Sunday, June 28, 2015

ရန်ကုန်မြို့နယ်အချို့ မဲစာရင်းတွင် အမည်ပိုများပါနေ


ရန်ကုန်တိုင်းအတွင်း အခြေခံမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ထားသည့် မြို့နယ်များတွင် အချို့အိမ်ထောင်စုများ၌ အမှန်ရှိသော သူထက် ပိုနေခြင်း၊ လူနေထိုင် ခြင်းမရှိသော တိုက်ခန်းများမှ လူအမည်များ ပါနေခြင်းတို့ ဖြစ် ပေါ်နေကြောင်း သတင်းရရှိသည်။ ထုတ်ပြန် ထားသည့် မြို့နယ် မဲဆန္ဒရှင်စာရင်းတွင်ပါရှိသော လူစာရင်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုမဲစာရင်း စိစစ်ရေး ကော်မတီက ရပ်ကွက် များအတွင်း မဲပေးခွင့်ရှိသူများ ကျန်ခဲ့မည်စိုးသဖြင့် ရန်ကုန် တိုင်း၌ လိုက်လံ စာရင်းစစ်ဆေး ပေးနေခြင်းဖြစ် သည်။
‘‘အခုလိုက်ပြီး စာရင်းတွေ တိုက်ကြည့်တော့ တချို့အိမ်တွေ ဆို တစ်အိမ်လုံးစာရင်းကျန်နေ တာတွေရှိတယ်။တချို့တိုက်ခန်းတွေမှာ တော့ နေထိုင်တဲ့လူဦးရေထက် မဲစာရင်းမှာ ပါနေတဲ့သူတွေက ပိုများတယ်။ ဒီလူတွေကို အခန်းမှာ နေထိုင်တဲ့သူတွေကလည်း မသိ ဘူးဆိုတော့ ဘယ်လိုရှာရမလဲ။ ဒါကအခု လောလောဆယ်ကပ်ထား တဲ့ မဲပေးခွင့်ရှိတဲ့မြို့နယ်တိုင်းဖြစ် နေတာပါ’’ဟု ကမာရွတ်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အ တွင်းရေးမှူး ဦးငွေကြည်က ပြော သည်။

ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်း အချိန်တွင် ကမာရွတ်မြို့နယ်အ မှတ်(၅) ရပ်ကွက်အတွင်းရှိ ဆရာ စံလမ်းနှင့် အောင်ချမ်းသာလမ်း တို့၌ ကမာရွတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကမဲစာရင်းစစ်ဆေးရာ လူနေတိုက်ခန်းများတွင် လူမရှိဘဲ စာရင်းတွင် ပါရှိသည့် ဦးရေမှာ ၄၀ မှ ၅၀ ကြား တွင်ရှိကြောင်း ဦးငွေကြည်က ပြောသည်။

‘‘အန်တီတို့ ဒီမှာနေတာ တော့ ကြာပြီ။ ရှေ့တိုက်ခန်းလေး လွှာနဲ့ ငါးလွှာမှာတော့ လူနေတာ  မတွေ့မိဘူး။ ဘယ်သူတွေဝယ် ထားလည်း မသိပါဘူး။ ငါးလွှာ ဆိုရင် လူမရှိတာအတော်ကြာပြီ။ ဒီရပ်ကွက်ထဲမှာနေတာ ကြာတဲ့ သူတွေဆိုရင်တာ့ မသိတာမရှိပါ ဘူး။ အခုမဲစာရင်းမှာ ပါတဲ့နာမည် တွေကိုတော့အန်တီတို့လည်းမသိဘူး’’ဟု အောင်ချမ်းသာလမ်း တွင် နေထိုင်သူ အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦးက ပြော သည်။ အဆိုပါအမျိုးသမီးလူမနေ သည်မှာ ကြာပြီပြောသောအခန်း နှစ်ခန်းမှ မဲစာရင်းတွင် ၁၂ ဦးအ မည်ပါဝင်နေသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း မြို့နယ် ၄၅ မြို့နယ်တွင် မဲ ဆန္ဒရှင်စာရင်းကို ၂၄ မြို့နယ်၌ ကြေညာထားပြီး နောက် ၂၁ မြို့ နယ် ကြေညာရန်ကျန်ရှိနေသော် လည်း ကြေညာထားသည့် မြို့ နယ်များတွင် မဲပေးခွင့်ရှိသူများ ကျန်ရှိနေခြင်း၊ နေအိမ် တစ်ခု တည်း တွင် မဲပေးခွင့်ရှိသည့် လူဦး ရေ ထက်ပိုနေခြင်းများဖြစ်ပွားနေ ကြောင်း ဦးငွေကြည်က ဆိုသည်။

‘‘အခုလို လုပ်တယ်ဆိုတာ က ဦးတို့ပါတီမဲရဖို့အတွက် လုပ် နေတာမဟုတ်ပါဘူး။ မဲပေးပိုင် ခွင့်ရှိတဲ့သူတွေ စာရင်းကျန်ခဲ့မှာ စိုးတဲ့ အတွက် လုပ်ပေးတာပါ။ အ ခုလိုလိုက်ပြီး စစ်ဆေးပေးတဲ့အခါ မှာလည်း စာရင်းမှားတွေရှိတယ်။ ဒါတွေကိုလည်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ပြီး ညှိနှိုင်းဆောင်ရွက်သွားမှာပါ’’ ဟု NLD ပါတီဗဟိုမဲစာရင်းစိစစ် ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်း ထွန်းဟိန်က ပြောသည်။

လက်ရှိထုတ်ပြန်ထားသည့် မဲစာရင်းများသည် လ၀ကတွင်ရှိ သည့် အိမ်ထောင်စုစာရင်းကို ရ ယူထုတ်ပြန်ထားခြင်းဖြစ်ပြီး မဲစာ ရင်း၌ လူပိုနေခြင်းသည် မှားယွင်း စွာဖော်ပြခြင်းဖြစ်နိုင်သည်ဟု ရန် ကုန်တိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို က ဆိုသည်။

‘‘အိမ်မှာလူရှိနေပေမယ့် လ ၀ကမှာ ပုံစံ ၆၆/၆ မရှိရင် မဲစာ ရင်းထဲမပါပါဘူး။ လ၀ကမှာရှိတဲ့ အိမ်ထောင်စုစာရင်းကိုသာ ယူပြီး ဖော်ပြထားတာပါ။ မဲစာရင်းမှာ လူပိုနေတဲ့ ကိစ္စကလည်းမှားယွင်း စွာ ဖော်ပြခဲ့လို့ပါ။ ဒီစာရင်းတွေ အကုန်လုံးက လ၀ကက ယူထား တာပါ။ လူရှိပြီး ပုံစံ ၆၆/၆ မရှိရင် ထည့်မပေးနိုင်ပါဘူး။ နောက်ပြီး တိုက်ခန်းတွေမှာ လူမနေဘဲ နာ မည်တွေ ပါတာကလည်း အဲဒီ တိုက်ခန်းမှာ ပထမနေခဲ့တဲ့လူက တခြားနေရာပြောင်းတော့ အဲဒီမဲ ဆန္ဒနယ်မှာ ပုံစံ ၆၆/၆ မထုတ်ဘဲ ထားခဲ့တော့ မဲစာရင်းထဲမှာ နာ မည်တွေပါလာတာပါ။ သက်ဆိုင် ရာက ပုံစံ-၁၀ မထုတ်ဘဲ ပြောင်း သွားတာကြောင့်ဖြစ်ပါတယ်’’ ဟု ဦးကိုကိုက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေး ကောက်ပွဲ၌ မဲပေးခွင့်ရှိသည့်ပြည် သူ ၂၉ သန်းကျော်ရှိပြီး ၂၀၁၀ရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် ပြည်သူ ၂၇သန်းကျော် ရှိသော ကြောင့် ယခုအကြိမ်တွင် မဲပေးခွင့်ရှိသူဦးရေ နှစ်သန်းဝန်းကျင် ပိုမိုများပြားလာ ကြောင်း  သတင်း ရရှိသည်။


7Day News Journal


No comments:

Post a Comment

My Blog List