Wednesday, May 06, 2015

ပန်ဆန်းဆွေးနွေးပွဲ ငြိမ်းချမ်းရေးအတွက် အပေါင်းလော အနုတ်လော...







နေရာ - မြန်မာနိုင်ငံ အထူးဒေသ (၂) ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၏ မြို့တော်ပန်ဆန်း။

ကာလ - တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် နောက်ဆုံးမူကြမ်းကို အတည်ပြုလက်မှတ်ထိုးပြီး တစ်လတိတိအကြာ ယင်းမူကြမ်းကို စာချုပ်အဖြစ် လက်မှတ်ထိုးရေး၊ မထိုးရေး နောက်ဆုံးသုံးသပ်ခါနီး အချိန်။ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ကြား တိုက်ပွဲဖြစ်ပွားနေချိန်။

အကြောင်းအရာ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ထိပ်သီးခေါင်း ဆောင်များအစည်းအဝေး။

မြန်မာ-တရုတ်နယ်စပ် သံလွင်မြစ်အရှေ့ဘက်ကမ်းတစ်နေရာ တောင်စဉ်တောင်တန်းများ၏ အလယ် တွင် မြန်မာ့ပြည်တွင်းစစ်သမိုင်း၌ ထူးခြားသော အစည်းအဝေးပွဲတစ်ရပ်ကို ကျင်းပလျက်ရှိသည်။ အစည်း အဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသူက မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အကြီးဆုံးနှင့် အင်အားအတောင့်တင်းဆုံးဟု သတ်မှတ်ထားကြရသော၊ ဗဟိုအစိုးရနှင့် ငြိမ်းချမ်းရေးယူ ထားသည်မှာ ၂၆ နှစ်တိတိရှိပြီဖြစ်သော ‘၀’လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ ကန့်သတ်မှုအချို့ရှိသော ယခုပွဲသို့ တက်ရောက်ခွင့်ရကြသူများထဲတွင် အစိုးရနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ကိုးကန့်၊ တအာင်န်း၊ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ပါဝင်နေခြင်းက အစည်းအဝေးနှင့်ပတ်သက်၍ အာရုံစိုက်စရာ အချက်များစွာအနက် တစ်ချက်ဖြစ်နေသည်။

မြင့်မားသည့် တောင်တန်းများ၊ မတ်စောက်သည့် ချောက်ကမ်းပါးများကို ကျော်ဖြတ်ပြီး လုံခြုံရေးစည်း များစွာကို ရင်ဆိုင်ပြီးမှသာ ရောက်ရှိနိုင်သည့် ယင်းဒေသရှိ ‘၀’လက်နက်ကိုင်အဖွဲ့၏ စစ်ဦးစီးချုပ် ဦးပေါက်ယူချန်၏ အိမ်တော်တွင် အစည်းအဝေးကျင်းပနေသည်။

‘‘ကျွန်တော်တို့ ဒီအစည်းအဝေးခေါ်ယူရတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလမ်း စဉ်ကို၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို တိတိကျကျ တိတိလင်းလင်းနဲ့ ကျွန်တော်တို့ ကြေညာချင် တယ်။ ဖော်ဆောင်ချင်တယ်။ ဒီအတွက်ကြောင့် ဒီမှာ ငြိမ်းချမ်းရေးထိပ်သီး အစည်းအဝေးဆိုတာ ခေါ်ယူ ကျင်းပခြင်းဖြစ်တယ်’’ဟု ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အစိုးရဥက္ကဋ္ဌ၊ ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) အထွေထွေအတွင်းရေးမှူး၊ ‘၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) စစ်ဦးစီးချုပ် ဦးပေါက်ယူချန်က ၎င်းနေအိမ်တော် ဧည့်ခန်းမဆောင်တွင် 7 Day News အား ဖြေကြားခဲ့သည်။

‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့်သတ်မှတ်ပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း၊ ‘၀’သည် ပြည်နယ်အဆင့်ရှိသည့် အနေအထားရှိ၍ ခြောက်သိန်းသော ‘၀’ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့် အညီ တောင်းဆိုခြင်းဖြစ်ပါကြောင်း အစည်းအဝေးဖွင့်ပွဲတွင် ‘၀’ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ သည်။ ပြည်နယ်အဆင့် သတ်မှတ်ရန်အတွက် UWSP တောင်းဆိုနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ ပြီဖြစ်သော်လည်း အစိုးရက လက်မခံပေ။

 မေလ ၁ ရက်မှစတင်ပြုလုပ်သည့် အစည်းအဝေး၏ လေးရက်မြောက်နေ့တွင် လှုပ်လှုပ်ရှားရှား သတင်း အချို့ ထွက်လာသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်ဖြစ် သလို အစိုးရနှင့်လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သော တအာင်န်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ခေါင်းဆောင်များနှင့် ရက္ခိုင့်တပ်မတော် (AA) ခေါင်းဆောင်များက NCCT နှင့် အစိုးရကြား လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တင်ပြဝေဖန်ခဲ့ကြ
သည်။ 

ယင်းနောက် မေလ ၄ ရက် ညနေတွင် ၎င်းတို့ကို ‘၀’ခေါင်းဆောင်များက သီးသန့်တွေ့ဆုံ၍ NCCT မှ မနုတ်ထွက်ရန် ‘၀’ ဒုစစ်ဦးစီးချုပ်က အကြံပြုခဲ့သည်။ သတင်းမီဒီယာများရှေ့တွင် ‘၀’ ခေါင်းဆောင်များ တွေ့ ဆုံပြီး ထိုကဲ့သို့  ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

‘‘ခင်ဗျားတို့နှစ်ဖွဲ့ရော၊ ကိုးကန့်အဖွဲ့ရော ကိုယ်စီကိုယ့်အမြင် သူ့အမြင်လေးတွေ ဆွေးနွေးပါ။ ဆွေးနွေးတဲ့ အခါမှာလည်း NCCT အဖွဲ့ကနေပြီးတော့ မတ်လ ၃၁ ရက်မှာ ချုပ်ဆိုလိုက်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းကို ခင်ဗျားတို့မှာ ခံစားမှုရှိတယ်။ NCCT အဖွဲ့ကနေပြီးတော့ ခင်ဗျားတို့အတွက်ကို မစဉ်းစားဘူး။ ခင်ဗျားတို့အခြေအနေ ဒီလိုဖြစ်နေတဲ့ကြားကာလမှာပဲ စာချုပ်ကို ချုပ်တယ်ဆိုတော့ ခင်ဗျားတို့က ခံစားချက် ရှိတယ်၊ ခံစားချက်ရှိလို့ပဲ ခင်ဗျားတို့အစည်းအဝေးမှာ ပြောသွားတဲ့ ကိစ္စလေးတွေဆိုလို့ရှိရင် ကျွန်တော်ထင် တာက ကျွန်တော့်အယူအဆကတော့ နည်းနည်းပြန်ပြီးတော့ စဉ်းစားဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်’’ ဟု UWSA ဒုစစ်ဦးစီးချုပ် ဦးကျောက်ကြုံးတန်းကပြောသည်။

‘‘ဒါကြောင့်မို့ အခုယာယီပေါ့ဗျာ။ အခုဒီအစည်းအဝေးမှာ ခင်ဗျားတို့ NCCT ကနေ ခွဲထွက်၊ နုတ်ထွက်မယ် ဆိုတဲ့ကိစ္စကို အရင်ခဏထားလိုက်ပါ။ ဒီကိစ္စကလည်း NCA နဲ့ပတ်သက်တယ်ဆိုတော့ ခုနကလည်း တချို့ပုဂ္ဂိုလ်တွေ ဆွေးနွေးသွားတာရှိတယ်။ ဒီတော့ ကျွန်တော်တို့ နောက်ထပ်အစည်းအဝေးမှာရှိခဲ့လို့ရှိရင် ဒီကိစ္စကို ဆွေးနွေးကြည့်မယ်။ ဒီဟာလေးကို အကြံပြုတာပါ’’ဟု ဦးကျောက်ကြုံးတန်းကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အစည်းအဝေးရက်များအတွင်း စာတမ်းဆယ်စောင် တင်ပြဆွေးနွေးခဲ့ကြသည်။

‘‘လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တာ သုံးသပ်တင်ပြထားတယ်’’ဟု စာတမ်းတင် သွင်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော KNU အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ NCCT ဒုခေါင်းဆောင် လည်းဖြစ်သည့် ဖဒိုစောကွယ်ထူးဝင်းက 7 Day News အား ပြောသည်။

တစ်ချိန်တည်းမှာပင် ကိုးကန့်၊ တအာင်န်း၊ ရခိုင်လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်သည်။ ကိုးကန့်လက် နက်ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA)မှာအစိုးရ၏ ဆွေးနွေးဖက် အဖြစ် သတ်မှတ်ခံထားရသည့်အဖွဲ့ မဟုတ်သော်လည်း NCCT အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါရှိနေသည်။ ၎င်းတို့အခြေအနေကို လျစ်လျူရှုပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အတည်ပြုလိုက်ခြင်း
အတွက်ကြောင့်ဟုဆိုသည်။

‘‘ကျွန်တော်တို့က ဒီထက်ပိုကျယ်ပြန့်တဲ့ စုဖွဲ့မှုတစ်ခုကိုလည်း မျှော်လင့်ထားတယ်။ အခုလက်ရှိ ဒီပုံစံ အတိုင်း ဆိုရင်တော့ မဖြစ်ပါဘူး။ အဲဒါကို ဆန္ဒထုတ်ဖော်တဲ့အနေနဲ့ တိုက်ပွဲတကယ်ဖြစ်နေတဲ့ ပြန်း ထန်နေတဲ့ အုပ်စုအနေနဲ့ ကျွန်တော်တို့သုံးဖွဲ့က ပြောခဲ့တာပါ’’ဟု AA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်
ထွန်းမြတ်နိုင်က 7 Day News သို့ ပြောသည်။

တအာင်န်း၊ ရခိုင်လက်နက်ကိုင်ခေါင်းဆောင်များနှင့် မတွေ့ဆုံမီအချိန်လေးအတွင်းမှာပင် ကိုးကန့် စစ်ဦးစီးချုပ် ဖုန်တဲ့ရန် ဦးဆောင်သည့်အဖွဲ့ကို ဦးပေါက်ယူချန်းက တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ မီဒီယာများရှေ့မှောက်တွင် တွေ့ဆုံခြင်းဖြစ်သော်လည်း နှစ်ဖက်စလုံးက တရုတ်ဘာသာစကားဖြင့်
သာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

‘‘တချို့အဖွဲ့တွေကတော့ လက်ရှိအန်ကယ်တို့ မူကြမ်းတွေနဲ့ရေးထားတဲ့ NCCT ပေါ်မှာ သိပ်ဆန္ဒမပြည့် ၀သေးဘူး။ အဓိကအားဖြင့်ကတော့ လက်ရှိအနေအထားမှာ တစ်ဖက်က တချို့အဖွဲ့တွေနဲ့ တိုက်ပွဲပြင်း ထန်နေတဲ့ ကာလအခြေအနေမျိုး။ အဖွဲ့အားလုံး မပါဝင်တဲ့ကိစ္စတွေပါတယ်။ အဲဒီအပေါ်မှာ နည်းနည်း မကျေလည်ဘူး’’ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက 7 Day News အား ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်နှင့် ပတ်သက်၍ အဆုံးအဖြတ်အစည်းအဝေးပွဲကြီးကို NCCT အနေဖြင့် ယခုမေလအတွင်းမှာပင် ပြုလုပ်ရန်ရှိသည်။ ထိုပွဲပြုလုပ်စဉ် တစ်ချက်ချင်း ပြန်လည်သုံးသပ်သည့်
အခါကျမှသာ ယခုကဲ့သို့ မကျေလည်သည့်အဖွဲ့များ၏ အမြင်သဘောထားများကို တင်ပြဆွေးနွေးကြမည်ဟု ဆိုသည်။ လက်ရှိအခြေအနေမှာ ရှုပ်ထွေးမှုအချို့ရှိနေဆဲဖြစ်ပြီး အချိန်ယူ၍ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်း သွားကြမည်ဟု NCCT ခေါင်းဆောင်ကပြောသည်။

NCCT အဖွဲ့ဝင်မဟုတ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုင်ဇာထိပ်သီးညီလာခံ၊ လော်ခီးလာ ထိပ်သီးညီလာခံများကို တက်ရောက်ခဲ့ခြင်းမရှိသည့် ‘၀’က NCA စာချုပ်လက်မှတ်ထိုးရေး၊ မထိုးရေးနှင့်ပတ် သက်၍ ပြောကြားလာသည်။

 ‘‘ငြိမ်းချမ်းရေးစာချုပ်ရဲ့ နောက်ဆုံးအတွင်းသဘောက ဘာတွေလဲ၊  ဘာအချက်တွေပါတယ်၊ မပါဘူးဆိုတာ ဒါတွေကို အားလုံးလေ့လာသုံးသပ်ပြီးတော့၊ ဆုံးဖြတ်ပြီးတော့မှ ထိုးနိုင်မယ်၊မထိုးနိုင်ဘူးဆိုတဲ့ ပြဿနာဆုံးဖြတ် ရမှာဖြစ်တယ်။ ဒါကတော့ အဖွဲ့တိုင်းက အတူတူပါပဲ’’ဟု ‘၀’ လက်နက်ကိုင်အဖွဲ့စစ်ဦးစီးချုပ် ဦးပေါက်ယူချန် ကပြောသည်။

ပန်ဆန်းထိပ်သီးအစည်းအဝေး၏ ရည်ရွယ်ချက်မှာ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက်ဖြစ်ပြီး ပြည်ထောင်စုအစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပ၍ နောက် ဆုံးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးစာချုပ်တစ်ခုရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက မေလ ၁ ရက် အစည်းအဝေးဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

မတ်လ ၃၁ရက်က သမ္မတဦးသိန်းစိန်ရှေ့မှောက်တွင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မူကြမ်းနှင့်ပတ်သက်၍လည်း ‘၀’ခေါင်းဆောင်က ရည်ညွှန်းပြောကြားခဲ့သည်။ 

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် များပြားလှသော မသေချာ မရေရာ
မှုနှင့် တိုက်ပွဲများရှိနေဆဲဖြစ်ကြောင်း၊ စစ်ပွဲမရပ်နိုင်သေးသမျှကာလတွင် တစ်နိုင်ငံလုံးစစ်ရပ်စဲရေးစာချုပ် သည် စက္ကူပေါ်က စာသားများသာဖြစ်ကြောင်း ၎င်းကဆိုသည်။

ခြောက်ရက်ကြာပြုလုပ်မည့် ပန်ဆန်းအစည်းအဝေးတွင် အစိုးရနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေဆဲ အဖွဲ့ အစည်းများကို ဖိတ်ခေါ်ဆွေးနွေးခြင်းနှင့်ပတ်သက်၍လည်း အင်အားကြီးလက်နက်ကိုင်အဖွဲ့ UWSA စစ်ဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။

‘‘၎င်းတို့သည် ကျွန်တော်တို့နှင့် နှုတ်ခမ်းနှင့်သွားပမာ အပြန်အလှန်မှီတင်းနေထိုင်နေကြသော ညီနောင် များဖြစ်သည်’’ဟု ဦး ပေါက်ယူချန်က ပြောသည်။

ဤအတောအတွင်း မတ်လ ၃ ရက်တွင် အစိုးရတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ စာတစ်စောင်ပေးပို့ခဲ့သည်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို အစိုးရက မတရား အသင်းအဖြစ် သတ်မှတ်ကြေညာထားသဖြင့် ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသော အစည်းအဝေးမှ ကိုးကန့်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်များကို သတင်းမီဒီယာများအနေဖြင့် ရုပ်သံလွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းများ လုံးဝ(လုံးဝ)မလုပ်ရန်၊ ထုတ်လွှင့်ဖော်ပြပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စာနယ်ဇင်းကော်စီထံသို့ ပေးပို့သောစာ၌ပါရှိသည်။

ပန်ဆန်းအစည်းအဝေးကို အိမ်ရှင် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (KIO/ KIA)၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မိုင်းလားအဖွဲ့ အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော်(NDAA)၊ ကိုးကန့်အဖွဲ့ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရက္ခိုင့်
တပ်မတော်(AA)တို့သည် မေလ ၁ ရက်မှ စတင်ကာ ၆ ရက်အထိ ဦးပေါက်ယူချန်၏ အိမ်တော်၌ ပြုလုပ်နေ ကြခြင်းဖြစ်သည်။

ယခုအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့သာ ပါဝင်ခြင်း၊ အစိုးရက ဆွေးနွေးဖက် အဖြစ် သတ်မှတ်ထားသော အဖွဲ့လေးဖွဲ့ကို ဖိတ်ခေါ်မှုမရှိခဲ့ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေခဲ့သည်။ တစ်ဖက်တွင်လည်း ယင်းဖိတ်ခေါ်မှုများနှင့်ပတ်သက်၍ ဦးပေါက်ယူချန်က မသိရှိကြောင်း၊ ဗဟိုကော်မတီက ယခင်ကတည်းက ချမှတ်ထားသော ဆုံးဖြတ်ချက်အရသာဖြစ်ကြောင်း၊ ခွဲခြားသဘောထားခြင်းမရှိဘဲ တန်းတူသာ သဘောထားကြောင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။

ပန်ဆန်းအစည်းအဝေးရလဒ်ကို မေလ ၆ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်။ ယခုပွဲ ရလဒ်အပေါ် မူတည်ပြီး NCA လက်မှတ်ထိုးရေး၊ မထိုးရေးကို ဆုံးဖြတ်မည်ဖြစ်ကြောင်း RCSS/SSA (ရှမ်းတောင်)ကို ဦးဆောင်တက်ရောက်လာသည့် ဗိုလ်ချုပ်စိုင်းရီကပြောသည်။

လွန်ခဲ့သည့် ၂၆ နှစ်က ပြည်ထောင်စုအစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ပြီးသည့်နောက် ၎င်းတို့အနေဖြင့် ဒေသ ဖွံ့ဖြိုးရေးကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ပါသည်ဟု အထူးဒေသ(၂)အဖွဲ့က ပြုလုပ်လျက်ရှိသည့် ပန်ဆန်းအစည်းအဝေးရက်များအတွင်း မကြာခဏ ထောက်ပြပြောကြားမှုရှိနေခဲ့သည်။ အထူးဒေသ (၂) ဖြစ်သော ကိုးကန့်နှင့် အထူးဒေသ(၄) မိုင်းလားဒေသတို့အကြားတွင် အထူးဒေသ(၂) ‘ဝ’တည်ရှိနေသည်။ မြို့တော်ပန်ဆန်းသည် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့ထက်ပင် အချို့နေရာများ၌ ပိုဖွံ့ဖြိုးနေကြောင်း ရောက်ရှိဖူးသူအချို့က သုံးသပ်ကြသည်။

 ဝေးလံခေါင်ဖျားတောင်တန်းဒေသဖြစ်သည့် ‘၀’ဒေသသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် လက်နက် ကိုင်ပြောက် ကျားအဖွဲ့ငယ်လေးများ ဖွဲ့စည်းမှုရှိခဲ့သည်။ ၁၉၆၉ နှောင်းပိုင်းကာလ ‘၀’ဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေချလှုပ်ရှားသည့်အခါ ဗကပနှင့် ပူးပေါင်းခဲ့သည်။ 

ယင်းနောက် ၁၉၈၈ နှောင်းပိုင်း အင်အားယိုင်နဲ့ခဲ့သည့် ဗကပမှ ခွဲထွက်ခဲ့သည်။ ယင်းနောက် ‘၀’ခေါင်းဆောင် ကျောက်ညီလိုင်နှင့် ပေါက်ယူချန်တို့သည် UWSP ကို တည်ထောင်ခဲ့သည်။ အစိုးရနှင့် ငြိမ်းချမ်းစွာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ခဲ့သည်။ ၁၉၉၃ မှ ၂၀၀၇ ကြား ၁၄ နှစ်ကြာ လုပ်ငန်းစဉ်ဖြစ် သည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ၂၀၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းကို အစိုးရက ထည့်သွင်းရေး ဆွဲပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် ပန်ဆန်း(ပန်းခမ်း)က UWSP/UWSA ၏ ဌာနချုပ်မြို့တော်ဖြစ်လာ သည်။

NCCT အဖွဲ့ဝင်မဟုတ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တပ်ပေါင်းစုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့အဖြစ်လည်း မပါဝင်သည့် UWSP/UWSA က အိမ်ရှင်အဖြစ် ၂၀၁၅ မေလ ၁ မှ ၆ ရက်အထိ ပြုလုပ်လျက်ရှိသည့် ယခုအစည်းအဝေးရလဒ်မှာ မြန် မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စောင့်ကြည့်စရာတစ်ခုအဖြစ် သုံးသပ်နေကြသည်။

ယခင် စစ်အစိုးရ ဦးသန်းရွှေနှင့် ယခုသမ္မတဦးသိန်းစိန် ဘာကွာခြားပါသလဲ ဟု မီဒီယာများက အသက် (၇၀)၀န်းကျင်အရွယ် ‘၀’ခေါင်းဆောင် ဦးပေါက်ယူချန်ကို မေးမြန်းကြည့်ကြသည်။ ‘‘အတူတူပါပဲ’’ဟုသာ သူက တရုတ်ဘာသာစကားဖြင့် ခပ်တိုတိုပြန်ဖြေသည်။

‘‘ကျွန်တော်တို့အနေနဲ့တော့ သိပ်တော့မကွာပါဘူး။ နည်း နည်းပါးပါးတော့ ကွာတာတော့ ရှိမှာပေါ့’’ဟု UWSP ဗဟိုကော်မတီ ဦးအောင်မြင့်က မြန်မာဘာသာသို့ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

7Day News Journal


No comments:

Post a Comment

My Blog List