ပြည်ထောင်စုလွှတ်တော်တွင် ရောက်ရှိနေသော အကျဉ်းထောင်များ ဥပဒေကြမ်းတွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့်ထောင်ဒဏ်ချမှတ် ခံရသူများကို နိုင်ငံရေးအကျဉ်းသား အဖြစ် သီးသန့်သတ်မှတ်၍ ယင်းဥပဒေကြမ်းတွင် ထည့်သွင်းအဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ် ကြောင်း တရားလွှတ်တော်ရှေ့နေ စာရေးဆရာ ဦးဌေးဦးက ပြောကြားသည်။
ရန်ကုန်မြို့တော် ပုဇွန်တောင်မြို့နယ် Orchid ဟိုတယ်တွင် ဇွန်လ ၂၇ ရက် နေ့လယ် ၁ နာရီမှ ၄ နာရီခန့်အထိ ပြုလုပ်သည့် အကျဉ်းထောင် ဥပဒေနှင့် နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေး ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“အကျဉ်းထောင်များ ဥပဒေဆိုတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားတွေ၊ ယုံကြည်ချက် အကျဉ်းသားတွေအတွက် အခွင့်အရေးတွေ ရရှိအောင် ဖြည့်စွက်ချင်တယ်” ဟု စာရေးဆရာ ဦးဌေးဦးက ပြောကြားသည်။
အကျဉ်းထောင်များ ဥပဒေကြမ်း၏ အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဃ) ပါ အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အချုပ်အကျဉ်းသား၊ လူငယ်အကျဉ်းသား၊ သေဒဏ်ကျခံရသော အကျဉ်းသား၊ နှစ်ကြီး အကျဉ်းသားနှင့် တရားမအကျဉ်းသားဟု ခွဲထားပြီး နိုင်ငံရေးအကျဉ်းသားဟူ၍ သီးသန့်ဖော်ပြထားခြင်း မရှိသေးကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
ယင်းသို့ နိုင်ငံရေးအကျဉ်းသား ဟူ၍ သီးသန့်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပြီးလျှင် အခန်း (၂) အကျဉ်းထောင်များ စီမံအုပ်ချုပ်ခြင်း ပုဒ်မ (၃) တွင် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် အကျဉ်းထောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ ဖျက်သိမ်းခြင်း၊ ပြောင်းရွှေ့ခြင်းဆိုင် ရာများ ဖော်ပြချက်တွင် နိုင်ငံရေးအကျဉ်းသားများ အတွက် သီးသန့်အဆောက်အအုံ တည်ဆောက်ပေးရန် ထည့်သွင်းလိုကြောင်း ဦးဌေးဦးက ဆက်လက်ပြောကြားသည်။
ယင်းဥပဒေကြမ်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “တကယ်တော့ အကျဉ်းထောင် ဥပဒေကို ပြည်ထဲရေး ဝန်ကြီးဌာနက ဆွဲတာမဖြစ်သင့်ဘူး” ဟု မှတ်ချက်ပြု ပြောကြားသည်။
ယင်းဥပဒေကြမ်း အခန်း (၂) အကျဉ်းထောင်များ စီမံအုပ်ချုပ်ခြင်း ဖော်ပြချက်ပါ အုပ်ချုပ်ခြင်း စကားရပ်ကို ပယ်ဖျက်သင့်ကြောင်း၊ အကျဉ်းထောင်အတွင်း အပြစ်ဒဏ်ချမှတ်ခံရသူ အားလုံးသည် အမှန်တကယ် အပြစ်ကျူးလွန်ခြင်း ရှိ၊ မရှိ အတိအကျ မပြောနိုင်ဘဲ အကျဉ်းသား အခွင့်အရေးကို အုပ်ချုပ်မှုဖြင့် မစွက်ဖက်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းသို့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအတွက် နိုင်ငံရေးအကျဉ်းသား အဖြစ် သီးသန့်သတ်မှတ်ရန် ပြောဆို မှုနှင့် ပတ်သက်၍ ဥပဒေအကြံပေးရှေ့နေ၊ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးတင်သန်းဦးက “ဒီကိစ္စ အစိုးရနဲ့ လွှတ်တော်က ပြတ်သားဖို့ လိုတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။
ယခင် ကိုလိုနီခေတ်က အတည်ပြုထားသည့် Prisons Act (အကျဉ်းထောင်များ ဥပဒေ)၊ The Prisoner Act (အကျဉ်းသားများ ဥပဒေ)၊ Jails Manul (အကျဉ်းထောင်များလက်စွဲ) များတွင်လည်း နိုင်ငံရေးအကျဉ်းသား အဖြစ် သီးသန့်ဖော်ပြထားခြင်း မရှိသေး ကြောင်း၊ သို့သော် ပြစ်ဒဏ်ချမှတ်ခံရသူများ၏ ပညာအရည်အချင်း၊ လူနေမှု အဆင့်အတန်းအလိုက် ထောင်တွင်းအခွင့်အရေး ရရှိမှု မတူညီကြောင်း ရှေ့နေများက ရှင်းပြသည်။
ယင်းဆွေးနွေးပွဲတွင်ညီမျှခြင်း မြန်မာအဖွဲ့မှ ဦးအောင်မျိုးမင်းက နိုင်ငံတကာ အကျဉ်းထောင်စံနှုန်းများနှင့်အကျဉ်းသား အခွင့်အရေး ဆိုင်ရာများကို ပြောကြားပြီး တရားလွှတ်တော်ရှေ့နေ ဦးဌေးဦး၊ ဥပဒေအကြံပေး ဦးတင်မောင်သန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းတို့က ယင်းဥပဒေကြမ်းကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း ယင်းဆွေးနွေးပွဲထံမှ သိရှိ ရသည်။
ယင်းဥပဒေကြမ်းတွင် အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) အကျဉ်းထောင်များကို စီမံအုပ်ချုပ်ခြင်း၊ အခန်း (၃) အကျဉ်းသားများကို စီမံခန့်ခွဲခြင်း၊ အခန်း (၄) အကျဉ်းထောင်ပြစ်မှုများ၊ အခန်း (၅) ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း (၆) အထွေထွေ တို့ ပါဝင်ပြီး ပုဒ်မပေါင်း ၆၉ ခုအထိ ပါရှိကြောင်း အဆိုပါ ဥပဒေကြမ်းအရ သိရသည်။
အကျဉ်းထောင် ဥပဒေနှင့် နိုင်ငံသားများ အခွင့်အရေး ဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရှိ ရသည်။
The Voice Weekly
No comments:
Post a Comment