Wednesday, July 01, 2015

အခြေခံဥပဒေ ပြင်ဆင်ရေး ဆုံးဖြတ်ချက်အပေါ် ကျောင်းသားများ ကန့်ကွက်ဆန္ဒပြ


ပြည်ထောင်စု လွှတ်တော်တွင် မကြာခင်က အတည်ပြုလိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင် ရေး၌ အဓိကကျသည့် အချက်များအား ပြင်ဆင်နိုင်ခြင်း မရှိသည့်အပေါ် ကျောင်းသားများနှင့် ၀န်းရံပြည် သူများက ယနေ့ ဆန္ဒပြကြသည်။

ယနေ့ ညနေ ၃ နာရီခန့်က သိမ်ကြီးဈေးမှ ရန်ကုန်တိုင်း ဒေသကြီး တရားရုံးချုပ် အရှေ့ထိ လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဦးဆောင်ဆန္ဒပြ ကျောင်းသား ကိုယ်စားလှယ် တဦးဖြစ်သူ ကိုဇေယျာလွင်က “တပ်မတော်သား ကိုယ်စား လှယ်တွေ လွှတ်တော်တွင်းမှာ ၀င်ရောက်ပြီး ပြည်သူ့ရဲ့ အရေးအရာတွေ ဆုံးဖြတ်နေတာဟာ လွှတ်တော် ဆိုတဲ့ စကားလုံး၊ စကားရပ်နဲ့လည်း မညီသလို ဒီမိုကရေစီဆိုတဲ့ စံနှုန်းနဲ့လည်း လုံးဝ မကိုက်ညီတဲ့အတွက် ဒီတပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်ထဲက ထွက်သွားဖို့ ကျနော်တို့ ဆန္ဒပြ တောင်းဆို ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

ယနေ့ဆန္ဒပြပွဲတွင် ကျောင်းသား ၁၀၀ ခန့် ပါဝင်ဆန္ဒပြကြပြီး ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ မနီလာသိန်း ဦးဆောင် သည့် အဖွဲ့ဝင် တချို့နှင့် ပြည်သူတချို့ ၀န်းရံပါဝင်ခဲ့သည်ကို တွေ့ရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတည်ပြု မဆုံးဖြတ်ခင် ဇွန်လ ၁၈ ရက်က ကျောင်းသားများ တောင်းဆိုနေသော အချက်များ မပါဝင်သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကိုလည်း ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်ခဲ့သည်။

ယနေ့ လှုပ်ရှားမှုသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှုသာဖြစ်ပြီး အမျိုးသား ပညာရေး ဥပဒေ လှုပ်ရှားမှုနှင့် မသက်ဆိုင်ကြောင်း ကိုဇေယျာလွင်က ပြောဆိုသည်။

“လွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မပြင်ဆင်နိုင်သမျှ ကျနော်တို့ တောင်းဆိုနေတဲ့ အမျိုး သား ပညာရေး ဥပဒေ၊ အလုပ်သမား၊ လယ်သမား ဥပဒေတွေ ဆိုတာလည်း အစိုးရ ထိန်းချုပ်မှုတွေ ပါဝင် နေမှာပါ။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင် သင့်တယ်လို့ မြင်ပါတယ်။ အဓိက ၄၃၆ ပုဒ်မကို ပြင်ဆင်နိုင်ဖို့ လိုပါတယ်”ဟုလည်း ၄င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆(က) ၊ ပုဒ်မ ၄၃၆ (ခ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၅၉ (စ) (ဃ) ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ် ခဲ့ရာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် အရေးနိမ့်ခဲ့ရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှုံးနိမ့်သွားသည့် ပုဒ်မ ၄၃၆ (က)နှင့် (ခ) သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တွင် အရေးပါသည့် ပုဒ်မ များဖြစ်ပြီး ပုဒ်မ ၅၉ (စ) သည်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ထားသည့် ပုဒ်မ ဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List