Sunday, June 28, 2015

အပစ်ရပ်လက်မှတ်ထိုးပြီးလျှင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်ပေးမည်ဟုဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ်(NCA)ကို လက်မှတ် ရေးထိုးသည်နှင့် တစ်ပြိုင်နက် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များကို မတရားအသင်းအဖြစ်မှ အစိုးရက ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းရေးအကြီးအကဲက ပြောကြားလာသည်။

သြဇာရှိသော အမေရိကန် မဂ္ဂဇင်း Foreign Policy တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက Seize the Moment for Peace အမည်ရှိ ဆောင်းပါးကိုရေးသား ရာ ယင်းကဲ့သို့ ထည့်သွင်းရေးသား ထားခြင်းဖြစ်ပြီး ၎င်းရေးသားသမျှ သည် အစိုးရ၏ တရားဝင်မူဝါဒ ဖြစ်သည်ဟု ဝန်ကြီးက ဆိုထား သည်။

‘‘NCA ကို လက်မှတ်ထိုးတာ နဲ့ ချက်ချင်းပဲ အစိုးရဟာ မတရားအသင်းများ အက်ဥပဒေအောက်မှာ ပိတ်ပင် ထားတဲ့ အဖွဲ့အစည်း တွေ စာရင်းကနေပြီးတော့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖယ်ရှားမှာ ပါ’’ဟု ဝန်ကြီး ဦးအောင်မင်းက ရေးသားထား သည်။

သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏ယခုပြောကြား မှုသည် မတရားအသင်းအက်ဥပ ဒေကို ဖျက်သိမ်းရန် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)က ၂၀၁၄ ဇွန်လ၌ တောင်းဆိုခဲ့ မှုအပြီး တစ်နှစ်တိတိအကြာတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ် သည်။ သို့သော် ဥပဒေကို ဖျက် သိမ်းမည်ဟု ပြောကြားခြင်း မ ဟုတ်ဘဲ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကို မတရားအသင်းအဖြစ် ထည့်သွင်းထားခြင်းမှ ပယ်ဖျက်ပေးမည်ဟူ၍သာ ဆိုခြင်းဖြစ် သည်။

၁၉၀၈ အိန္ဒိယအက်ဥပဒေ- ၁၄ ဖြစ်သော မတရားအသင်းများ အက်ဥပဒေအောက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကို အစိုးရက ထည့်သွင်းထားခဲ့သည်။ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁၊ ၁၇/၂ တို့ကြောင့် ပြည်နယ်များနှင့် နယ်စပ်ဒေသ များတွင် ယခင်အစိုးရသက်တမ်း တစ်လျှောက် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ အများအပြားရှိခဲ့သည်။ သို့သော် ယခု ဦးသိန်းစိန် အစိုးရလက်ထက်တွင်မူ မတရား အသင်းများအဖြစ်မှ မပယ်ဖျက်ရသေး သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ ခေါင်းဆောင်များ ကို သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရအဖွဲ့ကိုယ်စား လှယ်များက ကြိမ်ဖန်များစွာ တွေ့ဆုံလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၄ က ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဝင်တစ်ဦးကို RCSS/SSA နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဥပဒေဖြင့် တရားစွဲပြီး ကျိုင်းတုံထောင်တွင် ဖမ်းဆီးချုပ်နှောင် ခဲ့သည်။ RCSS/SSA သည် ၂၀၁၁ ကတည်းကပင် ဦးသိန်းစိန်အစိုးရနှင့် နှစ်ဖက်အပစ်ရပ် လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည်။

မတရားအသင်းများအက်ဥ ပဒေ(၁၉၀၈ ခုနှစ်၊ အိန္ဒိယအက် ဥပဒေ-၁၄)ကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၃ က ထွက်ပေါ်ခဲ့သည်။ ယခင်ပါရှိပြီးသား ပုဒ်မ ၁၈ ၏ နောက်တွင် ၁၉ အဖြစ် ‘‘ဤဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ တစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်ဖြစ်စေ မိမိ၏ နေ့စဉ် ပုံမှန်စား သောက်၊ သွားလာ၊ လုပ်ကိုင်ဆောင်ရွက်မှုအတွက်လည်းကောင်း၊ မိမိ၏အ သက်ဘေးအန္တရာယ်ကို ကြောက်ရွံ့ရသည့်အတွက်လည်းကောင်း၊ မတရားအသင်းများနှင့် ဆက်နွှယ် ပတ်သက်ဆောင်ရွက်ရခြင်း သည် ဤဥပဒေအရ ပြဋ္ဌာန်းသည့်ပြစ်မှု များတွင် အကျုံးမဝင်ဟု မှတ်ယူရ မည့်အပြင် တရားစွဲဆိုခြင်း မခံ ထိုက်စေရ’’ဆိုသည့် စကားရပ်ကို ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင်မူ NCA လက်မှတ်ရေးထိုးနိုင်ရန် လာမည့် ဇူလိုင်လဆန်းတွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ၏ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ် ငန်းကော်မတီတို့အကြား တွေ့ဆုံ မှု၌လည်း မူတည်နေသည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ NCCT အကြား ပဏာ မအဆင့် သဘောတူထားသော NCA နောက်ဆုံးမူကြမ်း အပေါ်တွင် ပြင်ဆင်ချက် ၁၅ ချက်ကို လော်ခီးလာ တိုင်းရင်းသားညီလာခံက ဖြည့်စွက်ခဲ့သည်။ 



ယင်းကိုဇူလိုင်လဆန်းတွေ့ဆုံမှု၌ ဆက် လက် ညှိနှိုင်းကြမည်ဖြစ်သည်။ ယင်း၌ ညှိနှိုင်းအဆင်ပြေပါက NCA ကို လက်မှတ်ရေးထိုးနိုင်ကြ မည်ဖြစ်သည်။ ထိုတွေ့ဆုံမှုမပြေ လည်ပါက ၂၀၁၅ ရွေးကောက်ပွဲ ပြီးမှ ညှိနှိုင်းမှုများ ထပ်မံပြုလုပ် နိုင်တော့မည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များက ဆိုထားသည်။

မြန်မာ့တပ်မတော် အပါအဝင် အစိုးရအဖွဲ့အားလုံးက NCA ကို မတ်လ ၃၁ မူကြမ်းအတိုင်း လက်မှတ်ရေး ထိုးရန် သဘောတူ ပြီး ဖြစ်သည်ဟု ဝန်ကြီးဦးအောင် မင်းက ဆိုသည်။ ထို့အပြင် NCA ရေးထိုးပြီးနောက် ရရှိဖြစ်ပေါ်လာ မည့် အရာများကိုလည်း ဝန်ကြီး က မက်လုံးပေး ရေးသားထား ကြောင်း တွေ့ရသည်။ 



မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ တောက် လောင်နေသော ပြည်တွင်းစစ်မီး ကို အဆုံးသတ်ရေးအတွက် ဘာ ကြောင့် ယခုအချိန်သည် အပစ် အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးသင့်သည့် အချိန်ဖြစ်ရသလဲဆိုသည် ကို ဝန်ကြီးက ရှင်းလင်းရေးသား ထားပြီး NCA ရေးထိုးသင့်ကြောင်း အလေးပေး တိုက်တွန်းရေးသားထားသည်ဟု တွေ့ရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ဦးအောင်မင်း (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily




No comments:

Post a Comment

My Blog List