Wednesday, August 27, 2014

တောင်ပိုင်းဆူဒန်တွင် ကုလသမဂ္ဂ ရဟတ်ယာဉ်တစ်စီး ပျက်ကျ ၊ ပစ်ချခံရခြင်းဟု သတင်းထွက်နေ


တောင်ပိုင်းဆူဒန် နိုင်ငံတွင် ထောက်ပံ့ရေး လုပ်ငန်းများအတွက် တာဝန် ထမ်းဆောင်နေသည့် ကုလသမဂ္ဂ ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သတင်းရရှိသည်။ ကုလသမဂ္ဂ၏ မိမိတို့၏ ရဟတ်ယာဉ်တစ်စီး ပျက်ကျသည့် သတင်းကို ကြေညာခဲ့ပြီး အတည်မပြုနိုင်သည့် သတင်းအချို့က ရဟတ်ယာဉ်သည် မြေပြင်မှ ဝေဟင်ပစ် လက်နက်တစ်ခု ထိမှန်ပျက်ကျခြင်းဟု ဖော်ပြနေကြသည်။

တောင်ပိုင်းဆူဒန် နိုင်ငံရှိ ကုလသမဂ္ဂ ဌာနခွဲက ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အဖွဲ့သား(၃)ဦးသေကာ (၁)ဦး အသက်ရှင်ကြောင်းနှင့် ပျက်ကျမှု အကြောင်းရင်းကို ဆက်လက် စုံစမ်းနေကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ဦးကလည်း Mi-8 အမျိုးအစား ရဟတ်ယာဉ်သည် ပစ်ချခံရသည်ဟု သံသယ ရှိနေကြောင်း APသို့ မှတ်ချက်ပေးခဲ့သည်။ 

သို့သော် မည်သူမည်ဝါက ပစ်ချသည် ဆိုခြင်းကိုမူ မခန့်မှန်းနိုင်သေးဟုလည်း ဆိုသည်။

တောင်ပိုင်းဆူဒန်တွင် စစ်တပ်နှင့် သူပုန်တပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်နောက် ယခုနှစ်အတွင်း လူပေါင်းထောင်နှင့်ချီ အသက်ဆုံးရှုံးခဲ့သည်။ ကုလသမဂ္ဂသည် တောင်ပိုင်းဆူဒန်တွင် စစ်ပြေးဒုက္ခသည်များ
ကို ကူညီစောင့်ရှောက်ရေးအတွက် အဓိက အခန်းကဏ္ဍမှာ ပါဝင် လုပ်ဆောင်နေသည်။

တောင်ပိုင်းဆူဒန်သည် (၂၀၁၁)ခုနှစ်၊ ဇူလိုင်လကမှ ဆူဒန်နိုင်ငံမှ ခွဲထွက်ကာ လွတ်လပ်ရေး ကြေညာခဲ့ပြီး ကမ္ဘာပေါ်တွင် သက်တမ်းအနုဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ ကတည်းက စတင် လာသော တိုက်ပွဲများကြောင့် လူဦးရေ (၁.၈)သန်းမျှသည် နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ကုလသမဂ္ဂ က ၎င်းတို့အတွက် ဒုက္ခသည်စခန်းများ တည်ထောင်ပေးပြီး စားနပ်ရိက္ခာ ထောက်ပံ့ကူညီပေးနေရသည်။

Ref: BBC
7Day News Journal 

No comments:

Post a Comment

My Blog List