Thursday, August 28, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမှုတွင် ပွင့်လင်းမြင်သာမှုရှိရန် လိုကြောင်း ပညာရှင်များ ထောက်ပြ


သတင်းမီဒီယာများတွင် စောင့်ကြည့်ရေးသားမှုများ ရှိသကဲ့သို့ ပြည်သူအများလည်း စိတ်ဝင်တစား သွား ရောက် ကြည့်ရှုလျက် ရှိနေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူမှုတွင် တွေ့ရှိပြီဟု ထုတ်ပြန် မှုများ ရှိခဲ့သော်လည်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းပညာရှင် ဦးကျော်လတ် က ဆိုသည်။ 

ခေါင်းလောင်းကြီး ဆယ်ယူရာတွင် တွေ့ထားပြီ ဆိုပါကလည်း တွေ့ထားသည့် အကြောင်းကို အချက် အလက်ဖြင့် ပြောဆိုရန် လိုအပ်ပြီး မတွေ့သေးပါကလည်း ယူမည့်အချိန်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန် ပြောဆိုရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။ “သူတို့ ဘာမှကိစ္စကို လျှို့ဝှက်နေစရာ မလိုဘူး။ ပွင်းပွင်းလင်း လင်း ပြောဖို့ လိုတယ်။ ကျွန်တော်ကတော့ ဝိဇ္ဇာနည်းတွေ သိလည်း မသိဘူး၊ ယုံလည်း မယုံဘူး” ဟု ထပ်မံပြောကြားသည်။

ခေါင်းလောင်းကြီး ရှိကြောင်းကို သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံ ရှိသောကြောင့် ယုံကြည်မှု ရှိကြောင်း၊ သို့သော် ခေါင်းလောင်းကြီး၏ အလေးချိန်နှင့် ပတ်သက်ပြီး ကွဲလွဲမှုများ ရှိနေကာ အချို့က ခေါင်းလောင်းကြီး ကို ပိဿာချိန် တစ်သိန်းရှစ်သောင်းကျော် ရှိနေသည်ဟု ပြောဆိုသူများ ရှိနေသော်လည်း ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် ကျောက်စာအချို့တွင် အချိန်သုံးထောင်ဟုသာ ဖော်ပြထားကြောင်း ရန်ကုန်တက္ကသိုလ်မှ သမိုင်းဌာနမှ ကထိက ဦးတင်မောင်ထွေးက ထောက်ပြ ပြောဆိုသည်။

ခေါင်းလောင်းကြီး၏ အလေးချိန်ကို ချိန်တွယ်သည့် စနစ်ကိုလည်း ဖော်ပြထားခြင်းမရှိသည်ကို သမိုင်း ကျောက်စာများတွင် တွေ့ရသည့်အပြင် နတ်နဂါးများဖြင့် ဆယ်ယူမှသာ ရရှိမည်ဆိုသည့် အချက်ကိုလည်း လုံးဝ ယုံကြည်မှု မရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ခေါင်းလောင်းကြီး တွေ့ရှိကြောင်းကို ဆလုံရေငုပ်သမားများ၏ တွေ့ရှိချက်ကို အခြေခံကာ သတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ်ပြီး ခေါင်းလောင်းကြီး ရေပေါ်ရောက်မှသာ ဟုတ်မဟုတ်ကို အတည်ပြုနိုင်မည် ဖြစ်ကြောင်း ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေရေး အထောက်အကူပြု အဖွဲ့ဝင် ဦးမင်းကွန်စွန်းက ဆိုသည်။

“လက်ရှိ တွေ့ထားပြီ။ ဖော်ယူဖို့ လုပ်ငန်းဆောင်ရွက်နေတယ်။ ဘယ်နေ့ ဖော်မယ် အတိအကျ ပြောလို့မရ သေးဘူး၊ အစိုးရဘက်ကလည်း ဆယ်ဖို့ရက် အကန့်အသတ်မရှိ ခွင့်ပြုထားပါတယ်” ဟု ဓမ္မစေတီခေါင်း လောင်း ဆယ်ယူရေးအဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးကြည်ဝင်းက ပြောကြားသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ကာ ရှာဖွေခဲ့ခြင်း ဖြစ်ပြီး သင်္ဘောနှစ်စီးဖြင့် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာတွင် ရှာဖွေခဲ့ခြင်း ဖြစ်ကာ နေ့စဉ် လူနှစ်ရာခန့် လာရောက်ကြည့်ရှုလျက် ရှိပြီး ခေါင်းလောင်းကြီးကို သြဂုတ်လ ၂၆ ရက်နေ့တွင် အပြီးတူးဖော်နိုင်မည်ဟု ဦးစံလင်းမှ ပြောကြားထားသော်လည်း ခေါင်းလောင်းကြီး တွေ့ရှိကြောင်း အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့ခြင်း သာ ဖြစ်ပြီး ခေါင်းလောင်းကြီး ဆယ်ယူမည့် ရက်ကိုမူ အတိအကျ ပြောဆိုထားခြင်း မရှိသေးပေ။ 

ခေါင်းလောင်းကြီး၏ အလေးချိန်သည် ပိဿာချိန် တစ်သိန်းရှစ်သောင်း (မက်ထရစ်တန် ၂၉၄ တန်) သာ ရှိပါက အဆိုပါ အလေးချိန်မှာ ခေါင်းလောင်းကြီးကို ပဲခူးမှ ရွှေတိဂုံဘုရားသို့ ရောက်နိုင်ရန် မရှိသကဲ့သို့ ယနေ့ ခေတ် ပစ္စည်းမ ကရိန်းများကို တန် ၃၀ ခန့်နှင့် တံတားများကိုပင် တန် ၆၀ ခံနိုင်ရုံသာ ဆောက်ထားခြင်း ဖြစ်ကြောင်း စာရေးဆရာ ဘဲလားလေဘာတီ (Astro-Political Scientist) က ၎င်း၏ “ဓမ္မစေတီခေါင်း လောင်း အလေးချိန်” ဆောင်းပါးတွင် ဖော်ပြထားသည်။ 

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ၁၉၈၇ ခုနှစ်မှ စတင်ကာ အမေရိကန် နိုင်ငံသားတစ်ဦး အပါအဝင် လူပုဂ္ဂိုလ်များစွာတို့မှ ရှာဖွေခဲ့ကြသော်လည်း ငွေကြေးမလုံလောက်မှု၊ နည်းပညာလိုအပ်မှုတို့ကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။ 

ဓမ္မစေတီ ခေါင်းလောင်းကြီး ရှာဖွေမှု အသုံးစရိတ်မှာ တစ်နေ့လျှင် ပျမ်းမျှ သိန်း ၆၀ ခန့်ရှိပြီး အလှူငွေ ရရှိသည့်ပမာဏမှာ သိန်းတစ်ထောင်ကျော်ခန့် ရှိပြီဖြစ်ကြောင်း ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေး အထောက် အကူပြု အဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List