Tuesday, June 30, 2015

အစိုးရတပ်နှင့် စစ်ရေးတင်းမာမှု ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု UWSA ပြော


ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင် ဒေသတွင် အစိုးရတပ်မတော်နှင့် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) တို့အကြား စစ်ရေးတင်းမာမှု ရှိနေသော်လည်း ငြိမ်းချမ်းစွာ ဖြေရှင်း သွားမည်ဟု ဆုံးဖြတ်ထားကြောင်း UWSA က ပြောဆို သည်။

နှစ်ဘက် စစ်ရေးတင်းမာမှု လျော့ကျသွားစေရေးအတွက် “ဝ” တပ်ဖွဲ့ ကိုယ်စားလှယ်များက ဇွန်၂၄၊ ၂၅ ရက်များက နေပြည်တော်သို့ လာရောက်ပြီး အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သော်လည်း နှစ်ဘက် တပ်များအကြား တင်းမာနေဆဲ ဖြစ်ကြောင်း သိရ သည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က “အစိုးရတပ်တွေ ရှိသေးတယ်။ ကျနော်တို့ တပ်တွေလည်း ရှိသေးတယ်။ ဒါပေမယ့် နှစ်ဘက်စလုံးက ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ကြိုး စားနေကြပါတယ်။ ပြဿနာ မဖြစ်အောင် အားလုံး ထိန်းနေကြပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်က UWSA အဖွဲ့ဝင်များသည် မိုင်းတုံမြို့နယ်အတွင်း သစ်ခုတ်နေရာ အစိုးရ တပ်မတော်က “၀” တပ်ဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီး သွားပြီး တရားစွဲဆိုရန် ပြုလုပ်နေသဖြင့် အပြန်အလှန် စစ်ရေးတင်းမာ လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဖမ်းဆီးထားသူ အားလုံးကို တပ်မတော်ဘက်မှ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ(တောင်ပိုင်း) ရှိ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ နမ့်ဆိုင်ဒေသ သစ်တော ကြိုးဝိုင်း၊ မိုင်းခေတ်၊ မိုင်းဟန်၊ နားပါကောင် ဒေသ အတွင်း၌ တပ်မတော်နှင့် UWSA တပ်များ အင်အားတိုး ချဲ့ ချထားမှုကြောင့် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း သိရ သည်။

UWSA တပ်များနှင့် အစိုးရ တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ယခုလ တတိယ ပတ်က ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် သွားရောက်ခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ် ပွားလာမည်ကို စောင့်ကြည့်လေ့လာသူ တချို့က စိုးရိမ်မှုများ ရှိနေခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၎င်း၏ ခရီးစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် တပ်မတော် အရာရှိများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး အပါအဝင် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံ ပိုင် သတင်းစာများတွင် ဖော်ပြ ခဲ့သည်။

သမ္မတ ဦးသိန်းစိန်က နှစ်ဘက်တပ်များ အကြား တိုက်ပွဲများ မဖြစ်စေရေး ညွှန်ကြားထားသည်ဟု ကြားသိရကြောင်းနှင့် ရှေ့တန်း တွင် တင်းမာမှု ဖြစ်ပွားနေသော နှစ်ဘက်တပ်များလည်း မကြာခင် အခြေအနေကောင်းကို ရောက်ရှိသွားမည်ဟု ယူဆကြောင်း ဦးအောင်မြင့်က ပြောဆိုသည်။

“အစိုးရဘက်ကလည်း သေနက်မပေါက်လိုတဲ့ လိုလားချက် ရှိနေပါတယ်။ ကျနော်တို့ကလည်း ၂၆ နှစ်ကြာ ထိန်းသိမ်းလာတဲ့ ငြိမ်းချမ်းရေးကို အပျက်မခံနိုင်ပါဘူး”ဟု ဦးအောင်မြင့်က ပြောသည်။

UWSA နှင့် အစိုးရတို့ အကြားတွင် ပြည်နယ်တောင်းဆိုခြင်း အပါအဝင် တရုတ်နိုင်ငံနှင့် ဆက်နွယ်မှု၊ မူးယစ်ဆေးဝါး ပြဿနာ စသည့် အချက်များ အပြင် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော မပြေလည်မှုများ ရှိနိုင်ကြောင်း ရှမ်းပြည်နယ်အရေး စောင့်ကြည့်လေ့လာနေသည့် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ပြောသည်။

“အခု ခေါင်းစဉ်တပ်ထားတဲ့ ပြဿနာက ပေါက်ကွဲတော့မယ့်အိုးကို အဖုံးဖွင့် ပေးလိုက်သလို ဖြစ်တယ်။ ဒါပေမယ့် သူတို့အကြားမှာ မကျေနပ်ချက်တွေက ရှိထားပြီးသားလို့ ကျနော်ထင်တယ်။ သစ်ကိစ္စလောက် နဲ့တော့ ပြဿနာ ဖြစ်စရာ အကြောင်းမရှိနိုင်ဘူးဗျ။ တိုက်ပွဲတွေ ဖြစ်မလာဖို့ အကျေအလည် ဆွေးနွေးကြဖို့ လိုတယ်။ အခုလို မတိုက်သေးခင်မှာ ပိုပြီးဆွေးနွေးဖို့ လိုတယ်။ မဆွေးနွေးရင် ဖြေရှင်းလို့ရမှာ မဟုတ်ဘူး”ဟု ဦးခွန်ဆိုင်းက ဧရာဝတီကို ပြောသည်။

UWSA သည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး စစ်ရေးလေ့ လာသူများက အင်အား သုံးသောင်းကျော် ရှိမည်ဟု ခန့်မှန်းပြောဆိုကြသည်။ UWSA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည်မှာ ၂၆ နှစ် ရှိခဲ့ပြီ ဖြစ်သည်။

ထို့အပြင် UWSA သည် အပစ်အခတ်ရပ်စဲရေးလုပ်ပြီး ကာလအတွင်း ပျက်ပြယ်ခြင်း မရှိသေးသဖြင့် အစိုးရနှင့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များအကြား ပြုလုပ်နေသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA) စာချုပ် ချုပ် ဆိုရာတွင် ပါဝင်စရာမလိုဘဲ နိုင်ငံရေးဆွေး နွေးပွဲ အဆင့်ရောက်မှ တက်ရောက်မည်ဟု ပြောဆိုထားသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List