Tuesday, June 30, 2015

စာရင်းကိစ္စကြောင့် အမှုဖွင့်ခံရသည့် NLD ပါတီဝင် နှစ်ဦးအရေး ဥပဒေအရ ရင်ဆိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်တွင် တစ်အိမ်တက်ဆင်း မဲစာရင်းပါမပါ စိစစ်ရန် ပညာပေးလုပ်ငန်း လုပ်ဆောင်စဉ် နေအိမ်ကျူး ကျော် ဝင်ရောက်မှုနှင့် အမှုဖွင့်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် နှစ်ဦး ကိစ္စကို ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဟု ယင်းပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“တရားရုံးမှာ ရင်ဆိုင်မှာပေါ့။ ဥပဒေအရ ရင်ဆိုင်မှာပေါ့။ အခုက တရားမစွဲ သေးဘူးလေ။ ရဲစခန်းကို တိုင်ပြီးပြီ။ တရား စွဲတဲ့ အဆင့်တော့ မရောက်သေး ဘူး။ တရားစွဲတဲ့အဆင့် ရောက်ရင်လည်း တရားဥပဒေအရ ရင်ဆိုင်မှာပေါ့။ အဲ့ဒီကိစ္စ ကော်မရှင်ကို အကြောင်းကြားဖို့ လိုရင်လည်း အကြောင်းကြားရမှာ ပေါ့။ ဒါကတော့ ဥပဒေအရ လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သတင်းမီဒီယာ သမားများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

NLD ပါတီဝင်နှစ်ဦးသည် နေပြည်တော်ရှိ ရွှေကြာပင်ရပ်ကွက်အတွင်း မဲစာရင်းပါမပါ စိစစ်နေစဉ် နေအိမ်ဝင်ရောက် ကျူးကျော်မှုဖြင့် ဇွန်လ ၂၀ ရက်က နေပြည်တော် အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့်ခံထားရခြင်း ဖြစ်ပြီး မဲစာရင်း စိစစ်ခြင်း ကို အဟန့်အတားဖြစ်အောင် ပြုလုပ်သည်ဟု ယူဆနိုင် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ပါတီဝင်တွေကို တရားစွဲထားတဲ့ ကိစ္စ အဲ့ဒီကိစ္စက ပထမကော်မရှင်က လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြောတယ်။ လုပ်ပိုင်ခွင့်မရှိ ဘူးဆိုတော့ ဒီဟာ တော်တော်စဉ်းစားရမှာပေါ့။ ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတယ် ဆိုတာ သေသေချာချာ ခိုင်ခိုင်မာမာ ပြောပြီးတဲ့အခါမှာ သွားတုန်းက ဘာမှမဖြစ်ဘဲနဲ့ နောက်တော့မှ ပိုင်နက်ကျူးကျော်မှု ဆိုပြီးတော့ အဲ့လိုလုပ်တယ်။ ဒီအိမ် ထဲဝင်ဖို့ ဆိုတာ အိမ်ရှင်က ဝင်ပါလို့ မပြောဘဲနဲ့ ဝင်လို့မရဘူး။ နောက်ပြီးတော့ ဝင်တုန်းက လည်း သက်သေတွေရှိတယ်။ အဲ့ဒီအိမ်ထဲမှာ တခြားသူတွေ ရှိတယ်။ ဘယ်သူ တွေ ရှိတယ်ဘာတယ် ဆိုတာတော့ အမှုဖြစ်ရင် ရုံးမှာပေါ်မှာပေါ့” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

မဲစာရင်းစိစစ်မှုသည် ပါတီစည်းရုံးရေး ဖြစ်နေသောကြောင့် ခွင့်မပြုကြောင်း ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို မပြုလုပ်ရန် လက်မှတ်ရေးထိုး ခိုင်းခဲ့သော်လည်း လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြောင်း ယင်းပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောဆိုသည်။

ယင်းမဲစာရင်း စိစစ်မှုသည် နိုင်ငံသားတိုင်းအတွက် အခွင့်အရေးဖြစ်ပြီး တရားဥပဒေအရ လုပ်ဆောင်ခွင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၅ ရက်တွင် မီဒီယာများကို ပြောကြားခဲ့ပြီး ဇွန်လ ၂၇ ရက်တွင် ၎င်းကိုယ်တိုင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရပ်ကွက်ရှိ နေအိမ် ၁၈ လုံးကို မဲစာရင်း စိစစ်ခဲ့သည်။

မဲစာရင်း စိစစ်ရာတွင် ယင်းကဲ့သို့ ဖြစ်ပေါ်လာသည့် အခက်အခဲများစွာ ရှိနေပြီး ခြိမ်းခြောက်သည့် ပုံစံဟု ယူဆနိုင်စရာ ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့ နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ သောကလမ်း နေ ဦးသက်ဇော်ထွန်း နေအိမ်သို့ မဲစာရင်းစိစစ်ရန် သွားရောက်ရာမှ နေအိမ်တွင်း ကျူးကျော်ဝင် ရောက်သည်ဟု ဆိုကာ အိမ်ရှင် ဦးသက်ဇော်ထွန်းက အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြော ကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List