Friday, August 29, 2014

လှတာမက်လို့ ညစာခက်ရပြီ



တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အရေး၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေတဲ့ ချာရာဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုး သံ့သံ့လေး တွေကြားနေရတာကတော့ အလှ မယ်လေးတွေရဲ့သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ်တွေနဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေအကြား သရ ဖူတွေသိမ်းလိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေတိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာ ကတော့ ကြာပါပြီ။ 


မနေ့ညကတော့ အထင်ကရထုတ်ပြန်ချက်တွေနဲ့ ကြားလိုက်ရတာက အိုပါးတို့ဌာနေတောင်ကိုရီးယားပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေးရဲ့သရဖူကို ကိုရီးယားအဖွဲ့က ပြန်သိမ်းလိုက်တယ်ဆိုတယ်။ ဘာတွေဖြစ်ကြ

သတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။

တကယ်တော့ မယ်တွေမှာ ဆုအသိမ်းခံရတာ မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိကဆုကိုရခဲ့တဲ့ ဗာနက် ဆာဝီလျံဆိုရင်လည်း အဲဒီလိုသရ ဖူဆုသိမ်းခံရတယ်။ မယ်ရပြီးမှ သူ့ရဲ့ကိုယ်လုံးတီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။ မကြာသေးမီ က ထိုင်းနိုင်ငံရဲ့ မယ်စကြဝဠာဆု ရရှိသူကလေးကလည်း သူ့ရဲ့မယ် ဆုကို ပြန်အပ်ခဲ့တယ်။ သူလေးက တော့ ရွေးချယ်မှုမှာ မကျေမနပ် ဝေဖန်တာတွေကို မခံစားနိုင်လို့ပါ တဲ့။ အဲဒီလိုမျိုး ရာဇဝင်တွေရှိ တယ်။ ဒါပေမဲ့ မြန်မာမယ်တွေ သရဖူအသိမ်းခံရတာကျတစ်မျိုး။

မြန်မာနိုင်ငံက ပြုပြင်ပြောင်း လဲရေးတွေနဲ့ ကမ္ဘာကြီးကို လမ်း ဖွင့်ပေးလိုက်တဲ့အခါ မြန်မာမယ် အလှပဂေးလေးတွေ လည်းပါတာ ပေါ့။ တစ်သက်လုံး ကိုယ့်တိုင်း ပြည်မှာပွဲတိုးနေရာကနေ ကမ္ဘာကို မြန်မာအလှတွေပြဖို့ မြန်မာ မယ်လေးတွေက ချီတက်ကြ တော့တာပဲ။ အားပေးတဲ့သူတွေ ကလည်း အုန်းအုန်းထလို့ပေါ့။ မျိုး ချစ်စိတ်ဓာတ်က ဒါမျိုးမှာတော့ တာကျိုးသွားမယ်လေ။ ခွေးကိုက် တာတောင် ကိုယ့်ခွေးနိုင်ချင်တဲ့ စိတ်တွေရှိသူမဟုတ်လား။

ပြည်တွင်း၊ ပြည်ပမြန်မာ တွေကလည်း ကိုယ့်အလှမယ် လေးတွေ နိုင်ငံတကာကိုချီတက် အလှပြိုင်ရင် ကွန်ပျူတာမောက်စ် တွေကိုင်ပြီး တစ်ခဲနက်အားပေး ကြပါတယ်။ ဒါကြောင့် အခုဆိုရင် မယ်တွေကလည်း ပေါလာလိုက်တာ လမ်းသွားလို့ ခလုတ်တိုက် ရင်တောင် မယ်ဖြစ်နေပြီ။

ဒါပေမဲ့ မြန်မာမယ်တွေကို အုန်းအုန်းကျွက်ကျွက်အားပေးသူ တွေ မေ့နေတာက အလှမယ်အဖွဲ့ အစည်းဆိုတာ တိုင်းပြည်ဂုဏ်ကို ဆောင်တာတို့၊ မြန်မာအလှကို ကမ္ဘာကသိအောင် ဖော်ထုတ်တာ တို့ စကားလေးတွေ အလှဆင် ထားပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုဆိုတာပါ။ မယ်ကိုမြေ တောင်မြှောက်ပေးတဲ့အဖွဲ့ အစည်းနဲ့ အလှမယ်တို့ရဲ့ အပေး အယူကို ကြားကပရိသတ်မြှောက် စားမှုနဲ့လုပ်ကြတဲ့ စီးပွားရေးလုပ် ငန်းပါ။ မိန်းမလှလေးတွေနဲ့ စီးပွားရေး သမားတွေကြားက လုပ်ငန်းခွင်တစ်ခုပေါ့။ မယ်စကြဝဠာလို မယ်အဖွဲ့အစည်းတွေကိုကြည့်လိုက် သူဌေးကြီး ဒေါ်နယ်လ်ထရမ့်လိုသူတွေ တောင်ပါတာပေါ့။

အခုမြန်မာမှာ အပြိုင်းအရိုင်း ပေါ်လာတဲ့ ကမ္ဘာ့အလှမယ်အဖွဲ့ အစည်းတွေရဲ့ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ဖို့၊မြန်မာ ကိုယ်စားပြုမယ်ရွေးရမယ့်အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာက နိုင်ငံခြားအဖွဲ့အစည်းဆီမှာ လုပ်ကိုင်ခွင့်လိုင်စင်သွားဝယ် ရပါတယ်။ ဈေးကတော့ ကိုယ်စားလှယ်လုပ်မယ့် မယ်ဘွဲ့ကကြီးရင်ကြီးသလိုပေါ့။

ဒေါ်လာသောင်းချီပေးရပါ တယ်။ ဒီလိုလုပ်ပိုင်ခွင့်ရမှ နိုင်ငံ ကိုယ်စားလှယ်မယ်ရှာစပွန်ဆာ ရှာပွဲလုပ်ပြီး မယ်ကိုမြေတောင် မြှောက်ပေးရတယ်။ မယ်နာမည် ကြီးရင် သူတို့လည်း အကျိုးအမြတ်ရှိလာမယ်လေ။

တချို့အလှမယ်အဖွဲ့ အစည်းတွေကတော့ ဂုဏ်သိက္ခာနာမည်နဲ့ အသေအချာလုပ်ကြတာပါ။ စည်းကမ်းတွေလည်းကြီး တယ်။ ဥပမာ မယ်စကြဝဠာဆို ရင် နိုင်ငံကိုယ်စားပြုမယ်ရွေးဖို့ ကိုယ်ကြိုက်တဲ့လူကို ကျိတ်လွှတ် လိုက်လို့မရဘူး။ သက်ဆိုင်ရာ တိုင်းပြည်မှာ ပြိုင်ပွဲလုပ်ပြီး ရွေးမှ လက်ခံတယ်။ ဆုဆိုလည်း သေချာထိုက်ထိုက်တန်တန်ပေးတယ်။ တချို့ကတော့ ဟန်ပြထားတဲ့လုပ်ငန်း သက်သက်ပါ။ ဝင်သာပြိုင်တယ် ဆုငွေလည်းမပေးဘူး။ မယ်က နာမည်ကြီး ရုံလောက်ပဲရပြီး သူ တို့ကတော့ မယ်နာမည်ကြီး အောင်လုပ်ပေးတဲ့အတွက် အနု ပညာဝင်ငွေထဲက အချိုးကျပေးရ တာပေါ့။

ဘာပဲပြောပြော သူ့ဘာသာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြရင်ပြီး တာပါပဲ။ ကိုယ်တွေအတွက်တော့ ရေကူးဝတ်စုံလေးတွေဝတ် ထား တဲ့ လှလှပပမယ်လေးတွေကို ကြည့်ရတာ စိတ်ချမ်းသာဖို့ တကယ်ကောင်း၊ နိုင်လာရင်လည်း တိုင်းပြည်အတွက် ဂုဏ်ယူစရာပဲ ပေါ့။ အလှပဂေးလေးတွေရဲ့ တိုင်းပြည်ပေါ့။ အဲဒါကြောင့် တိုင်းပြည်လည်းပွင့်ရော မြန်မာမှာမယ်တွေ တစ်ခေတ်ဆန်းကြတော့တာပါပဲ။

အစောပိုင်းတုန်းက မြန်မာ မယ်တွေကလည်း ပွဲတိုးခါစဆို တော့ နိုင်ငံတကာအတွေ့အကြုံ ကလည်းမရှိဘူး။ ကိုယ့်ဆီမှာက လှလှချည်၊ ချောလှချည်ဆိုပေ မယ့် နိုင်ငံတကာမျက်စိနဲ့က တိုးဦးမှ။ အဲဒါကြောင့် နန်းခင်ဇေ ယျာတို့၊ ခင်ဝင့်ဝါတို့လို မယ်တွေ ဆိုရင် ဆုကြီးတစ်ခုမှ မချိတ်ဘူး။ နောက်ဆုံးဆန်ခါတင်မှာတောင် မပါကြဘူး။ မျိုးချစ်စိတ်နဲ့ မဲပေး ကြတဲ့ အွန်လိုင်းမဲတွေနဲ့ပဲဆုရ တယ်။ ဒါပေမဲ့ အိုကေပါ။ ပြဿ နာမရှိဘူး။ နောက်လူတွေက သူ တို့အတွေ့အကြုံ ကနေ တဖြည်း ဖြည်းသင်လာကြတာပေါ့။

ဟော အခုနောက်ပိုင်း မယ် တွေဆို မြန်မာအကြိုက် တောင့် တောင်ဖြောင့်ဖြောင့် ဖြူဖြူဖွေး ဖွေး ရေဆေးငါးကြီးတွေထက် နိုင်ငံတကာအကြိုက် ရှည်ရှည်မျောမျောပိန်ပိန်ပါးပါး ညိုပြာညက်လေးတွေဖြစ်လာပြီလေ။ အထင်ရှားဆုံးကတော့ မေမြတ်နိုးပေါ့။ သူကလေးကအရပ်ကလည်း နိုင်ငံတကာ အရပ်အမောင်း။ လူကလည်း ညိုပြာညက် ပိန်ပိန်ပါးပါး။ဘိုစကားလေးကလည်းတတ်။ ပံ့ပိုးသူ အဖွဲ့အစည်းကလည်းကောင်းတော့ အရင်မယ်တွေလို နှစ်သိမ့်ဆုတွေ မဟုတ်ဘဲ တကယ့်မယ်ဘွဲ့ဆုကြီးကို ဆွတ်ခူးသွားပါလေရောလား။ တကယ့်ဖိလစ်ပိုင်မယ်တွေ၊ ကိုရီးယားနဲ့ အာရှပစိဖိတ်ဒေသက မယ်တွေကိုကျော်ဖြတ်ပြီး ရတာဆိုတော့ မြန်မာတွေဆိုတာ ပျော်လွန်းလို့ ထတောင်ခုန်ကြသူတွေရှိသတတ်။တုနိုင်ပါရိုးလားပေါ့ လေ။

ဒါပေမဲ့ ပျော်ရွှင်မှုတွေ မပီ ပြင်မှာမီပင် နောက်ပိုင်းငိုချင်းချ စရာတွေလည်း ပေါ်လာပါပြီ။ ဒီမို ကရေစီမှာတောင် မြန်မာ စံထုံး၊မြန်မာနည်းလမ်း ဒီမိုကရေစီဆို တာရှိတယ်မဟုတ်လား။ အခု လည်း မြန်မာထုံးစံ၊ မြန်မာမှု အတိုင်း အကွဲအပြဲ ဇာတ်လမ်းတွေက စတင်လာပါပြီ။

အလှမယ် မေမြတ်နိုးနဲ့ အဖွဲ့အစည်းအကြား အနုပညာ ကြေးရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ကြတာပါ။ ညှိ လို့မရ၊ နှိုင်းလို့မရ၊ တောင်းပန်လို့ မရ ဖေ့စ်ဘွတ်ခ်မှာတင် အပြိုင် အဆိုင်ကြေညာချက်တွေထုတ် ကြတော့ လူတွေကလည်း ဟို ဘက်သည်ဘက်ပါသူကပါ။ အလယ်ကလူစကားဝဲ၏ လုပ်သူ ကလုပ်ပေါ့။ တကယ်တော့ အလှ မယ်ဘက်ကလည်း အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ် သလို အဖွဲ့အစည်းကလည်း စတင်အလုပ်လုပ်ကတည်းက စည်းကမ်းတွေ ကို သေချာရှင်းလင်းပြောကြားရမယ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်ကြတာပါ။ အခုရှုပ်မှ နောင်ရှင်းဆို သလိုပေါ့။

နောက်ဆုံးအဖြစ်အပျက်က တော့ အားလုံးသိကြတဲ့အတိုင်း ပါပဲ။ ကိုရီးယားအဖွဲ့က ရွှေပေ လွှာထုတ်ပြီး သူတို့ပေး ထားတဲ့ မယ်ဆုနဲ့ သရဖူကိုသိမ်းပါတယ်။ ပြုံးစရာကောင်းတာက အဲဒီမယ် ပွဲမှာ ဒုတိယဆုရသူက ကိုရီးယား မယ်ဆိုတော့ ပထမဆုရတဲ့ မြန်မာမယ် ဆုအသိမ်းခံရတော့ ဒုတိယဆုရသူ ကိုရီးယားမယ်က အလိုအလျောက်သရဖူရသွား တာပေါ့။ဟင်း.. ဟင်း မလွှဲသာ မရှောင်သာလို့ နိုင်ငံတော်တာဝန်ကို ယူလိုက်ရသလိုမျိုးပေါ့လေ။ သရဖူကိုသိမ်းတဲ့ ကြေညာလွှာ ထဲမှာတော့ မြန်မာမယ်ဟာ စည်းကမ်းမရှိဘူး။ အဖွဲ့အစည်းကို သစ္စာမရှိဘူး။ ချစ်ခင်နှစ်လိုဖွယ်ရာမကောင်းဘူးလို့ ကိုရီးယားတွေက ခပ်တင်းတင်းပြောထားကြတယ်။ သူတို့ကတော့ အဒေါ့် ယောက်ျားအရင်းဦးလေးကိုတောင် ကမ္ဘာသိ သတ်ပစ်လိုက်သည်အထိ သစ္စာရှိတဲ့ယဉ်ကျေးတဲ့လူမျိုးတွေဆိုတော့ ပြောအားရှိတာပေါ့။

ဇာတ်ပေါင်းထုပ်တော့ ငွေ ကြေးတွေစိုက်ထုတ်၊ အချိန်တွေ အကုန်ခံအားပေးသူတွေ အသံ ကုန်လည်ချောင်းနာအားပေး ခဲ့လို့ ဆုရခဲ့တဲ့ ပထမဆုံးမြန်မာရဲ့ နိုင်ငံ တကာမယ်ဆုကြီးက ပလုံသွား တာပေါ့ကွယ်။ မယ်ဆုသိမ်းရတဲ့ အကြောင်း ရင်းက မယ်အမေရိက ဗက်နာဆာလို မလုံ့တလုံပုံတွေ ရိုက်လို့လည်းမဟုတ်။ ထိုင်းမယ် လိုမျိုးမယ်ဆုနဲ့ မထိုက်တန်လို့ တခြားပြိုင်ပွဲဝင်တွေက ကန့်ကွက် ကြတာလည်းမဟုတ်။ တကယ့် ကို ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေနဲ့ ဗိုလ်ပုံအလယ်မှာ အမှန်အကန် အသေအချာရွေးချယ်ထားတဲ့ ဆုကြီးကို မြန်မာအဖွဲ့အစည်းနဲ့ မြန်မာမယ်တို့ကြားက ပြဿနာ ကြောင့်ဆုံးရှုံး ရပြီ။ မြန်မာဟာ ဒီပုံ အတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ် ပြီး စည်းကမ်းတကျမလုပ်တတ် ကြတော့ဘူးလား။ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့ တာ တကယ်ပဲလား။ ကိုယ့်ကိုယ် ကိုယ်သာမှန်ကြည့်ပြီးသာဖြေပါ တော့ကွယ်။ အချင်းချင်း ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရ တာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။

အခုကျတော့ အဖွဲ့အစည်း က တာဝန်ရှိသူကရော မယ်က ရော သူတို့မှာ အပြစ်မရှိကြောင်းအပြန်အလှန်ကြေညာချက် တွေ နဲ့ရှင်းကြတယ်။ အလှမယ်သရဖူ ကြေညာစဉ်ကလို မျက်လုံးလေး ဝိုင်း ပါးစပ်လေးပွင့်ပြီး များတို့ ဘာမှမသိရပါ ဘူးပေါ့ဆိုတယ်။ ဒါဆိုရင်တော့ တာဝန်ရှိသူတွေက၊ အပြစ်ရှိသူတွေက ဘယ်သူလဲ။ မြန်မာမယ်ဆိုပြီး မျိုးချစ်စိတ်ဓာတ်နဲ့ အားပေးခဲ့ကြသူတွေပေါ့။ ကွန်ပျူတာမောက်စ်ကိုင်ပြီး အာ ခေါင်ခြစ်အားပေးခဲ့သူတွေပေါ့။

ကိုယ်ကအားပေး၊ သူတို့ချင်း ပြဿနာတက်။ ဟော အခုဆုပြန် သိမ်းတော့ အားပေးသူလည်း ကြားထဲကနေ ပေါတောတော တွေဖြစ်မကုန်ဘူးလား။ မယ်ပွဲ တွေမှာ ညဘက်အိပ်ရေးတွေပျက် အွန်လိုင်းကနေ မဲနှိပ်တော့ ဖုန်းခ ကုန်။ အလုပ်တွေ ပျက်ရတော့ နောက်ဆုံးတော့ အသည်းကွဲဖို့ပဲ လား ဆိုတာမျိုးဖြစ်ရပြီ။ လှတာ မက်ခဲ့ကြတာကိုးကွယ်၊ညစာခက်တာ ဘာများဆန်းတော့မလဲ။

(ဖော်ပြပါ သရော်စာသည် စာရေးသူဦးရီး၏ အာဘော်သာဖြစ်သည်။)

7 day

No comments:

Post a Comment

My Blog List