Monday, June 29, 2015

ဘဘ ဗိုလ်ချုပ်မှူးကြီး ကယ်မှတဲ့


ချင်းတိုးတက်ရေးပါတီဝင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်းပြောသွားခဲ့တဲ့ ရိုးသားပြီး ချစ်စရာကောင်းတဲ့ စကားလေးရဲ့ အဓိပ္ပာယ်ပါ။ ဦးကျွန်ခဲန်းက ''ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဘဘဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ သွားရောက်နည်း နာခံ ယူမှသာ ပြင်ဆင်နိုင်မည်ဟု ယုံကြည် ပါတယ်''တဲ့။

ဇွန် ၂၄ ရက်ကလုပ်တဲ့ ပြည် ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြော ကြားခဲ့တာပါ။ ဆိုသေးတယ်ဗျာ။ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဟာတဲ့ တပ်မတော် အစိုးရလက်ထက်မှာ ရေးဆွဲတဲ့ဥပဒေဖြစ် တဲ့အတွက် အဲဒီဥပဒေကို အစဉ်သဖြင့် တာဝန်ခံရမှာက တပ်မတော်အစိုးရသာ ဖြစ်တယ်တဲ့။ အဲဒီအခြေခံဥပဒေကို တပ်မတော် ရဲ့ လက်စွဲဥပဒေလို့ ဆိုနိုင်ကြောင်းလည်း ပြောပါတယ်။

နောက်ပြီးတော့ တပ်မတော်သား များရဲ့ အကြီးအကဲဟာ ဘဘဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ဖြစ်တဲ့အတွက် ကြောင့် အကြီး အကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူပိုင်လို့ပဲ ခံယူပါတယ်တဲ့။ အဲဒါကြောင့် အခရာဖြစ် တဲ့ ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်လိုတဲ့အခါ မှာ ဒီအခြေခံမူပိုင်ဖြစ်တဲ့ ဘဘဗိုလ်ချုပ်မှူး ကြီးသန်းရွှေဆီသွားပြီးမှ ကျွန်တော်တို့ အဲဒီ လို အခြေအနေဖြစ်နေတယ်။ ကျွန်တော်တို့ ဆွဲထားတဲ့ ဥပဒေဟာ လက်တွေ့အကောင် အထည်ဖော်တဲ့နေရာမှာ နည်းနည်းမအပ် စပ်ဘူးဆိုပြီးမှ နည်းနာခံလို့ရှိရင် ဘဘဆီက နေပြီးမှ သူ့မေတ္တာ၊ စေတနာ၊ နှုတ်ထွက်စ ကား ကျွန်တော်တို့ခံယူပြီးမှ ဒီဟာတွေကို ပြုပြင်လို့ရှိရင် အားလုံးကို ပြင်ဆင်လို့ရ မယ်လို့ ယုံကြည်ပါတယ်တဲ့။ စကားပြောရာမှာ ရိုးသားဖြူစင်တဲ့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရဲ့ စကားပေါ့။

တိုင်းရင်းသားတွေဟာ စကား ပြောရာမှာ ချစ်စရာကောင်းသလို ဗမာတွေ လို သွယ်ဝိုက်မပြောတတ်ဘဲ တဲ့တိုး ပြော ကြတာ များပါတယ်။ သူ တဲ့တိုးပြောတာလေး တွေကို ထပ်ပြီး ရှင်းပြရရင် စစ်အစိုးရလက် ထက်မှာ စစ်အာဏာရှင်တွေက သြဇာသုံးပြီး တစ်ဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပ ဒေကြောင့် ရှုပ်ထွေးပွေလီပြီး ရှေ့မတိုးနိုင် ဖြစ်နေရတယ်။ အဲဒီအတွက် တပ်မတော်မှာ တာဝန်ရှိတယ်။ ဘူးခံမနေသင့် ဘူးပေါ့။ ဒီ ဥပဒေကြီးကို တပ်မတော်ရဲ့ လက်စွဲဥပဒေ သဘောမျိုး လုပ်မထားသင့်ဘူး။

ဘယ်သူ ဘာပဲပြောပြော၊ ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် တပ်မတော်ရဲ့ အထွတ်အထိပ်၊ အခေါင်အ ဖျား၊ အကြီးအကဲဟာ ဘဘဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲလို့ ဦးကျွန်ခဲန်းက ဆိုလိုတာပါ။ ဘဘဗိုလ်ချုပ်မှူးကြီးကို ဘယ်သူမှ မလွန် ဆန်ရဲပါဘူး။ သူသာ ပြင်ပေးလိုက်စမ်းဆို ရင် အပြေးအလွှား သူ့ထက်ငါ ပျော်ပျော် ကြီး ပြင်ပေးကြမှာ သေချာပါတယ်။ ဘာ ကြောင့်လဲ။ ၂ဝဝ၈ ဖွဲ့စည်းပုံရဲ့ လက်ရာကို ကြည့်လိုက်တော့ ဘဘ ဗိုလ်ချုပ်မှူးကြီးရဲ့ လက်ရာ။ မူပိုင်ရှင်ကလည်း ဘဘဗိုလ်ချုပ် မှူးကြီးဖြစ်နေလို့ပေါ့။ ချင်းတိုင်းရင်းသား ကိုယ်စားလှယ်ကြီးပြောတဲ့ အတိုင်းဆိုရင် သူ့ရဲ့ မူပိုင်ရှင် ခွင့်ပြုချက်ရမှသာ ဖွဲ့စည်း ပုံကို ပြင်လို့ရမယ်ဆိုတဲ့ သဘောပါ။ တော် တော်ထိမိတဲ့စကားပါ။ ဘယ်ကဏ္ဍမှာပဲ ဖြစ် ဖြစ် မူပိုင်ရှင်ဆိုတာ ရှိတယ်လေ။ မူပိုင်ရှင် ရဲ့ ခွင့်ပြုချက်ရဖို့ လိုတာပေါ့။

ကိုယ်စားလှယ်ကြီး ဦးကျွန်ခဲန်း က မူပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရဖို့ ဘယ်လိုလုပ် ရမယ်လို့ အကြံပြုသလဲ။ နားနဲ့ မနာ ဖဝါးနဲ့ သာ နာကြပါခင်ဗျာ။
အခြေခံဥပဒေ မူပိုင်ရှင်ဖြစ်တဲ့ ဘဘကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ သွားရမယ်တဲ့ဗျာ။ ပြီးတော့မှ အကောင် အထည် ဖော်ရတာ မအပ်စပ်လို့ဆိုပြီး နည်းနာခံ၊ ဘဘဆီကနေ မေတ္တာ၊ စေတနာစကားတွေ ခံယူမယ်တဲ့ ဗျ။ ပြီးရင် ဘဘကြီးကသာ ခေါင်း ညိတ်ရင် အားလုံးပြင်ဆင်လို့ရမယ်လို့ တထစ်ချ သူယုံ ကြည်သတဲ့ဗျ။

မဆိုးပါဘူး။ သူ့အစီအစဉ်က ပြည်သူ ရွေးချယ်တင်မြှောက်တဲ့ နိုင်ငံရေး ပါတီမပါဝင်ဘဲ ဘဘကြီးအလိုကျ ရေးဆွဲခဲ့ တဲ့ အခြေခံဥပဒေဆိုတာလည်း အမှန်ပါပဲ။ ဘဘကြီးက ဟင်းဆိုတာနဲ့ ဘယ်သူမှ မလှုပ် ခဲ့တာ လည်း သွေးထွက်အောင်ကို မှန်ပါတယ်။ ဘဘကြီးက မူပိုင်ရှင်ဆိုတာလည်း ပြည်သူ အားလုံး အသိပါ။ ၉၂ ရာခိုင်နှုန်းမကလို့ ၁ဝဝ ရာခိုင်နှုန်း ထောက်ခံခဲ့ပါတယ်ဆိုလည်း ဘယ်သူမှမယုံ။ အခု ရန်ကုန်တစ်မြို့တည်း တင်ပဲ မဲပုံးထောင်ကြည့် ၉၂ ရာခိုင်နှုန်းမ ပြောနဲ့ ၂၉ ရာခိုင်နှုန်း ထောက်ခံသူတောင် ရှိမှာမဟုတ်ဘူး။ ဖွဲ့ စည်းပုံကို ဆန္ဒခံယူတုန်း က ဘဘကြီးက သူ့လက်သူ့ခြေ မဟုတ်လား ၉၂ ရာခိုင်နှုန်းမပြောနဲ့ ၉၉ ဒသမ ၉၉ ရာခိုင် နှုန်း လုပ်ချင်သလား ရတယ်လေ။

ကိုယ်စားလှယ် ဦးကျွန်ခဲန်းပြော တာတွေက အမှန်ပါပဲ။ ဦးကျွန်ခဲန်းပြောတဲ့ အတိုင်းသာ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်ရမယ် ဆိုရင် ကျွန်တော်တို့အားလုံး ဘဘကြီးဗိုလ် ချုပ်မှူးကြီးဆီမှာ ကိုရီးယားဇာတ်လမ်းတွေ ထဲကလို ဒူးထောက်ပြီးတော့တောင် မေတ္တာတွေရော၊ သစ္စာတွေရော၊ နည်းနာတွေရော နှုတ်ထွက်စကား တွေအားလုံး ခံယူဖို့အသင့် ပါပဲ။

ဒါပေမဲ့ ဦးကျွန်ခဲန်း လုံးဝလွဲမှားနေတာရှိပါတယ်။ အဲဒါကတော့ ဘဘဗိုလ်ချုပ်မှူးကြီးထံကနေ မေတ္တာစေတ နာကို မျှော် လင့်နေတာဟာ ဘာနဲ့တူသလဲဆိုတော့ ကျောက်ခဲကို နို့ညှစ်နေတာနဲ့ တူပါတယ်။ ကျောက်ခဲ ကမှ အဓိဋ္ဌာန်နဲ့ညှစ်ရင် နို့ထွက်ချင်ထွက်လာနိုင်သေးတယ်။ ဘဘဗိုလ်ချုပ် မှူးကြီးထံက မေတ္တာနဲ့ စေတနာ ထွက်လာ ဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူးခင်ဗျ။ အသက် သာအသေခံမယ် အပြင်ခိုင်းမှာ မဟုတ်ဘူး ဗျာ။ ဒီဖွဲ့စည်းပုံကြီးက သူ့ရဲ့ဘဝပဲ။ အခုလို လွှတ်တော်မှာ ပြင်မယ်ဆင်မယ် တကဲကဲ လုပ်နေတာတောင် သူ တော်တော် စိတ်ဆိုး နေလောက်ပြီ။ ဆွေ့ဆွေ့ခုန် နေလောက်ရော ပေါ့။

နောက်ပြီး ဦးကျွန်ခဲန်း ပြောတာ တွေ အမှန်ဖြစ်ပေမယ့် သူတို့ကတော့ ဗြောင် ငြင်းမှာဗျ။ ဘဘကြီးကလည်း သူနဲ့ မဆိုင် တော့ပါဘူးလို့ ပြောမှာပဲ။ ကန့်လန့်ကာ နောက်ကွယ်ကလည်း ကြိုးမဆွဲရပါ ဘူးလို့ ငြင်းမှာပဲ။ တပ်မတော်ကလည်း ဘဘကြီး သြဇာနဲ့ ကင်းပါတယ်လို့ ငြင်းမှာပဲ။ တစ်ချက်တစ်ချက် ကျမှ သွေးက စကားပြောတာ ဘဘကြီးရဲ့ကျေးဇူး သူတို့အပေါ် ကြီးမားတဲ့ အကြောင်း၊ ပြည်သူတွေက လည်း ဘဘ ကြီးကို ကျေးဇူးတင်သင့်တဲ့ အကြောင်းတွေ မိုးမွှန်အောင် ပြောတတ်ကြတယ်။

လွှတ်တော်နဲ့ အစိုးရလိုပေါ့။ ဖွဲ့ စည်းပုံပြင်ဖို့ သူ့လွှဲချ၊ ကိုယ့်လွှဲချ။ ဘဘကြီး ကလည်း ဘယ်ခေါင်းခံမလဲ သူနဲ့မဆိုင်ဘူး ပဲ ပြောမှာပေါ့။ ပြည်သူတွေက အခုမှ အ ခက်၊ ဘယ်သူ့အဖေခေါ်ရမှန်းမသိဘူး။ 

ဦးကျွန်ခဲန်းအားကိုးတဲ့ ဘဘကြီး ဗိုလ်ချုပ်မှူးကြီးမှာ အသည်းနှလုံး မပါဘူး ခင်ဗျ။ စဆွဲစဉ်ကတည်းက ပြည်သူတွေအတွက် ဆွဲတာမဟုတ်ဘူး။ သူ့အတွက် အကာအကွယ်ရအောင်နဲ့ ဒေါ်အောင်ဆန်းစု ကြည် သမ္မတ မဖြစ်အောင်ရယ်၊ ဖွဲ့စည်းပုံ ကို ပြင်လို့မရအောင်ရယ် အကြံနဲ့ ဆွဲသွားတာ။

တပ်မတော် ကိုယ်စားလှယ်တစ် ယောက်က ဆွေးနွေးသွားသေးတယ်။ အ မေရိကန်တို့ သြစတြေးလျတို့မှာ အခြေခံ ဥပဒေကို နှစ်ပေါင်းအတော်ကြာမှ အကြိမ် ရေ နည်းနည်းသာ ပြင်ရတဲ့အကြောင်း။ ဘယ်တူမလဲ ဗျာ သူတို့နိုင်ငံတွေက ပြည် သူအတွက် ပြည်သူတွေပါဝင်ပြီး ရေးဆွဲခဲ့ ကြတဲ့ စင်းလုံးချော ဖွဲ့စည်းပုံလေ။

သူတို့ အမေရိကန်တို့၊ သြစတြး လျတို့ရဲ့ အခြေခံဥပဒေတွေကို ဘဘဗိုလ်ချုပ်မှူးကြီးနဲ့ အဆွဲခိုင်းကြည့် ပါလား တစ်ပတ်မှာ တစ်ခါလောက် မပြင်ရရင်ပြောပေါ့။

လက်ရှိအနေအထားအရ တပ် မတော်ဟာ သဘောထားတင်းမာစွာနဲ့ ပြည် သူတွေရဲ့အပေါ်စီးမှာ အသာစီး ယူတာ သိပ်များလွန်းတော့ ပြည်သူတွေခမျာချောင် ပိတ်ခံနေရသလိုပါပဲ။ စိတ်ဓာတ်တွေ ကျဆင်းပြီး သူတို့ ပဲထင်ရာလုပ်ပြီး အနိုင်ယူ ကြဦးမှာဆိုတဲ့သဘောနဲ့ မဲစာရင်းတောင်သွားမကြည့်ချင်ကြတော့ဘူး။ အကျိုးရ လဒ် အနေနဲ့တော့ တိုင်းပြည်အတွက် မကောင်းနိုင်တော့ဘူး။ စိတ်ဝမ်းကွဲသည်ထက် ကွဲ၊ နိုင်ငံလည်းမွဲ သည်ထက် မွဲနေပြီဆိုတဲ့ အကြောင်း ဘဘဗိုလ်ချုပ်မှူးကြီး သိစေဖို့ တင်ပြလိုက်ရပါတယ်။ ။

ကောင်းဆက်နိုင်
Yangon Media Group

No comments:

Post a Comment

My Blog List