ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ဘရူနိုင်း ဘုရင့်ဖလား အသက် ၂၁ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သည့် မြန်မာ ယူ ၁၉ အသင်းကို အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယကများနှင့် အားကစား ပရိသတ်များက ကျပ်သိန်း ၂၀၀၀ ကျော် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ရှုံးပွဲမရှိဖြင့် စံချိန်တင် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သည့် မြန်မာ ယူ ၁၉ အသင်းသည် ရန်ကုန်မြို့တော်သို့ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိခဲ့သည်။
ယင်းအချိန်၌ပင် မြန်မာဘောလုံး ပရိသတ်များနှင့် တာဝန်ရှိသူများက ဆုများ ဆက်သွယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာ ယူ ၁၉ အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ဆရာတော် အရှင်ဆေကိန္ဒက အမေရိကန် ဒေါ်လာ ၄,၃၀၀ (ကျပ်သိန်း ၄၀ ခန့်)၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ကျပ်သိန်း ၂၀၀၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းနှင့် ဦးတေဇ၊ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့က ကျပ်သိန်း ၃၀၀ စီ၊ ဦးဇော်ဝင်းရှိန် (ဧရာဝတီယူနိုက်တက်)၊ ဦးလှအောင် (အောင်မြင်သူ)၊ ဦးအောင်မြတ်၊ ဦးရန်ဝင်းနှင့် ဇွဲကပင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးလှဌေးတို့က ကျပ်သိန်း ၁၀၀ စီ အပါအဝင် အားကစား ပရိသတ် ၃၀ ခန့်က ပါဝင်လှူဒါန်းခဲ့ရာ စုစုပေါင်း ကျပ် ၂,၁၅၇ သိန်းကျော် ချီးမြှင့်နိုင်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆုကြေးများအပြင် ထပ်မံ ဆက်သွယ်လှူဒါန်းမည့် သူများလည်း ရှိသေးကြောင်း၊ ထပ်မံလှူဒါန်းသူများကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ ယူ ၁၉ အသင်းသည် ရန်ကုန်လေဆိပ်မှတစ်ဆင့် ပြည်လမ်းအတိုင်း လှည်းတန်း၊ မြေနီကုန်း၊ ဓမ္မစေတီလမ်း-လင့်လမ်း-ရွှေဂုံတိုင်မီးပွိုင့်-တာမွေအဝိုင်း-အရှေ့မြင်းပြိုင်ကွင်းလမ်း- လေးထောင့်ကန်လမ်းအတိုင်း သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းသို့ ဖြတ်သန်းခဲ့ရာ လမ်းတစ်လျှောက်ရှိ ပရိသတ် ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြသည်။
The Voice Weekly
No comments:
Post a Comment