Wednesday, July 01, 2015

အမေရိကန်နှင့် ကျူးဘားတို့ သံရုံးများ အပြန်အလှန် ဖွင့်လှစ်မည့်ကိစ္စ အတည်ပြု ကြေညာရန် စီစဉ်


အမေရိကန်နှင့် ကျူးဘားတို့သည် နှစ်နိုင်ငံသံရုံးများ အပြန်အလှန် ဖွင့်လှစ်မည့်အစီအစဉ်ကို ကြေညာသွား မည်ဟု သိရသည်။ ဇူလိုင် ၁ ရက်တွင် နှစ်နိုင်ငံစလုံး၏ အစိုးရများက နိုင်ငံမြို့တော်အသီးသီးတွင် သံရုံးများ အပြန်အလှန် ဖွင့်လှစ်မည့် အစီအစဉ်ကို အတည်ပြု သတင်းထုတ်ပြန်မည်ဟု သိရသည်။ 

ယင်းသည် ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည် စတင်မှုလည်း ဖြစ်သည်။

အမေရိကန်က ၎င်းတို့၏ ကမ်းလွန်ရှိ ကွန်မြူနစ် ကျွန်းနိုင်ငံငယ်ကို ကုန်သွယ်ရေး ပိတ်ဆို့မှုများ ပြဋ္ဌာန်း သတ်မှတ်လိုက်သည့်နောက် ၁၉၆၀ ပြည့်လွန် နှစ်များမှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာ အေးခဲသွားခဲ့ သည်။ သို့သော်လည်း အမေရိကန်သမ္မတ ဘာရတ် အိုဘားမားလက်ထက် ၂၀၁၄ ခုနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် တိုးမြှင့် တည်ထောင်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

ယခုအခါ အမေရိကန် သံရုံးကို ဟာဗားနား၌ ဖွင့်လှစ်ပြီး ကျူးဘားသံရုံးကို ဝါရှင်တန် ဒီစီတွင် ဖွင့်လှစ်သွား ရန် အသင့်ဖြစ်နေပြီဟု သိရသည်။ အမေရိကန်နှင့် ကျူးဘားတို့သည် ၁၉၇၇ ခုနှစ်မှ စတင်ကာ ကြားခံ သံတမန် ဆက်ဆံရေးမျိုးသာ ရှိခဲ့ပြီး ဆွစ်ဇာလန်ကို ကြားခံ သံတမန်ရေးရာ ကဏ္ဍတွင် အသုံးပြုခဲ့သည်။ 

အမေရိကန် သမ္မတ အိုဘားမားသည် ဝါရှင်တန်ဒီစီတွင် ကျူးဘားသံရုံး ဖွင့်လှစ်မည့် ကိစ္စကို ဇူလိုင် ၁ ရက်တွင် ကြေညာမည် ဖြစ်သော်လည်း သံရုံး တရားဝင် စတင်၍ လုပ်ငန်းလည်ပတ်မည့် နေ့ရက်ကိုမူ အတည်အကျ မသိရသေးချေ။ ယခုခြေလှမ်းသည် နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍ တိုးတက်မှုတွင် နောက်ထပ် အထင်ကရ မှတ်တိုင်သစ်လည်း ဖြစ်လာဖွယ် ရှိသည်။

ဧပြီလက အိုဘားမားသည် ကျူးဘား သမ္မတ ရောလ်ကက်စ်ထရိုနှင့် လူချင်းတွေ့ဆုံ စကားပြောခဲ့ပြီး ယင်းသည် ရာစုနှစ် ထက်ဝက်မျှ ကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်ချင်း ပထမဆုံးအကြိမ် ဆွေးနွေး ဆက်ဆံမှုလည်း ဖြစ်လာခဲ့သည်။ ထို့နောက် တစ်လအကြာတွင် အမေရိကန်က ကျူးဘားကို ၎င်းတို့ သတ်မှတ်ထားသည့် အကြမ်းဖက်အားပေး နိုင်ငံစာရင်းမှ ပယ်ဖျက်ခဲ့သလို နှစ်နိုင်ငံကြား ရေကြောင်းနှင့် လေကြောင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများ တစ်ကျော့ပြန် အစပြုမည့် အစီအစဉ်များကိုလည်း ကြေညာနိုင်ခဲ့သည်။

ကျူးဘားသည် ၁၉၆၂ ခုနှစ် ကတည်းက အမေရိကန်၏ စည်းမျဉ်းသတ်မှတ်ချက်အရ လက်နက်ကုန်သွယ် ခွင့် တားဆီးပိတ်ပင် ခံထားရပြီး သမ္မတ အိုဘားမားက ယင်းကို ပြန်လည် ပယ်ဖျက်ပေးရန် လွှတ်တော်သို့ တိုက်တွန်းထားကြောင်း သိရှိရသည်။ 

Ref: CNN
7Day News Journal


No comments:

Post a Comment

My Blog List