Friday, July 03, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် မူလအတိုင်း ရပ်ခံငြင်းဆိုနေခြင်း သည် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဘဲ စစ်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း NLD ကိုယ်စားလှယ် ဆွေးနွေး


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၌ မူလအတိုင်း ရပ်ခံငြင်းဆိုနေခြင်းသည် အပစ်အခတ်ရပ်စဲရေး လက် မှတ်မထိုးနိုင်ဘဲ စစ်ပွဲများပြန်ဖြစ်မည်ကို စိုးရိမ်မိကြောင်း NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး က ဆွေးနွေးပြောကြားသည်။

နေပြည်တော်တွင် ဇူလိုင် ၂ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂  ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေ  မူကြမ်း ပုဒ်မ  ၄၃၆၊ ပုဒ်မခွဲ(ခ)နှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဦးက အထက်ပါကဲ့သို့ ဆွေးနွေးပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ မူလအတိုင်း ရပ်ခံငြင်းဆိုနေခြင်းဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဘဲ စစ်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်မိပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အလှမ်းဝေး သွားနိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စု ဆိုတာလည်း  စိတ်ကူးယဉ်အိပ်မက်ပမာ ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုများ ဆက်လက်နှေး ကွေးနေပြီး ဆင်းရဲတွင်းများလည်း နက်နေဦးမှာ ဖြစ်ပါတယ်။ အမြော်အမြင်ကြီးစွာနဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကို အရှည်မျှော်တွေး ဆောင်ရွက်သင့်ပါတယ်” ဟု NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး က ဆွေးနွေးပြောကြားသည်။

အချိန်အခါ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြောင်းအလဲလုပ်ရန် နှင့် ပြည်သူများ၏ သဘောဆန္ဒများကို လိုက်လျောခြင်းဖြင့် လက်တွေ့သက်သေ ပြသင့်ကြောင်း ၎င်းက ဆက်လက် ဆွေးနွေးသည်။

“၁၉၆၂ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်း အုပ်ချုပ်ခဲ့ပါတယ်။ တစ်ပါတီ အာဏာရှင်စနစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်တာ ၂၆ နှစ်ကြာတော့ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ ဖြစ်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီတောင်းဆိုမှု အရေးတော်ပုံ ပေါ်ပေါက်လာခဲ့ပါတယ်။ တပ်မတော်က အာဏာသိမ်းပြီး နှစ် ၂၀ ကျော် ဆက်အုပ်ချုပ်တော့ ဒေသတွင်းမှာ အဆင်းရဲဆုံး နိုင်ငံစာရင်း ၀င်သွားခဲ့ရပါတယ်။ ပြည်တွင်း စစ်နဲ့ အမျိုးသားစည်းလုံး ညီညွတ်မှုတွေလည်း ပြိုပျက်ခဲ့ရပါတယ်။ အဲဒါကြောင့် ပြည်သူတစ်ရပ်လုံးဟာ ခေတ်အဆက်ဆက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အာသာဆန္ဒပြင်းပြစွာ တောင်း ဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်” ဟု ဦးမြင့်ဦးက ဆွေးနွေးပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(ခ)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ ရရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို စုစည်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်” ဟု ပြင်ဆင်ထားသည်။

ဆက်လက်ပြီး ပုဒ်မ ၂၆၂(ည) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်များမှအပ အခြားတာဝန်များအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုလျှင် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်ထံမှ အမည်စာရင်း တောင်းခံ၍ ယင်းအမည်စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူလျက် နိုင်ငံတော်သမ္မတထံ တင်ပြရမည်” ဟု ပြင်ဆင်ထားသည်။

အထက်ပါ ဥပဒေပုဒ်မ ၂၆၂ (ခ)နှင့် (ည) တို့၏ ပြင်ဆင်ချက်များအပေါ် NLD ပါတီမှ ကိုယ်စားလှယ်များက ထောက်ခံကြောင်း ဆွေးနွေးသည်။

NLD ပါတီမှ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက “ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ မူလပြဋ္ဌာန်းချက် ပုဒ်မ ၂၆၁ (ခ)၊(ဂ)၊(ဃ)၊(င)နှင့်  ပုဒ်မ ၂၆၄(က)၊(ခ)ကို ပြင်ဆင်တဲ့ ပြင်ဆင်ပြဋ္ဌာန်းချက်တွေကို တိုင်းရင်းသား လူမျိုးများအရေးနှင့် ပြည်ထောင်စုကြီးရဲ့ အရေးကိစ္စကို ရှေးရှု သောအားဖြင့် ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အာဏာခွဲဝေရေးနှင့် သယံဇာတခွဲဝေရေးတို့ကို လက်တွေ့အကောင်အထည် ဖော်ခြင်းဖြင့် ပြည်တွင်းငြိမ်း ချမ်းရေးကို တည်ဆောက်နိုင်မည်ဖြစ်ပြီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး၏ ပုဒ်မ ၂၆၁ နှင့် ၂၆၄ တို့ကို မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် ဆိုခြင်းသည် လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကို ပြည်တွင်းစစ်မီး အတွင်းသို့  ပြန်လည်ခေါ်ဆောင် သွားသလို ဖြစ်မည်ကို စိုးရိမ်မိကြောင်း လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးမင်းသိန်းက ဆွေးနွေးပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆(ခ)ပါ နည်းလမ်းအတိုင်း ပြင်ဆင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ပုဒ်မပေါင်း ၃၀ ကို မဲခွဲဆုံးဖြတ်ရာတွင် ပြည်သူလူထု၏ မျှော်လင့်ချက်ဆန္ဒများကို ရိုက်ချိုးဖျက်ဆီးနေသလို မဖြစ်ရန် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူ့အကျိုး တိုင်းရင်းသားများအကျိုး နိုင်ငံတော် အကျိုးကို ရှေးရှုပြီး ၀ိုင်းဝန်းထောက်ခံသင့်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Eleven Media Group


No comments:

Post a Comment

My Blog List