Thursday, May 07, 2015

KNPP စည်းရုံးရေးဆင်းမှု အစိုးရ တားမြစ်


ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ အဖွဲ့ဝင်များသည် လက်နက်များ ကိုင်ဆောင်ပြီး အင် အားပြ၍ စည်းရုံးရေးဆင်းရန် ပြင်ဆင်နေမှုကို အစိုးရက သတိပေး တားမြစ်လိုက်ကြောင်း သိရသည်။ KNPP အဖွဲ့ဝင်၂၀၀ ၀န်းကျင်သည် လက်နက်များ ကိုင်ဆောင်၍ ကယားပြည်နယ်၊ ရှားတောမြို့နယ် အနီးတ၀ိုက်ရှိ ကျေးရွာများသို့ နယ်လှည့်ကွင်းဆင်း စည်းရုံးရန် မေလဆန်းက လုပ်ဆောင်ခဲ့ကြောင်း၊ စည်းရုံးရေး လုပ်ငန်းစဉ်များအတွက် သံလွင်မြစ် အနောက်ခြမ်း၌ အခြေပြု နေထိုင်လျက်ရှိကြောင်း၊ ထို့ကြောင့် စစ်ပွဲများ ထပ်မံ ဖြစ်ပွားလာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်နေကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
KNPP ဗဟိုအဖွဲ့ဝင် ဦးပလုရယ်က ပြောဆိုရာတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ အနေဖြင့် မိမိတို့ဒေသခံ ပြည်သူ များအား ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ရှင်းပြရန်နှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပြည်သူများ ပိုမိုပါ ၀င်နိုင်စေရေး အတွက် လူထုကို ရှင်းလင်းတင်ပြရန် စီစဉ်ခြင်းသာ ဖြစ်ကြောင်း၊ တခြားသော ရည်ရွယ် ချက်များ မပါဝင်ကြောင်း၊ ထိုသို့ သွားလာရေး အတွက်လည်း အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံစဉ်က တင်ပြပြီး ဖြစ်ကြောင်း ဧရာဝတီကို ရှင်းပြသည်။

ဦးပလုရယ်က “ဒေသခံတွေကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပိုမိုသိရှိ ပါဝင်လာဖို့အတွက် ပြည်သူတွေနဲ့ သွားတွေ့ဖို့ လုပ်ကြတာပါ၊ ပြီးတော့ ပြည်သူတွေကို ကျန်းမာရေး အတွက် ဆေးကုသပေးရေး လုပ်ငန်း စဉ်တွေလည်းပါ ပါတယ်၊ ဒါတွေက ကျနော်တို့ အရင်ကလည်းပဲ လုပ်နေကြတဲ့ အရာတွေပါ၊ အခုလိုမျိုး ဟန့်တားလိုက်တော့ စိတ်မကောင်းပါဘူး” ဟု ဆိုသည်။

ကယားပြည်နယ် ၀န်ကြီးချုပ်၊ ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီးတို့သည် KNPP အဖွဲ့မှ ခေါင်းဆောင် တချို့အား ခေါ်ယူ တွေ့ဆုံပြီး၊ လက်နက်များ ကိုင်ဆောင်၍ အင်အားပြ စည်းရုံးခြင်းကို ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့အနေဖြင့် ခွင့်မပြုနိုင်ဟု ရှင်းလင်း ပြောဆိုခဲ့ကြောင်း သိရသည်။

KNPP ခေါင်းဆောင်များကမူ ယင်းအကြောင်းအရာများကို ဗဟိုသို့ ပြန်လည် တင်ပြသွားမည်ဟု ဖြေဆိုခဲ့ပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးကာ ပြည်သူများနှင့်တွေ့ဆုံရေး ကြိုးပမ်းသွားမည်ဟု KNPP အဖွဲ့က ပြောသည်။

KNPP သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်ကို ပဏာမအဆင့် လက်မှတ် ရေးထိုး ထားကြောင်း၊ စာချုပ်ပါ အချက်များအနက် သတ်မှတ်နယ်မြေ ကျော်လွန် သွားလှုပ်ရှားမှုများသည် စာချုပ်ပါ အချက်များနှင့် ငြိစွန်းနေကြောင်း အစိုးရ သတင်းစာများက ဖော်ပြထားသည်။

KNPP နှင့် အစိုးရအကြား ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူ ထားသော်လည်း မိမိတို့ ထိန်းချုပ် နယ်မြေဟူ၍ သတ်မှတ်ထား ခြင်းမရှိသေးကြောင်း၊ KNPP တပ်ဖွဲ့များကို ကရင်နီပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်၍ ပြည်နယ် တခုလုံးသို့ သွားလာလှုပ်ရှားမှုများ ရှိခဲ့ကြောင်း သိရသည်။

KNPP တပ်ဖွဲ့များ အနေဖြင့် ပြည်သူများနှင့် တွေ့ဆုံရေး ခရီးစဉ်များ အားလုံးကို အစိုးရ တပ်မတော်က ပိတ်ဆို့ထားခြင်းကြောင့် ရပ်ဆိုင်းထားရကြောင်း၊ သို့သော် ဗဟိုအဖွဲ့မှ ခေါင်းဆောင်များနှင့် အစိုးရ အာဏာ ပိုင်များ တွေ့ဆုံ၍ ဆွေးနွေးပြီး ထို ဆွေးနွေးမှု ရလဒ်များအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည် ဟုလည်း ဦးပလုရယ်က ပြောသည်။

KNPP သည် အစိုးရနှင့် ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရထားသည့် ၃ နှစ် အတွင်း လက်နက်များ ကိုင်ဆောင်၍ နယ်မြေကျူးကျော် သွားလာခြင်း မရှိသည့်အပြင် တိုက်ခိုက်မှုများလည်း မရှိခဲ့ကြောင်း၊ ပြည်သူများနှင့် အမြဲ ထိတွေ့မှုများရှိခဲ့ကြောင်း၊ ယခုလည်း ပြည်သူများ အနေဖြင့် ၎င်းတို့တပ်ဖွဲ့ ၀င်များကို တွေ့ဆုံရန် ဆန္ဒရှိနေကြသည့် အတွက် သွားရောက် တွေ့ဆုံရန် ပြင်ဆင်ခြင်း သာ ဖြစ်ကြောင်း လည်း ဦးပလုရယ်က ဆိုသည်။

၎င်းက “ကျနော်တပ်ဖွဲ့တွေ လာတဲ့အတွက် ပြည်သူတွေက စိုးရိမ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ကျနော်တို့ လာမယ်ဆိုပြီး အစိုးရ စစ်တပ်တွေကို တိုးချလာတဲ့ အတွက်ပဲ စိုးရိမ်နေကြတာပါ၊ အခု ကျနော်တို့နောက်ကို အစိုးရစစ်က လိုက်နေတယ်လေ၊ လူထုက အဲဒါကို စိုးရိမ် ကြတာပါ” ဟု ပြောသည်။

အစိုးရ သတင်းများ၌ ရေးသားထားရာတွင် စာချုပ်ပါ အချက်များနှင့် ငြိစွန်းမည့် လုပ်ရပ်များ ဆက်လက် မလုပ်ဆောင်ရန်နှင့် လှုပ်ရှားသွားလာရာတွင်လည်း ပြည်သူ့စစ် နယ်မြေများ အပြင် အစိုးရ စစ်တပ်နယ်မြေ များသို့ပါ ၀င်ထွက်သွား လာနေသည့်အတွက် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး၊ ပြဿနာများ ရှုပ်ထွေးလာနိုင်ကြောင်းလည်း သတိပေးထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List