Wednesday, July 01, 2015

NLD ပါတီဝင် မဟုတ်သူကို သမ္မတလောင်းအဖြစ် လက်မခံနိုင်ဟု NLD ဗဟိုအလုပ်အမှုဆောင် ပြတ်ပြတ်သားသား ပြောကြား


၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အမတ်နေရာအများစု အနိုင်ရရှိခဲ့ပြီး သမ္မတလောင်းအမည် စာရင်း တင်သွင်းခွင့်ရရှိခဲ့ပါက NLD ပါတီဝင်မဟုတ်သူကို သမ္မတလောင်းအဖြစ် လက်မခံနိုင်ကြောင်း ပါတီ ဗဟိုအလုပ်အမှု ဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက The Voice Daily သတင်းစာနှင့်အင်တာ ဗျူးတွင် ယတိပြတ် ပြောကြားခဲ့သည်။

ဇွန်လကုန်ပိုင်းတွင် ကျင်းပခဲ့သော NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးတွင် သမ္မတ လောင်း ရွေးချယ်ရေး ကိစ္စနှင့်ပတ်သက်၍ ဒေါ်စုနှင့် NLD ဗဟိုအလုပ်အမှုဆောင်များ သဘောထားကွဲလွဲခဲ့ ကြောင်း သတင်း ရရှိသည်။

အစည်းအဝေးတွင် ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက်လုပ်ဆောင်ပေးနိုင် မည့် ပြင်ပမှ မည်သည့်ပုဂ္ဂိုလ်မဆို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ဗဟိုကော်မတီဝင်များက NLD ပါတီက သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမည့်သူသည် NLD ပါတီဝင်သာဖြစ်ရမည်ဖြစ်ပြီး ပါတီဝင်မဟုတ်သူ မည်သူ့ကိုမှ လက်မခံနိုင်ကြောင်း၊ အကယ်၍ ဒေါ်စုကြည် က ၄င်းဆန္ဒအတိုင်း ဇွတ်အတင်းလုပ်မည်ဆိုလျှင် ပါတီပြိုကွဲ သည်အထိ ဖြစ်သွားနိုင်ဟု တင်ပြခဲ့ကြသည်ဟု သိရှိရသည်။ 

နိုင်ငံရေးအသိုင်းအ၀ိုင်းအကြား ခန့်မှန်းချက်များတွင် သူရဦးရွှေမန်းအား NLD ပါတီ၏ သမ္မတလောင်း အဖြစ် တင်မြှောက်နိုင်သည် ဟူ၍ ပါရှိနေ သော်လည်း ၄င်းအား တင်မြှောက်မည်ဆိုပါက NLD ပြိုကွဲသွား မည်ဟု ဦးဥာဏ်ဝင်းက ပထမဆုံး သတိပေး ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ 

မင်္ဂလာတောင်ညွန့်မြို့နယ်မှ ကိုမောင်မောင်တင်က “သမ္မတလောင်းကို NLD ပါတီပြင်ပက မပြောနဲ့၊ ပါတီဝင်တွေ ထဲမှာမှ ပါတီအတွက် ကိုယ်ကျိုးစွန့်ပြီး နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့သူကိုပဲ ရွေးစေချင်တယ်။ ပြောရရင် ၂၀၁၁ အလွန် နိုင်ငံရေးလွတ်လပ်ခွင့်ရလာမှ NLD ထဲကို ရောက်လာတဲ့သူတွေကို သာကူးတွေ လို့ပဲမြင်တယ်။ ဘယ်လောက် တော်တဲ့သူဖြစ်ဖြစ် ပါတီအပေါ် သစ္စာမရှိရင် အလကားပဲ။ အခုမှ NLD ပါတီဝင်ဖြစ်လာတဲ့သူတွေအနေနဲ့ ပါတီအပေါ် သစ္စာစောင့်သိမလား၊ ကိုယ်ကျိုး ပဲကြည့်မလား ဆိုတာ မှတ်ကျောက်တင်မခံရသေးဘူး။ ပြောရရင် လဒလောက်တော့ ငှက်တိုင်းလှပါတယ်။ အန်ကယ် ဦးတင်ဦး ပဲဖြစ်ဖြစ်၊ ဦးဥာဏ်ဝင်း ပဲဖြစ်ဖြစ် သမ္မတ မလုပ်နိုင်စရာ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မိုးသိမ်းက “NLD မှာ အမတ်ရော ဂါ ထနေကြတာ၊ လွှတ်တော် အမတ်လုပ် ချင်တဲ့သူတောင် တစ်မြို့နယ်ကို ၂၀ - ၃၀ ရှိနေတာ။ သမ္မတကို ပါတီပြင်ပက ပုဂ္ဂိုလ်ပေးမယ် ဆိုရင် ထသတ်ကုန် ကြ မှာပေါ့။ ဘယ်လိုပဲ ဒီမိုကရေစီရေးအတွက် လုပ်ခဲ့တာ၊ အခွင့်အရေး အတွက် လုပ်ခဲ့တာမဟုတ်ဘူးဆိုပေမယ့် ရာထူး ဆိုတာ ရနိုင်ရင်လိုချင်ကြ တာ ချည်းပဲ။ အခုလောလောဆယ်မှာ အမေစု သမ္မတဖြစ်ရေးကိုသာ အာရုံစိုက်နေကြလို့ ပွင့်ပွင့်လင်းလင်း သမ္မတမရူးရဲကြသေးတာ၊ ကိုယ့်ဘာ သာ သမ္မတ နေရာမှန်း၊ ကြိတ်ပြီး လူစုတဲ့သူတွေက စုနေပြီ၊ ရွေးကောက်ပွဲမှာ NLD သာ အများစု အနိုင်ရခဲ့ လို့ကတော့ သမ္မတနေရာ လုပွဲကြီးကို ကောင်းကောင်း ကြည့်ရမှာပေါ့။ လူဆိုတာ ဆင်းရဲတဲ့ဒဏ် ခံနိုင်ပေ မယ့် ချမ်းသာတဲ့ဒဏ် မခံနိုင်ဘူးဗျ၊ အဲဒီအချိန်ကျရင် ဒီလူတွေ အမေစု မျက်နှာမျက်နှာကို ထောက်ထားကြ ပါစေလို့ ဆုတောင်းရမှာပဲ ” ဟုပြောကြားခဲ့သည်။

NLD ပါတီမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဦးခွန်သာမြင့်က နိုင်ငံခြား သတင်းဌာနတစ်ခုနှင့် အင်တာဗျူး တွင် NLD အနေဖြင့် ဒေါ်စုကြည် သမ္မတ မဖြစ်နိုင်လျှင် ကြံ့ဖွံ့ဥက္ကဌ ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်း မည်ဟု ပြောကြားခဲ့သဖြင့် ဒေါ်စုကြည်အနေဖြင့် ဦးရွှေမန်းကို သမ္မတလောင်း အဖြစ် တင်သွင်းမည်ဟု ခန့်မှန်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပြီး ထိုကိစ္စကို တန်ပြန်သည့်အနေဖြင့် NLD ပါတီဝင်မဟုတ်သူကို သမ္မတလောင်းအဖြစ် လက်မခံနိုင်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားခြင်း ဖြစ်ပြီး ဦးရွှေမန်းကို ဇွတ်တင်လျှင် ပါတီပြိုကွဲသွားသည်အထိ ဆန့်ကျင်မှု ပြင်းထန်နိုင်သည် ဟု ပြတ်ပြတ် သားသား တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ပြည်သူ့အာဏာ

No comments:

Post a Comment

My Blog List