Wednesday, August 27, 2014

မြန်မာနိုင်ငံတွင် အသိပညာပေးမှုနှင့် ဓာတ်ခွဲခန်း မရှိခြင်းက အီဘိုလာတားဆီးရေးအတွက် ခက်ခဲနေဟု WHO ပြော


မြန်မာနိုင်ငံ အစိုးရအနေဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူလူထုကြား ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များ မှန်မှန်ကန်ကန် နားလည်နိုင်ရန် လို အပ်ခြင်း၊ အီဘိုလာဗိုင်းရပ်စ်ကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းများ မရှိခြင်းတို့က အဓိကစိန်ခေါ်မှုများဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မြန်မာ၏ ခေတ္တဌာနေကိုယ်စားလှယ် Dr. Krongthong Thimasarn က ပြောသည်။

“ပြည်သူတွေအနေနဲ့ အီဘိုလာဗိုင်းရပ်စ်ကို စိုးရိမ်ထိတ်လန့်မနေဘဲ ဒီရောဂါက ဘယ်လိုဖြစ်တယ်၊ ဘယ်လို ကာကွယ်နိုင်တယ်စတဲ့ သတင်းအချက်အလက်တွေ ကို မှန်မှန်ကန်ကန် နားလည်ဖို့ လိုအပ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အီဘိုလာကူးစက်ခံရမှု သံသယရှိသူများအတွက် ဓာတ်ခွဲခန်း မရှိခြင်းမှာလည်း နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“သံသယရှိသူတွေရဲ့ သွေးနမူနာကို ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ သယ်ယူပို့ဆောင်ဖို့ ခွင့်ပြုချက်ရထားတဲ့ လေယာဉ်တွေနဲ့ သယ်ရပါမယ်။ သွေးနမူနာကို WHO က သတ်မှတ်ထားတဲ့ နည်းပညာ နဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တွေအတိုင်း လေယာဉ်ဝန်ထမ်းတွေကို ကူးစက်နိုင်တဲ့ အန္တရာယ်မျိုးတွေ မရှိဘဲ သယ်ယူဖို့ လိုအပ်ပါတယ်”ဟု Dr. Krong-thong Thimasarn က ပြောသည်။

သြဂုတ်လ ၁၉ ရက် ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးကူးစက် ခံရသူဟု သံသယရှိသူလူနာ၏ သွေးနမူနာကို WHO ညွှန်းပို့ဓာတ်ခွဲခန်းဖြစ်သော အိန္ဒိယနိုင်ငံ၊ ပူးနေမြို့သို့ ပို့ဆောင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထောက်ခံချက်ကို သြဂုတ်လ၂၂ ရက်က ရရှိခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့ပို့ရန် လိုအပ်သည့် ခွင့်ပြုချက်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာလေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ IATA  ၏ ခွင့်ပြုချက်ရရန် ညှိနှိုင်းနေရဆဲ အဆင့်သာ ရှိနေသေးသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၂၅ ရက် ထုတ်ပြန်ချက်တွင် သွေးနမူနာ သယ်ယူရန်အတွက် IATA ၏ ခွင့်ပြုချက်မရသေးသည့်အတွက် အီဘိုလာ ဗိုင်းရပ်စ်ကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရန် သတ်မှတ် ထားသော အိန္ဒိယနိုင်ငံ၊ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲခန်း သို့မဟုတ် အမေရိကန်နိုင်ငံ CDC Altanta သို့မဟုတ် ဂျာမနီနိုင်ငံ၊ ဟန်းဘက်မြို့ရှိ ဓာတ်ခွဲခန်းများသို့ ပို့ဆောင်စစ်ဆေးနိုင် ရန် ညှိနှိုင်းလျက်ရှိသည်ဟု ဖော်ပြထားသည်။ ယခင်ပို့ဆောင်ရန် ရည်မှန်း ထားသည့် အိန္ဒိယနိုင်ငံအပြင် အမေရိကန်နိုင်ငံနှင့် ဂျာမနီနိုင်ငံရှိ ဓာတ်ခွဲခန်းများကို ပို့ဆောင်ရန် ညှိနှိုင်းနေသည်ဟု ပါရှိသော်လည်း မည်သည့်အတွက်ကြောင့် ထိုနိုင်ငံများကို ပို့ဆောင်ရန် စီစဉ်နေသည်ဟု အသေးစိတ် မပါရှိခဲ့ပေ။

“IATA ခွင့်ပြုချက်လေးမှာ နည်းနည်းကြန့်ကြာနေတာ။ သူတို့ပြောတာက ခရီးသည်တင် လေယာဉ်မှာ ဒီလိုအန္တရာယ်ရှိ ပစ္စည်းသယ်လို့ မရဘူးလို့ ပြောတယ်။ ဒါ့ကြောင့် ဒီဘက်က ထွက်တဲ့ လေယာဉ် ဘယ်လေယာဉ်မှ သယ်လို့မရတာ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ IATA ကို အန္တရာယ် မဖြစ်အောင် ဒီပစ္စည်းတွေကို သယ်ခွင့်ပေးဖို့အတွက် အကြောင်းကြားစာပို့လိုက်ပြီလို့လည်း WHO  က ပြောထား တယ်”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က သြဂုတ် ၂၂ တွင် မဇ္ဈိမကို ပြောခဲ့သည်။

လက်ရှိတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါအဖြစ် သံသယရှိခံရသူလူနာမှာ ရန်ကုန်ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန၏ စစ်ဆေးချက်အရ ငှက်ဖျားရောဂါပိုး နှစ်မျိုးကူးဆက်ခံရသည့် လက္ခဏာတွေ့ရှိခဲ့ရပြီး ငှက်ဖျားရောဂါကို ဝေဘာဂီဆေးရုံတွင် ကုသပေးနေမှုကြောင့် ရောက်ရှိခဲ့သည့်အချိန်ထက် အခြေအနေမှာ သိသာစွာ တိုးတက်မှုရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အီဘိုလာ ကူးစက်ခံရသူဟု သံသယရှိသူတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါ လက္ခဏာများမှ နှစ်ရက်မှ ၂၁ ရက်အတွင်း ဖြစ်ပေါ်လာနိုင်ပြီး ထိုရက်လွန်မှ ရောဂါလက္ခဏာ မပြခဲ့လျှင် အီဘိုလာရောဂါမဖြစ်နိုင်ကြောင်း Dr. Krongthong Thimasarn က ပြောသည်။

“WHO အနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး အီဘိုလာနဲ့ပတ် သက်တဲ့ ကြိုတင်ကာကွယ် မှုတွေ ကျန်းမာရေးဝန်ကြီးဌာနက ၀န်ထမ်းတွေရဲ့ စွမ်းရည်တိုးမြှင့်ရေးတွေကို ဆောင်ရွက်နေပါတယ်”ဟု Dr. Krongthong Thimasarn က ဆက်လက်ပြောသည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List