Friday, July 03, 2015

စာရေးဆရာထင်လင်းဦးရဲ့ အယူခံ မုံရွာခရိုင်တရားရုံး ပယ်ချ


သာသနာ ညှိုးနွမ်းစေမှုနဲ့ ချောင်းဦးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တဲ့ စာရေးဆရာ ထင်လင်းဦးရဲ့ အမှုကို မုံရွာခရိုင် တရားရုံးသို့ ဇူလိုင်လ ၁ ရက်နေ့က အယူခံ တင်သွင်းခဲ့ပေမယ့် အဲ့ဒီနေ့မှာပဲ ပယ်ချခံခဲ့ရတယ်လို့ ဆရာထင်လင်းဦးရဲ့ အကျိုးဆောင်ရှေ့နေဖြစ်သူ ဦးသိန်းသန်းဦးက ပြောပါတယ်။ 
“မနေ့(ဇူလိုင် ၁ ရက်)က အယူခံတင်တယ်။ တင်တဲ့နေ့မှာပဲ ပယ်ချတယ်။ အမှန်က အထက်ရုံးအနေနဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတမှုရှိမရှိ ပြန်စစ်ရမှာ။ မစစ်ရဲဘဲနဲ့ ပယ်ချတယ်ဆိုတာ တရားဥပဒေ ကင်းမဲ့လွန်းတယ်။ အယူခံကို ဒီအဆင့်မှာ ပယ်ချလည်း ရေဆုံးရေဖျားအထိ တက်မယ်” လို့ သူက ဆိုပါတယ်။

စာရေးဆရာ ထင်လင်းဦးကို တရားစွဲဆိုထားတဲ့ ပုဒ်မ နှစ်ခုအနက် ပုဒ်မ ၂၉၈ မှာ ငြိစွန်းခြင်းမရှိတာကြောင့် ပလပ်ခဲ့ပြီး လူတစ်စုကိုးကွယ်တဲ့ ဘာသာသာသနာကို ဖြစ်စေ၊ ဘာသာသာသနာရေး ယုံကြည်သူကိုဖြစ်စေ မသမာတဲ့ စိတ်နဲ့ စော် ကားမှု ပုဒ်မ ၂၉၅ (က) အရ အမှုထင်ရှားတာကြောင့် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ကို ချောင်းဦးမြို့နယ် တရားရုံးက ဇွန်လ ၂ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

The Voice Weekly


No comments:

Post a Comment

My Blog List