ပန်ဆန်းမှာ တိုင်းရင်းသား ညီလာခံကို မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပနေပါတယ်။ အဲဒီ ညီလာခံကို ရောက်ရှိလာတဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ရဲ့ စစ်ဦးစီးချုပ်၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ရဲ့ ဥက္ကဋ္ဌ၊ ‘ဝ’ ပြည် ပြည်သူ့အစိုးရရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပေါက်ယူ ချန်း ကို ‘ဝ’ ပြည်နယ်အစိုးရ တောင်းဆိုနေတဲ့ ကိစ္စ၊ အစိုးရနဲ့ ဆက်ဆံရေး၊ ဘိန်းကိစ္စ စတာတွေကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ အစိုးရနဲ့ တိုင်းရင်းသားတွေ ကြားက ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) က မူကြမ်းအထိ သဘောတူထားပြီဆိုတော့ UWSA က NCA မှာ လက်မှတ်ဝင်ထိုးမှာလား။ ဘယ်လို သဘောရှိပါသလဲ။
ဖြေ ။ ။ ဒီကိစ္စကတော့ဗျာ၊ ကျနော်တို့ ငြိမ်းချမ်းရေးစာချုပ်ရဲ့ နောက်ဆုံး အတွင်းသဘောက ဘာတွေလဲ။ ဘာအချက်တွေ ပါတယ်၊ မပါဘူး ဆိုတာဒါတွေကို အားလုံးလေ့လာ သုံးသပ်ပြီးတော့ ဆုံးဖြတ်ပြီးတော့မှ ထိုးနိုင်မယ်၊ မထိုးနိုင်ဘူးဆိုတဲ့ ပြဿနာကို ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါကတော့ တိုင်းရင်းသား အဖွဲ့တိုင်းက အတူတူပါပဲ။
မေး ။ ။ အစိုးရက ‘ဝ’ ကို ပြည်နယ်အစိုးရ တောင်းထားတာ မပေးသေးဘူး၊ ဒါပေမယ့် ‘ဝ’ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းမှာ အစိုးရတရပ်လို ယန္တရားတွေ လည်ပတ်နေတာ၊ ဆောင်ရွက်နေတာ တွေ့ရ တယ်၊ ကိုယ့်ကိုကိုယ် တကယ့် အစိုးရတရပ်လို့ရော ခံစားရလား၊
ဖြေ ။ ။ ဒီကိစ္စကတော့ ဒီလိုပါ။ တခြားဒေသတွေမှာလည်း သူ့အစိုးရနဲ့ သူဟာနဲ့သူ အုပ်ချုပ်ပြီးတော့ အသက်မွေးဝမ်းကျောင်း ဆောင်ရွက်နေကြတာပဲလေ၊ ပြည်သူတွေက။ ကျနော်တို့ ဒေသမှာကျတော့လည်း ကျနော်တို့က ကိုယ့်ဒေသပြည်သူ ကိုယ့်ဒေသမှာ အသက်ရှင်နိုင်ဖို့ ကြိုးပမ်းလုပ်ကိုင် စားသောက်နေကြ တာ ဖြစ်တယ်။ ကိုယ်က ဦးစီးမယ့်သူ မရှိဘူးဆိုရင် ဒါ ဘယ်နဲ့လုပ်မှာလဲ။ ဘယ်လိုဖြစ်မှာလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးဆိုလို့ရှိရင် ကျနော်တို့ ခေါင်းဆောင်တွေက ဘယ်လိုပဲပြောပြော အားလုံးစုပေါင်းပြီး အားလုံး အတူတူ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။
မေး ။ ။ ‘ဝ’ က ပြည်နယ်အဆင့်ရဖို့ အစိုးရဆီမှာ တောင်းနေတာကြာပြီ၊ ခုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်ပေမယ့် အရမ်း တိုးတတ်နေတာပဲ၊ ဘာလို့ ပြည်နယ်အဆင့်အထိ အုပ်ချုပ်ခွင့် ရဖို့ လိုအပ်ရတာ လဲ။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ ရွာတရွာမှာပဲလို့ ဆိုရမှာပေါ့။ ရွာတရွာမှာ သူ့နေရာမရှိဘူး။ လုပ်ကိုင် စားသောက်ဖို့ နေရာမရှိဘူး။ ဒါဆိုရင် ဒီရွာက ပြည်သူတွေ ဘယ်လို သွားနေကြမလဲ။ ဒီတောရိုင်း တိရိစ္ဆာန် တကောင်ပဲထားပါတော့၊ သူရဲ့ အသက်ရှင်နိုင်ရေးအတွက် သူ့တောထဲမှာ သူ့နေရာနဲ့ သူအခြေအနေ ရှိကြပါတယ်။ ရှိရမှာ ဖြစ်ပါတယ်။
မေး။ ။ အရင်က အစိုးရဟောင်း ဦးသန်းရွှေနဲ့ အခု သမ္မတ ဦးသိန်းစိန် တို့မှာရော ‘ဝ’ နဲ့ ပတ်သက်ပြီး ဆက်ဆံရေး ဘယ်လို ကွာခြားမှုရှိလဲ ။
ဖြေ ။ ။ ကျနော်တို့ ခံစားမိတာ သိပ်တော့ မကွာပါဘူး။
မေး ။ ။ ဒါဆို အတူတူပဲပေါ့။
ဖြေ ။ ။ အတူတူပဲ။
မေး ။ ။ ‘ဝ’ ဒေသရဲ့ သတင်းတွေက အပြင်ကို ဘာမှ မထွက်ဘူး၊ နိုင်ငံတကာမှာ အခုအထိ သိနေ တာက ‘ဝ’ က ဘိန်းကိစ္စကြောင့် နာမည်ဆိုးရှိတယ်၊ ရှိနေဆဲပဲ။ ဒါတွေကို ပျောက်သွားအောင် ဘယ်လို လုပ်မလဲ။ နိုင်ငံတကာကို ဘာပြောချင်လဲ။
ဖြေ ။ ။ ကျနော်တို့ ဒီကိစ္စကတော့ဗျာ၊ ပြောလို့ရှိရင် ရှည်ပါတယ်။ ဟိုအနောက်နိုင်ငံတွေ၊ အမေရိကန်တို့ ဘာတို့က သူ့ဟာသူ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေလည်း အများကြီးပါ။ ကျနော်တို့ကို လက်ညှိုးထိုးနေတယ်။ ဒီတော့ ဖိအားတွေ ရှိတာပေါ့ဗျာ။ ဒါကြောင့်မို့ ကိုယ့်ဒေသကိုယ့် ပြည်သူတွေဟာဆိုရင် ကိုယ့်ဒေသရဲ့ သမိုင်းအရ ဘိန်းစိုက် လာတာကတော့ နှစ်ပေါင်း ၁၂၀ လောက်ရှိပြီ။ ၁၂၀ ကျော်ပြီ။ ဒီတော့ ဒီကိစ္စကို ဒီလောက်ကြီး ဖိအားပေးတယ် ဆိုတော့ တခုပြောရမယ် ဆိုရင်ဗျာ၊ ရှင်းရှင်းပဲ၊ အမေရိကန်တို့ ဘာတို့ အနောက်နိုင်ငံက ဟိုအချိန်က သူ့ဟာသူ သူ့မျက်နှာကိုတောင် သူသန့်အောင် မသုတ်နိုင်တဲ့ဟာ၊ မသစ်နိုင် တဲ့ဟာ၊ သူများကို လက်ညှိုးထိုးပြီး နင့်မျက်နှာက အိုးမည်းကြီးပါလား ဆိုပြီးတော့ ၊ ဒီလိုလုပ်လို့မရဘူးလေ။
ဒါကြောင့်မို့လည်း ဒီလို ဖိအားရှိလို့၊ နိုင်ငံတကာ ဖိအားရှိလို့ ကျနော်တို့က ကိုယ့်ဒေသပြည်သူတွေ ခုန က ဆွေးနွေးတဲ့ အတိုင်းပါပဲ၊ မူးယစ်နဲ့ ကင်းရှင်းအောင်၊ မဟုတ်ရင် လူမျိုးတုန်းမယ့်ကိစ္စတွေက ‘ဝ’ ဒေသမှာ ကျန်ရစ်ခဲ့မှာ။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ပြီးတော့၊ လုံးဝကို ပပျောက်အောင်ကြိုး စားပြီးတော့၊ ပြည်သူတွေကို လှုံ့ဆော်ပြီးတော့ ကြိုးစားပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီနှစ်ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ လုံးလုံး စိုက်ပျိုးမှု မရှိတော့ဘူးဆိုတာ လာမယ့်လ ၆ လပိုင်း ၊၂၆ ရက်နေ့ဆိုရင် ၁၀ နှစ် တင်းတင်းပြည့်ပါပြီဆိုတာ ကျနော်တို့ ပြောဆို လိုပါတယ်။
(ဘိန်းစိုက်တယ်လို့ နာမည်ဆိုးရှိခဲ့တဲ့ ‘ဝ’ ဒေသထဲမှာ လက်ဖက်၊ ရာဘာ၊ သစ်မွှေး၊ ထင်ရှူးတွေ စိုက် ပျိုးနေကြောင်း၊ လက်ဖက်က ဧက ၃ ထောင်ကျော်ရှိပြီး မိုင်းမောမှာ အများဆုံး စိုက်ပျိုးကြောင်း တွေ့ရပါ တယ်။ ရာဘာဧကကတော့ ၂ သိန်း ၇ သောင်း ရှိတယ်လို့ ဆိုပါတယ်။)
ဧရာဝတီ

No comments:
Post a Comment