Thursday, July 02, 2015

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တပ်မတော်ရဲ့ သဘောထားနဲ့ မှေးမှိန်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေး အလားအလာ


(၁) ပြီးခဲ့တဲ့ ဇွန် ၂၅ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပြင်ဆင်ရေးကို ရွေးကောက်ခံ မဟုတ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပယ်ချလိုက် ပါတယ်။

ဒီလို ပယ်ချမှုမှာတင် ရပ်မသွားပါဘူး။

ဒီနေ့ ဇူလိုင် ၁ ရက် ပြည်ထောင်စု လွှတ်တော်မှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (ခ) ပြဋ္ဌာန်း ချက်ပါ ပုဒ်မတွေ ပြင်ဆင်ဖို့ကို တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် လက်မခံဘဲ မူလအတိုင်းထားဖို့ ဆွေးနွေးခဲ့ ပါတယ်။

အထူးသဖြင့် အဲဒီ ပုဒ်မတွေထဲမှာ တိုင်းရင်းသားတွေအတွက် အရေးကြီးတဲ့ ပုဒ်မ ၂၆၁၊ ပုဒ်မ ၂၆၂၊ ပုဒ်မ ၂၆၄ ပါ ပြဋ္ဌာန်းချက်တွေ ပါဝင်ခဲ့ပါတယ်။

တကယ်တော့ ပုဒ်မ ၂၆၁ ဆိုင်ရာတွေဟာ ဗဟိုဦးစီး စနစ်ကို ချုပ်ကိုင်ထား တာဖြစ်ပြီး တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု မဖြစ် အောင် တားဆီးထားတဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်နဲ့ မကိုက်ညီဘူးလို့ ပြောတာကလည်း ဒီပုဒ်မတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ 

(၂)ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လုပ်တဲ့အခါ ပုဒ်မ ၂၆၁ ဆိုင်ရာတွေ ပြင်ဖို့ အချက် ပါဝင်ခဲ့ပါတယ်။ ဒါတွေကို လွှတ်တော်တွင်းမှာပဲ ပြင်လို့ ရပါတယ်။တပ်မတော် က မပြင်ဘူး ဆိုရင်တော့ လွှတ်တော်တွင်းမှာလည်း ပြင်လို့ရမှာ မဟုတ်ပါ ဘူး။

ပုဒ်မ ၂၆၁ ရဲ့ မူလပြဋ္ဌာန်းချက်အရ ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက ဗဟိုဦးစီးစနစ် ပုံစံမျိုးနဲ့ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ သမ္မတ ရွေးချယ်ပေးတဲ့ သူကို လွှတ်တော်မှာ အတည်ပြုချက် ယူပြီး ခန့်အပ်ရမှာပါ။

အဲဒီ သမ္မတ ဆိုတာလည်း တိုင်းရင်းသားထဲက ဖြစ်နိုင်ခွင့် နည်းပြီး ဗမာလူမျိုး တွေထဲကပဲ ဖြစ်နေနိုင်တာ ကြောင့် တိုင်းရင်းသားတွေအတွက် ရွေးချယ်ခွင့် မရှိသလို ဖြစ်နေပါတယ်။   

ဒါကြောင့် ဒီအချက်ကို ပြင်ဆင်လိုကြတာပါ။ ပြင်ဆင်လိုတဲ့အချက် လိုရင်းက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ရမယ်။ သူ့ကို ရွေးချယ်တဲ့အခါ သက်ဆိုင် ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်လွှတ်တော်က ဆန္ဒမဲနဲ့ ရွေးချယ်ရမယ်။ ဆန္ဒမဲနဲ့ ရွေးချယ်ပြီး သမ္မတထံ အမည်စာရင်း ပို့ရမှာ ဖြစ်ပါတယ်။

ဒါဟာ ပြည်သူက ရွေးချယ်သူကို ပြည်သူကိုယ်စားပြုထားတဲ့ လွှတ်တော်က အုပ်ချုပ်ပိုင်ခွင့်ပေးတဲ့ သဘော ဖြစ်ပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို မသွားခင်မှာ ဒီလို လုပ်ပိုင်ခွင့် ပေးတာဟာ တိုင်းရင်းသား အဖွဲ့အ စည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် ကျေနပ်မှု ရနိုင်တဲ့ အဆင့်တစ်ဆင့် ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို ပြင်ဆင်တာကို တပ်မတော်က လက်မခံပါဘူး။ တပ်မတော် အနေနဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ပြည်သူရွေး ကောက်ခံမဟုတ်ဘဲ ၂၅ ရာခိုင်နှုန်းစီ ရယူပြီးထားတာတောင် ဗဟိုဦးစီး စနစ်ကို ဖြေလျော့ပေးမှာ မဟုတ် ဘူးဆိုတဲ့ သဘောထားကို ပြလိုက်ပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ သူတို့အတွက် ဘာမဟုတ်တာလေး တစ်ခုကို တောင် သဘောထား မကြီးနိုင်ဘူး ဆိုတာ ပြလိုက်သလို ဖြစ်သွားပါတယ်။

(၃) အဖြေကတော့ ရှင်းပါတယ်။ ဒီပုံစံအရဆိုရင် သမ္မတ ဦးသိန်းစိန် သုံးနှစ်လုံးလုံး၊ ငွေကြေးပေါင်း မြောက် မြားစွာ ကုန်ကျ သုံးစွဲခဲ့တဲ့ ငြိမ်းချမ်းရေး ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာလည်း ဝေးကွာသွားပါပြီ။

တပ်မတော် အနေနဲ့ သက်ဆိုင်ရာ လွှတ်တော်တိုင်းမှာ ရွေးကောက်ခံ မဟုတ်ဘဲ ၂၅ ရာခိုင်နှုန်းကိုလည်း ယူထားတယ်။ တခြား အရေးကြီးတာတွေကိုလည်း လှုပ်မရနိုင်အောင်လည်း ထိန်းချုပ်ထားတယ်။ ဒီလို အခြေအနေမှာတောင် (ဘောင်ထဲက ပေးတယ်လို့ ယူဆနိုင်တဲ့) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာကို တပ်မတော်က မပေးချင်ပါဘူး။

အခုချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ မတင်မကျ ဖြစ်နေပါတယ်။ သူတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို စောင့်ကြည့်နေပါတယ်။ အစောပိုင်းကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို သူတို့ လုံးဝ လက်မခံပါဘူး။

တိုင်းရင်သားတွေ စောင့်ကြည့်နေတာက ပုဒ်မ ၂၆၁ ဆိုင်ရာတွေ ဖြစ်ပါတယ်။

ပုဒ်မ ၂၆၁ ဆိုင်ရာတွေကို မူလအတိုင်း ဆက်ထားမယ်လို့ ပြောခြင်းဟာ ဖက်ဒရယ်ကို လက်မခံနိုင်ဘူး၊ ဖက်ဒရယ် ဖြစ်စေရမယ်လို့ ပြောတာတွေက လည်း စကားအရာပဲ ရှိတယ်ဆိုတာ ပေါ်လွင်စေပါတယ်။

(၄) အခုတော့ တိုင်းရင်းသားတွေအတွက် အဆုံးအဖြတ် ဖြစ်လာပါပြီ။ ပုဒ်မ ၂၆၁ လို ဟာမျိုးကိုတောင် ပြင်မပေးနိုင်ဘူး ဆိုရင် ကျန်တာတွေ ဘာမှ မျှော်လင့်လို့ မရတော့ပါဘူး။

တိုင်းရင်းသားတွေအဖို့ NCA လက်မှတ် ထိုးပြီးရင် လုပ်မယ်ဆိုတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတာ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ လိုလားနေတာက လက်တွေ့လိုက်လျောမှုတွေ ဖြစ်ပါတယ်။ စက္ကူပေါ်က စကားအရာ လိုက်လျောမှုတွေ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီလို အချိန်မျိုးမှာပဲ KNU အပါအ၀င် NCA ကို လက်မှတ်ထိုးချင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ အနေနဲ့ ကားပါးမစ် ငြိမ်းချမ်းရေး ရရုံ၊ မတရားအသင်း စာရင်းသွင်းခံရတာ ပျက်ပြယ်ချင်ရုံနဲ့ NCA ကို လက်မှတ်ထိုးမယ်၊ ပြီးတဲ့အခါ နိုင်ငံရေး ဆွေးနွေးပွဲကို ဇွတ်လုပ်မယ်ဆိုရင် ဒါကို ပြည်သူလူထုက ထောက်ခံ မှာ မဟုတ်ပါဘူး။  

ဒီလို လုပ်ခဲ့မယ် ဆိုရင်လည်း ပြည်သူလူထုနဲ့ ဝေးကွာသွားပြီး အထီးကျန်ဘ၀ ရောက်သွားပါလိမ့်မယ်။

NCA မူကြမ်း ရတုန်းက ချီးကျူးသံတွေ ညံခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဘာမှ ဖြစ်မလာပါဘူး။

ဒီအတွက် တိုင်းရင်းသားတွေကို ဖိအားပေးလို့ မရတော့ပါဘူး။ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင် ဆောင်းပါးရေးပြီး နိုင်ငံတကာ လောဘီတွေက တစ်ဆင့် နိုင်ငံတကာ အမြင်လှစေဖို့ ပုံဖော်တာတွေလည်း အရာထင်မှာ မဟုတ်ပါဘူး။

အခု လက်တွေ့အခြေအနေဟာ ဖက်ဒရယ် ယူနီယံ မပြောနဲ့၊ ကိုယ့်ဒေသ အတွက် ကိုယ်တင်မြှောက်တဲ့ ၀န်ကြီးချုပ်ကိုတောင် လွတ်လပ်စွာ ရွေးချယ် ခွင့် မရှိပါဘူး။

ဒါဟာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု မဖြစ်ခင် သေးငယ်တဲ့ အဆင့်တစ် ဆင့် ဖြစ်ပါတယ်။ ဒါကို တောင် မပြင်ပေးဘူး ဆိုရင်တော့ တိုင်းရင်းသားတွေ ရဲ့ မျှော်လင့်ချက် ဆုံးရှုံးပြီး တင်းမာမှုတွေ ဖြစ်လာ တော့မှာပါ။

တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်လာမယ်။ တိုင်းရင်းသား စစ်ဘေးဒုက္ခသည် အနည်းဆုံး လူ ၁ သန်းကျော်ရဲ့ အနာဂတ် ပျောက်ဆုံးသွားမယ်။ သူတို့ရဲ့ နာကျည်းချက်တွေ ပိုများလာမှာ ဖြစ်ပါတယ်။

ဒီ နာကျည်းချက်တွေကနေ တစ်နေ့မှာ တိုင်းရင်းသားတွေ ကိုယ်တိုင် သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်အ တွက် လွတ်လပ်ရေးကို တောင်းဆိုလာမယ်။ အဲဒီက တစ်ဆင့် ပြည်တွင်းစစ် ပြန်ဖြစ်ပြီး ပြည်ထောင်စု အစိတ်စိတ် အမွှာမွှာ ပြိုကွဲရမယ့် အခြေအနေ ရောက်လာနိုင်ပါတယ်။

(၅) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်ရဲ့ သဘောထား ကို ပြန်ဆန်းစစ်ဖို့ လိုလာပါပြီ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စတွေမှာ တပ်မတော်ရဲ့ သဘောထားက တင်းမာလွန်းပါ တယ်။ ဒီလို တင်းမာနေမယ် ဆိုရင် ပြင်း ထန်တဲ့ ပဋိပက္ခတွေ ပေါ်လာတော့မှာပါ။ အခုလည်း ရလာတဲ့ အခွင့်အရေးကို မဆုပ်ကိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးရဖို့ သိပ်ခက်သွားပါတယ်။

ပုဒ်မ ၂၆၁ ဆိုင်ရာတွေဟာ အသေးအဖွဲ မဟုတ်ပါဘူး။ ဒါကို သာမန် ဥပဒေတစ်ခု ပြင်ဆင်မှုအဖြစ် ယူဆလို့ မရပါဘူး။ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ဆိုင်ပါတယ်။ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ကို ဖန်တီးပေးဖို့ အစပျိုးနိုင်မယ့် အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ ဒါကို ဒီအချိန်မှာ မပြင်နိုင်ရင် နောက် ဘယ်တော့မှ ပြင်နိုင်မှာ မဟုတ်တော့ပါဘူး။

နောက်ပြီး လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေဟာ တည်ငြိမ်တယ်လို့ မဆိုနိုင်ပါဘူး။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တိုင်းနဲ့ ငြိမ်းချမ်းရေး မရသေးဘူး။ အနောက်တံခါးမှာလည်း စိုးရိမ်စရာတွေ ရှိနေတယ်။ အရှေ့ တံခါးမှာလည်း အန္တရာယ်တွေ ရှိနေပါတယ်။ တိုင်းရင်းသားတွေနဲ့ပါ သဘောထား တင်းမာမယ် ဆိုရင် တိုင်းပြည်အတွက် စိုးရိမ်စရာ ဖြစ်လာမှာ သေချာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တိုက်ရိုက် အမိန့်ပေးပြီး ညွှန်ကြားဖို့ လိုလာပါတယ်။ အခု တပ်မတော်ရဲ့ သဘောထားတွေအရ သမ္မတ ဦးသိန်းစိန် တည်ဆောက် နေတဲ့ ငြိမ်းချမ်းရေး ပျက်စီးသွားနိုင်ပါတယ်။ ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသားတွေအကြား သွေးကွဲမှုတွေ ပိုဖြစ်လာပြီး ငြိမ်းချမ်းရေး ဆိုတာ ပိုပြီး ဝေးကွာသွားဖို့ပဲ ရှိပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်၊ NLD အပါအ၀င် ရွေးကောက်ခံ လွှတ်တော်ကိုယ် စားလှယ်တိုင်းကလည်း ပုဒ်မ ၂၆၁ ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး တပ်မတော် ရဲ့ သဘောထားကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ့် အချိန် ရောက်ပါပြီ။ ဒီပုဒ်မတွေ ပြင်ဆင်ဖို့ တပ်မတော်က ဆက်ပြီး ငြင်းပယ်နေသည့်တိုင် ကန့်ကွက်ရပါ လိမ့်မယ်။

ဒါဟာ ပြည်ထောင်စုရဲ့အနာဂတ်၊ တိုင်းရင်းသား ပြည်သူအားလုံးရဲ့အနာဂတ် နဲ့ သက်ဆိုင်နေပါတယ်။

တိုင်းရင်းသားတွေကတော့ ရွေးချယ်စရာ အများကြီး မရှိတော့ပါဘူး။ ရွေးချယ်စရာတစ်ခုပဲ ရှိပါတော့တယ်။

အကယ်၍ ပုဒ်မ ၂၆၁ ဆိုင်ရာတွေကို မပြင်ဘူး ဆိုရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကိုတောင် တပ်မတော်က မပြင် ဆင်လိုတာဟာ တိုင်းပြည်အတွက် ၀မ်းနည်းကြေကွဲစရာ ဖြစ်လာဖို့ပဲ ရှိပါတယ်။ ငြိမ်းချမ်းရေးက မှေးမှိန် သွားပါပြီ။

Eleven Media Group


No comments:

Post a Comment

My Blog List