Monday, June 29, 2015

NLD ပါတီဝင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်၏ မိသားစုတစုလုံး မဲစာရင်းတွင် မပါ


တနိုင်လုံးအတိုင်းအတာအရ မဲစာရင်း မှားနေမှုများ ကြုံတွေ့နေရသည့်အတွက် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်အနေဖြင့် ပြန်လည်စိစစ် သင့်ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်က News Watch သို့ ပြော သည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် နောက်ဆုံးအဆင့်ဖြစ်သည့် တတိယအဆင့် ( ၂၁) မြို့နယ် မဲစာရင်းပြုစုခြင်း လုပ်ငန်း ပြီးဆုံးပြီ ဖြစ်ခြင်းကြောင့် ကောက် ယူပြီးစီးသည့် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကျေးကော် မရှင်အဖွဲ့ခွဲ ရုံးများ၌ ဇွန်လ ၂၂ ရက်မှ စတင်ကပ်ထားပေးခဲ့ရာ မဲစာရင်းအမှားများ ရှိနေပြီး ယင်းတို့ အထဲတွင် မရမ်းကုန်းမြို့နယ်တွင် နှစ်ပေါင်းများစွာ သန်းခေါင်စာရင်းဖြင့် နေထိုင်လာခဲ့သူ NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်၏ မိသားစု ၃ ဦးစလုံး မပါဝင်ခဲ့ကြောင်း သိရသည်။

''ပုံစံ ၃ နဲ့ ပြန်လျှောက်ခဲ့ပါတယ်။ ပြောချင်တာကတော့ ၉၀ ပြည့်နှစ်က မဲထည့်ခဲ့ပြီး ၂၀၁၂ မှာ အရွေးခံ ခဲ့ရတယ်။ ၂၀၁၅ ခုနှစ်ကျမှ မဲစာရင်းမှာ မပါဘူးဆိုတော့ အရုပ်ဆိုးနေကြောင်းနှင့် မဲစာရင်း အမှားများ တနိုင်ငံလုံး အတိုင်းအတာ ဖြစ်ပေါ်နေသည့်အတွက် ကော်မရှင်အနေနှင့် သေချာပြန် လည်စိစစ်သင့်ပြီလို့ ပြောချင်တယ်''ဟု ၎င်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုများအား မည်သို့ပြုစု သည်ကို မသိရှိသော်လည်း မကြေညာခင် ပြန်လည်စိစစ်သင့်ကြောင်း ဒေါ်မေ၀င်းမြင့် က ထောက်ပြသည်။

''ဒီ ၂၀၁၅က အင်မတန်မှ အရေးကြီးပါတယ်။ လူတိုင်းမဲပေးပိုင်ခွင့်ရှိရမယ်ပေါ့။ အခုတွေ့နေရတာကတော့ ဆုံးသွားတဲ့သူ တွေရဲ့ အမည်လည်း ပါနေတယ်။ ဘယ်လိုများစိစစ်ပြီးတော့ အပေါ်ကို တင်ပေးလိုက်လည်း လို့ အံ့သြမိပါတယ်။ အတိအကျဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး။ အရမ်းကြီးကွာတာကျတော့ မဖြစ်သင့်ဘူး ပေါ့''ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် တာမွေ၊ တ/ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ မင်္ဂလာ တောင်ညွန့်၊ မရမ်းကုန်း၊ လှိုင်၊ အလုံ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ကိုကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်များကို အပါအ၀င် ၂၁ မြို့နယ်တွင် မဲစာရင်းများကြေညာ ကပ်ပေးထားခြင်း ဖြစ်သည်။

အဆိုပါမဲစာရင်းများတွင် သန်ခေါင်စာရင်းရှိပြီး မဲစာရင်းတွင်အမည်မပါလျှင် ပုံစံ (၃)၊ အချက် အလက်မှား ယွင်းသည့်အခါ ပုံစံ (၄-ဂ)တို့ဖြင့် လျှောက်ထား နိုင်ပြီး မဲစာရင်းတွင် အိမ်ထောင်စုစာရင်းမှ ကွယ်လွန်သူ များနှင့် မဲပေးခွင့် မရှိသူများ ပါဝင်နေပါက အထောက်အထားနှင့်အတူ ပုံစံ(၄) ဖြင့် ကန့်ကွက် နိုင်ကြောင်း ကိုလည်း ကော်မရှင်အဖွဲ့ခွဲက ကြေညာထားသည်။

လင်းလင်းအောင်
ဓါတ်ပုံ - ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


No comments:

Post a Comment

My Blog List