Wednesday, August 27, 2014

ဝန်ကြီးဟောင်းဦးဆန်းဆင့်၏ (၁၁) ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြ သက်သေများအဖြစ် သာသနာရေး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးတို့အား စစ်ဆေး


သြဂုတ် ၂၆ ရက် ဦးဆန်းဆင့်၏ (၁၁) ကြိမ်မြောက်ရုံးချိန်းတွင် ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄(က) တွင် တရားလိုပြသက်သေ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေ သကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှူး ဦးစိန်မော်နှင့် ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိတို့အား စစ်ဆေးခဲ့ပြီး ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉ တွင် သာသနာရေးဦးစီးဌာန ငွေစာရင်းလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဆွေတို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက “ထူးခြားတာက ၁၂၄(က) ကို သက်သေသုံးယောက် စစ်ပြီးတဲ့ အခါမှာ နိုင်ငံတော်ဘက်ကလိုက်တဲ့ ဥပဒေအကျိုးတော်တွေက လျှောက်ထားချက်တစ်ခု ပေါ်ပါတယ်။ ဒါကဘာလဲဆိုတော့ အစည်းအဝေးတစ်ခုမှာ ပါဝင်တတ်တဲ့ ဒုဝန်ကြီးများဖြစ်တဲ့ နိုင်ငံခြားရေးဒုဝန်ကြီး၊ ပြန်ကြားရေးဒုဝန်ကြီး၊ သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ် စတဲ့ပုဂ္ဂိုလ်တွေ အစည်းအဝေးတက်တယ်။ အဲဒီ အစည်းအဝေးမှာ တက်တဲ့သူတွေက ယခုဒီအမှုမှာ သက်သေတွေအဖြစ် မပါဘူး။ အဲဒါကို ကျွန်တော်တို့ ဘက်က ပေါ်အောင်မေးတယ်။ ဒီသက်သေသုံးယောက်ကို အမှန်တရား ပေါ်ပေါက်ရေးအတွက် ရုံးခေါ် သက်သေအဖြစ်နဲ့ ခေါ်ပေးပါ။ ကျွန်တော်တို့ လျှောက်လဲတာပေါ့။ တရားရုံးက အမှန်တရား ပေါ်ပေါက်ရေး အတွက် ခေါ်မယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ “ကြားတယ်ဆိုတဲ့သူတွေက လူတန်းစားမျိုးစုံ သာသနာရေး၊ သာထွန်းပြန့်၊ ဗိသုကာပညာရှင် တွေရော အပြင်ကလူတွေ အများကြီးပဲ။ အဲဒီလူတွေ သက်သေမပါဘဲနဲ့ နိုင်ငံတော်ကို အကြည်အညိုပျက် အောင် ပြောတယ်ဆိုတဲ့ ပြောဆိုချက်ကို ကျွန်တော်တို့ပြောတယ်ဆိုတဲ့ ဟာလေးကို ဒီကနေ့ အမိန့်ချတယ်။ ချတဲ့အမိန့်ပေါ်မှာ ဘာမှမပြောလိုပါဘူး။ ၀န်ကြီးဦးစိုးဝင်းကို ရုံးမှာပမာဏစစ်တာပေါ့။ နာမည်၊ အဖေနာမည် မှတ်ပုံတင်ကို သူမပြောနိုင်ပါဘူး” ဟု ဦးတင်ထွန်းက ပြောကြားခဲ့သည်။

ဇူလိုင် ၃၀ ရက် ပဉ္စမအကြိမ်မြောက် ရုံးချိန်းတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား ကြားနာစစ်ဆေးခဲ့ပြီး ကျန်းမာရေးမကောင်းသဖြင့် ဦးဆန်းဆင့်၏ မိသားစုဝင်များက ဆေးအာမခံရရှိရန် နေပြည်တော်ခရိုင် တရားရုံးတော်သို့ ဆေးအာမခံ လျှောက်ထားခဲ့သော်လည်း တရားရုံးက ပလပ်ခဲ့သဖြင့် သြဂုတ် ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် အချုပ်လွတ်ထုခြေခွင့်အား ပြင်ဆင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

(၁၀) ကြိမ်မြောက်ရုံးချိန်းတွင် ၀န်ကြီးဟောင်းဦးဆန်းဆင့်၏ ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် စစ်ဆေးမှုအား နေ့တစ်ပိုင်းဖြင့် ရပ်နားခဲ့ရပြီး သြဂုတ် ၂၂ ရက်နေ့ (၁၀) ကြိမ်မြောက်ရုံးချိန်းကို နံနက် ၁၀ နာရီ ဒက္ခိဏခရိုင် တရားရုံးတွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား စတင်စစ်ဆေးခဲ့ရာ ပြစ်မှုအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉ တွင် သက်သေနှစ်ဦးဖြစ်သည့် သာသနာရေးဝန်ကြီးဌာနမှ စီမံညွှန်မှူး ဦးခင်မောင်ဝင်းနှင့် ဦးထွန်းလင်းတို့အား စစ်ဆေးခဲ့ပြီး ပြစ်မှုအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄ (က)တွင် သာသနာရေးဝန်ကြီးဌာန ငွေစာရင်းအရာရှိ ဒေါ်သင်းသင်းဆွေအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးဟောင်းဦးဆန်းဆင့်သည် နှလုံးရောဂါ၊ လေးဘက်နာရောဂါနှင့် မျက်စိဝေဒနာ ရောဂါများကို ခံစားနေရပြီး ရမည်းသင်းထောင်တွင်လည်း နှလုံးရောဂါ ဖောက်လာသည့်အတွက် မန္တလေးတိုင်းဒေသကြီး မှ နှလုံးပါရဂူနှစ်ဦး လာရောက်ကုသခဲ့ရပြီး (၁၀) ကြိမ်မြောက် ရုံးချိန်းစစ်ဆေးနေစဉ် တရားခွင်အတွင်း အသက်ရူကြပ်လာသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ မှ ပါရဂူနှစ်ဦး လာရောက်ကုသခဲ့ရကြောင်း သိရသည်။

ဝန်ကြီးဟောင်းဦးဆန်းဆင့်၏ နောက်ထပ်ရုံးချိန်းအား သြဂုတ် ၂၉ ရက် ဒက္ခိဏခရိုင် တရားရုံးတွင် ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List