Friday, July 03, 2015

လုပ်သားများ လွတ်လပ်စွာ ပြောင်းရွှေ့လုပ်ကိုင်မှုသည် အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွက် ကြီးမားသော ပြဿနာ ဖြစ်လာနိုင်


ယခုနှစ်အတွင်းတွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) သဘောတူညီချက်ပါ အချက်တစ်ချက် ဖြစ်သော အာဆီယံနိုင်ငံများကြား အလုပ်သမားများ လွတ်လပ်စွာ ပြောင်းရွှေ့လုပ်ကိုင်ခွင့် ပြုခြင်းသည် AEC အမှန် တကယ် စတင်သည့်အချိန်တွင် အာဆီယံ ၁၀ နိုင်ငံအတွက် လှေစီးရွှေ့ပြောင်းသူများ အရေးထက်ပို၍ ကြီးမားသည့် ပြဿနာ ဖြစ်လာနိုင်သည်ဟု ထိုင်းကုန်သွယ်ရေး ဘုတ်အဖွဲ့၏ ဒုဥက္ကဋ္ဌ ဒေါက်တာဂျင်ဂျေဟန်ချန်လက်ရှ်က သတိပေး လိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။ 

“အဓိကပြဿနာက အလုပ်သမားတွေ လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်မှု ဖြစ်လာပါလိမ့်မယ်။ ဒါဟာ ထိုင်းနဲ့ အခြား အာဆီယံနိုင်ငံတွေ အတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်လာမှာပါ” ဟု ဒေါက်တာဂျင်ဂျေဟန်က လက်ရှိဖြစ်ပွားလျက် ရှိသည့် ရွှေ့ပြောင်းဒုက္ခသည်အရေး ပြဿနာ ဖြစ်သော ထောင်နှင့်ချီသော ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးများက အရှေ့တောင်အာရှနိုင်ငံ အချို့သို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်ကို ထောက်ပြပြီး ပြောကြားသည်။ 

အာဆီယံနိုင်ငံများ အားလုံးကို စီးပွားရေး ဈေးကွက်တစ်ခုတည်း အဖြစ် အသွင်ပြောင်းပစ်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) နှင့် ပတ်သက်ပြီး အာဆီယံနိုင်ငံများ အနေနှင့် မည်မျှအသင့်အနေအထားတွင် ရှိနေသနည်း ဆိုသည်ကိုလည်း ဒေါက်တာဂျင်ဂျေဟန်က မေးခွန်းထုတ်ခဲ့သည်။ 

AEC စတင် အကောင်အထည်ဖော်ပြီ ဆိုသည်နှင့် အဖွဲ့ဝင်နိုင်ငံများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်မည် ဖြစ်သလို အရင်းအနှီးနှင့် ကျွမ်းကျင် လုပ်သား ချောမွေ့မြန်ဆန်စွာ စီးဆင်းမှုမှလည်း အကျိုးအမြတ်ရရှိမည် ဖြစ်သည်။ 

“အခုကိုပဲ ကျွန်တော်တို့နိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ ရှိနေပါပြီ။ ပြီးတော့ အဲဒီရွှေ့ပြောင်းလုပ်သားတွေက ကျွန်တော်တို့ရဲ့ မိတ်ဆွေ အာဆီယံနိုင်ငံတွေကပါပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒီလိုအလုပ်သမားတွေ တစ်နိုင်ငံက တစ်နိုင်ငံ ရွှေ့ပြောင်းလုပ်ကိုင်တာကို ဘယ်လိုထိန်းချုပ်ကြမလဲ” ဟု ဘန်ကောက်မြို့တွင် ကျင်းပသော Thailand Business Inside ၂၀၁၅ စီးပွားရေးခေါင်းဆောင်မှု ဖိုရမ်တွင် ထိုင်းကုန်သွယ်ရေး ဘုတ်အဖွဲ့ ဒုဥက္ကဋ္ဌက ပြောကြားသည်။ 

UNHCR ၏ နောက်ဆုံးထုတ်ပြန်သော အရှေ့တောင်အာရှတွင် ပင်လယ်ပြင်အတွင်း တရားမဝင် ရွှေ့ပြောင်းမှု အစီရင်ခံစာအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်းတွင် ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ၂၅၀၀၀ ခန့်သည် မှောင်ခိုလှေများကိုစီးပြီး ရွှေ့ပြောင်းအခြေချရန် ကြိုးစားခဲ့ကြကာ ယင်းအရေအတွက်သည် ၂၀၁၄ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်းကထက် နှစ်ဆခန့် ပိုမိုများပြားခဲ့သည်ကို တွေ့ရသည်။ 

၂၀၁၅ ခုနှစ် ပထမ လေးလပတ် အတွင်းတွင် တရားမဝင် ရွှေ့ပြောင်းအခြေချရန် ကြိုးစားရင်း အစာရေစာ ပြတ်လပ်မှု၊ မှောင်ခိုလှေလုပ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် သေဆုံးခဲ့ရသူ အယောက် ၃၀၀ ခန့်အထိ ရှိမည်ဟု ခန့်မှန်းရသည်။

ရွှေ့ပြောင်းအခြေချသူများအရေး အပြင် အာဆီယံ၏ နံပါတ်တစ် စီးပွားရေးကုန်သွယ်ဖက် ဖြစ်သော တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံအချို့ အကြား ဖြစ်ပွားလျက်ရှိသော တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အငြင်းပွားမှုမှာလည်း အာဆီယံနိုင်ငံ ခေါင်းဆောင်များအတွက် ခေါင်းခဲစရာ ဖြစ်လျက်ရှိသည်။ 

အင်္ဂါနေ့က ကျင်းပသည့် Thailand Business Inside ၂၀၁၅ စီးပွားရေးခေါင်းဆောင်မှု ဖိုရမ်တွင် တက်ရောက်လာကြ သော အာဆီယံနိုင်ငံများမှ ထိပ်တန်းစီးပွားရေးသမားများနှင့် အစိုးရအရာရှိများသည် စတင်သည့်အချိန်တွင် အဖွဲ့ဝင် နိုင်ငံများ ရင်ဆိုင်ရမည့် အခက်အခဲများနှင့် ရရှိလာနိုင်သည့် အကျိုးအမြတ်များကို ဆွေးနွေးခဲ့ကြသည်။


The Voice Weekly

No comments:

Post a Comment

My Blog List