ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာအနီးတွင် တည်ဆောက်မည့် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရာ၌ ဆိုးကျိုး သက်ရောက်မှုများဖြစ်ပွားနိုင်ပြီး စက်ရုံမှအသုံးပြုပြီး ထုတ်လွှတ်သောရေ များကြောင့် အနီးပတ်ဝန်းကျင်ရှိ ငါးဖမ်းလုပ်ငန်းအား ထိခိုက်နိုင်ကြောင်း ကွမ်းခြံကုန်း ကျောက်မီးသွေး စက်ရုံတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာအား သြဂုတ် ၂၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲတွင် ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုလေ့လာ ဆန်းစစ်ခြင်း မြန်မာအတိုင်ပင်ခံ ကုမ္ပဏီလိမိတက်မှ ဦးညီညီအောင်က ရှင်းလင်းပြောကြားခဲ့သည်။
"တည်ဆောက်ရေးကာလမတိုင်မီနဲ့ တည်ဆောက်ရေးကာလအတွင်းမှာ သိသာထင်ရှားတဲ့ ဆိုးကျိုးသက် ရောက်မှုမရှိဘူးလို့ တွေ့ရတယ်။ တည်ဆောက်ရေးကာလအတွင်းမှာ ဆိုးကျိုးသက်ရောက်မှု အနည်းငယ် တွေ့နိုင်တယ်လို့တော့ တွေ့ရှိထားတယ်။ အဲ့ဒီဆိုးကျိုးသက်ရောက်မှုတွေကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့ အသုံးပြုပြီးတော့ လျှော့ချသွားမှာဖြစ်တယ်" ဟု ဦးညီညီအောင်က ပြောကြားသည်။
"လုပ်ငန်းလည်ပတ်တဲ့အခါ စက်ရုံကထွက်လာတဲ့ အသုံးပြုပြီးရေများကို စနစ်တကျသန့်စင်ပြီးမှ စွန့်ပစ် မှာဖြစ်တယ်။ မြစ်အတွင်းကို အသုံးပြုပြီးရေတွေ ထုတ်လွှတ်မှုကြောင့် အနီးပတ်ဝန်းကျင်ဒေသမှာရှိတဲ့ ငါးဖမ်းလုပ်ငန်းကို ထိခိုက်မှုရှိနိုင်တယ်လို့ လေ့လာတွေ့ရှိရတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။
ကျောက်မီးသွေးစက်ရုံတည်ဆောက်မည့် အနီးနားပတ်ဝန်းကျင်ဒေသခံ များသည် လယ်ယာစိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်းများကို လုပ်ကိုင်ကြောင်းလည်း သိရသည်။
"ကျွန်တော်တို့ရွာမှာက လယ်လုပ်ငန်းလုပ်တဲ့သူရှိသလို တံငါလုပ်ငန်းလုပ်ကိုင် တဲ့သူတွေလည်းရှိတယ်။ စက်ရုံကလွှတ်တဲ့ ရေတွေကြောင့် ငါဖမ်းလုပ်ငန်းကို ထိခိုက်မယ်ဆိုရင် အဲ့ဒါကိုခြေခံပြီးလုပ်တဲ့သူတွေကို ဘယ်လိုဖြေရှင်းပေး မှာလဲ။ အဲ့ဒီအချက်ကို သေချာသိချင်တယ်" ဟု ကွမ်းခြံကုန်းဒေသခံတစ်ဦးက ပြော ကြားသည်။
ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၌ အမေရိကန်နိုင်ငံတွင် ၄၈ ဒသမ ၈ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံတွင် ၂၆ ဒသမ ၆ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံတွင် ၆၈ ဒသမ ၆ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင် ၇၉ ရာခိုင်နှုန်းရှိပြီး အမေရိကန်နိုင်ငံရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀၀ ကျော်ခန့်သည် သတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း မပြုလုပ်မှုကြောင့် ပတ်ဝန်းကျင်အား ထိခိုက်မှုများဖြစ်ပွားသော ကြောင့် စက်ရုံများအား ပိတ်သိမ်းခဲ့ရကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင်တည်ဆောက်ရန်လျာထားသည့် ကျောက်မီးသွေးစက်ရုံများ သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် မဂ္ဂါဝပ် ၃၂၇၀ ရှိသည့် စက်ရုံတစ်ရုံ၊ ထန်းတစ်ပင်မြို့နယ်တွင် မဂ္ဂါဝပ် ၂၇၀ စက်ရုံ တစ်ရုံ၊ သီလ၀ါအထူးစီးပွားရေးဇုန်တွင် မဂ္ဂါဝပ် ၃၀၀ ရှိသည့် စက်ရုံတစ်ရုံ၊ ကျောက်တန်းမြို့နယ်တွင် မဂ္ဂါဝပ် ၇၀၀ ရှိသည့် စက်ရုံတစ်ရုံတို့အား တည်ဆောက်သွားမည်ဖြစ်သည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ငရုပ်ကောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် တို့တွင် မဂ္ဂါဝပ် ၂၇၀ ရှိသည့် စက်ရုံတစ်ရုံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် မဂ္ဂါဝပ် ၆၀၀ ရှိသည့် စက်ရုံနှင့်တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် ၂၅၀ မဂ္ဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများအား တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ကြီးနှင့် ဟိုပုံးမြို့ကြားရှိ တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် ပြည်သူများဒုက္ခရောက်နေသဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်းကို သြဂုတ် ၂၃ ရက်တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာဘုန်းတော် ကြီးကျောင်း၌ပြုလုပ်သော အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ရွှေ့ပြောင်းကျေးရွာသစ်များနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမော်သာထွေးက ပြောကြားခဲ့သည်။
Eleven Media Group
No comments:
Post a Comment