ဆီးရီးယားအစိုးရ စစ်တပ်က အသုံးပြုနေသော လေတပ်စခန်းတစ်ခုကို အစ္စလာမ္မစ်နိုင်ငံတော် IS ဟု လူသိများလာသည့် စစ်သွေးကြွအဖွဲ့က ထိန်းချုပ်ထားကြောင်း မြေပြင်သတင်းများကို ကိုးကားလျက် BBC သတင်းတစ်ရပ်က ဆိုသည်။
ယခု သိမ်းပိုက်ခံလိုက်ရသော တက်ဘ်ကာ လေတပ်စခန်းသည် ဘာရှားအယ်အာဆတ် အစိုးရ၏ ရက်ကာပြည်နယ် အတွင်းမှ နောက်ဆုံးလက်ကျန် ခြေကုပ်ယူထားရာ စခန်းတစ်ခု ဖြစ်သည်။
ဆီးရီးယားအစိုးရ ရုပ်သံလိုင်းကလည်း အစိုးရတပ်များ ယင်းလေတပ်စခန်းမှ ရွှေ့ပြောင်း ရှောင်တိမ်းခဲ့ပြီး ဖြစ်ကြောင်း အတည်ပြု ထုတ်လွှင့်သွားခဲ့သည်။
တိုက်ပွဲဖြစ်သည့် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး နှစ်ဖက်လုံးမှ ရာပေါင်းများစွာ သေဆုံးခဲ့ကြရသည်။
ဆီးရီးယားတွင် ပြည်တွင်းစစ် ဖြစ်နေသည်မှာ သုံးနှစ်ကြာမြင့်ခဲ့ပြီး ဖြစ်ကာ လူပေါင်း တစ်သိန်းကိုးသောင်း တစ်ထောင်ကျော် သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ယခင် ISIS ဟု အမည်ရသည့် အစ္စလာမ္မစ်နိုင်ငံတော် အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်မြောက်ပိုင်း ဒေသများကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်သိမ်းပိုက်ထားခဲ့ကာ မွတ်ဆလင်နိုင်ငံအဖြစ် ယင်းဒေသကို ကြေညာထားခဲ့သည်။
အီရတ်နိုင်ငံဘက်ခြမ်းရှိ IS အဖွဲ့များကို အမေရိကန်ပြည်ထောင်စုက အကန့်အသတ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဆီးရီးယားဘက်ခြမ်းကိုတော့ တိုက်ခိုက်ခြင်း မရှိခဲ့ပေ။
လေတပ်စခန်းနားတွင် တိုက်ပွဲများ ဖြစ်နေသေးကြောင်း၊ သို့သော် စခန်းကိုမူ IS အဖွဲ့က ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ဆီးရီးယား အတိုက်အခံများနှင့် နီးစပ်သည့် ဗြိတိန်အခြေစိုက် တက်ကြွလှုပ်ရှားသူများအဖွဲ့ ဖြစ်သော ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ထားသည်။
အစိုးရတပ်များ လေတပ်စခန်းမှ လုံးဝ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီးသည့် နောက်တွင် အစိုးရတပ်က သူပုန် IS များ စီးထားသည့် အဆိုပါ တပ်စခန်းကို လေကြောင်းမှ ဗုံးများကြဲကာ ပြန်လည် တိုက်ခိုက်လျက်ရှိသည်။
ယင်းလေတပ်စခန်းသည် ရက်ကာမြို့တော်မှ ၄၅ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ယင်းလေတပ်စခန်း ကျသွားသည့်အတွက် ဒါဇာပေါင်း များစွာသော စစ်လေယာဉ်များ၊ ဟယ်လီကော်ပတာများ၊ တင့်ကားနှင့် လက်နက်ခဲယမ်းများ IS လက်သို့ ကျမကျကို အတည်မပြုနိုင်သေးပေ။
The Voice Weekly
No comments:
Post a Comment