့ဆုံ


တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တွေ့ဆုံလေ့ ရှိသော်လည်း တစ်ဖွဲ့ချင်းစီသာ သီးသန့်တွေ့ဆုံလေ့ ရှိသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သော “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလားတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကို သြဂုတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်၌ တစ်ပြိုင်နက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြား သည်။

ယင်းနေ့၌ပင် အဆိုပါအဖွဲ့ သုံးဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လည်း နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ဦးရဲထွဋ်က ဆိုသည်။ 

ယင်းတွေ့ဆုံပွဲတွင် ယခင်က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ၌ ပါဝင် လက်မှတ်ရေး ထိုးမည် မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမှသာ စတင် တက်ရောက်မည်ဟု ကြေညာထားသည့် UWSP၊ မိုင်းလားတပ်ဖွဲ့တို့က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် တက်ရောက် လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြောင်း ဦးရဲထွဋ်က ထပ်လောင်းပြောဆိုသည်။ 

မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီ ညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားတပ်ဖွဲ့တို့မှာ အစိုးရနှင့် တစ်ဖွဲ့ချင်း အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီး ဖြစ်၍ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးရန် အစီအစဉ် မရှိကြောင်း ပြောဆိုထားပြီး ယခု နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံပြီး လက်မှတ်ရေးထိုးရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

“ဆွေးနွေးပွဲကို အကြမ်းဖျင်း ပြောရရင် သူတို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ သဘောတူတယ်။ ဒို့တာဝန် အရေးသုံးပါးကိုလည်း လက်ခံတယ်။ နယ်မြေဖွံ့ဖြိုးရေး ဆက်လုပ်မယ်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဆိုင်တဲ့ သူတို့ သဘောထား ပြောတယ်” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ရှင်းပြသည်။

ယခု နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ တွေ့ဆုံမှုတွင် ယခင်အကြိမ် တွေ့ဆုံမှုများတွင် ပါဝင်လေ့ရှိသော မြန်မာငြိမ်းချမ်းရေးစင်တာမှ အလုပ်အဖွဲ့နှင့် အကြံပေးများ ပါဝင်ခြင်း မရှိကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများထံမှ သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့မှာမူ အစိုးရနှင့် တစ်ဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဖြစ်သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ ပါဝင်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

သို့သော် ဇူလိုင်လအတွင်း တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲအချို့ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တပ်မတော်က SSPP/SSA တပ်ဖွဲ့များကို ဝိုင်းဝန်းပိတ်ဆို့၍ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးစဝ်ခွန်ဆိုင်းက ပြောဆိုထားသည်။

သမ္မတဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များက ငါးကြိမ်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ခေါင်းဆောင်များနှင့် တစ်ကြိမ် တွေ့ဆုံထားပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို တစ်ပြိုင်နက် တွေ့ဆုံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List