Monday, May 04, 2015

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတအောင် မီဒီယာများကူညီရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ


၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတရန် စာနယ်ဇင်းလောကသားများ တတ်နိုင်သရွေ့ကူ ညီခြင်းဖြင့် နိုင်ငံ၏ အနာဂတ်အတွက် အကောင်းဆုံးဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံပြောကြားသည်။
မေလ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ Novotel ဟိုတယ်၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ တက်ရောက်သော  ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြော ကြားသည်။

‘‘ကျွန်မကတော့ အခုအချိန်မှာ ကြုံတုန်းပြောချင်တာက ကျွန်မတို့ရဲ့ စာနယ်ဇင်းလောကကို ပြောချင်တာ ကတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတယ်။ ၂၀၁၀ ရွေးကောက်ပွဲထက် အများကြီးပိုပြီး အဓိပ္ပာယ်ပါမယ့် ရွေးကောက်ပွဲဖြစ်ပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲများဟာ လွတ်လပ်ပြီး တရားမျှတဖို့အတွက် စာနယ်ဇင်းလောကကတတ်နိုင်သရွေ့ကူ ညီခြင်းအားဖြင့် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကိုအကောင်းဆုံးဆောက်လုပ်ပေးနေတာဖြစ်မယ်လို့ ပြောချင်ပါ တယ်။ ဒါကြောင့် ကျွန်မမေတ္တာရပ်ခံချင်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသည် တစ်ဆို့နေ ပြီး အကြောင်းရင်းကို အဖြေရှာရန် သတင်းလောကသားများ တတ်နိုင်သမျှ ကူညီကြရန်နှင့် ပြည်သူပြည် သားများအား အမှန်သတင်းနှင့် မမှန်သတင်း၊ အမှန်သတင်းနှင့် ကောလာဟလအကြား၊ အမှန် သတင်းနှင့် ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးတိုက်ခိုက်မှုသတင်းများအကြား မှန်မှန်ကန်ကန်ခွဲခြားနိုင်ရန် တိုက်တွန်းပြောကြား သည်။

‘‘အမှန်တရားကို တတ်နိုင်သမျှရှာကြပါ။ အမှန်တရားဆိုတာ ရှာယူရပါတယ်။အလိုလိုသိလာတာမဟုတ် ပါဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က သတင်းသမားကောင်းတစ်ဦးဖြစ်ရန် မိမိကိုယ်မိမိပြုစုပျိုးထောင်ရန်၊ များစွာကြိုးစားရန်လိုအပ်ပြီး သတင်းထောက်များအိမ်စာလုပ်ရန်နှင့် ပုဂ္ဂိုလ်စွဲများ တတ်နိုင်သမျှ ဖယ်ရှားပစ် ရန် အကြံပေးပြောကြားသည်။

‘‘ကျွန်မတို့ရဲ့ သတင်းသမားများ အထူးသဖြင့် သတင်းထောက်ငယ်များဟာ အချက်နှစ်ခုဆင်ခြင်ကြပါ။ နံပါတ်တစ်က အိမ်စာကျေအောင်လုပ်ကြပါ။ နံပါတ် နှစ်က ကိုယ့်ရဲ့ ပုဂ္ဂိုလ်စွဲကို တတ်နိုင်သမျှ ဖယ် ရှားနိုင်အောင် ကြိုးစားကြပါ။ သတင်းသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်တယ်ဆိုတာ မမေ့ကြပါနဲ့။ သတင်းသမားများဟာ မှန်မှန်ကန်ကန်မဟုတ်ဘဲ ကိုယ့်ရဲ့ အစွဲအလမ်းအရလုပ်မယ်ဆိုရင် တစ်ချိန်မဟုတ် တစ်ချိန်ပေါ်လာမှာပါ’’ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၌စတုတ္ထအကြိမ်မြောက်ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနား ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

‘‘သတင်းထောက်တစ်ဦးရဲ့ သိက္ခာဆိုတာ ဘာလဲဆိုတော့ အရိုးဆုံးပြောရရင် အမှန်တရား ပေါ်မှာ အခြေခံပြီး သတင်းတွေ ရယူပြီး ထုတ်ပြန်ဖို့ ဖြစ်ပါတယ်။ ဒါတောင် အမှန်တရားဆိုတာ တစ်ယောက်နဲ့ တစ်ယောက်အ မြင်ချင်းတူကြတာ မဟုတ်ပါဘူး။ ခြုံငုံပြောပြရမယ်ဆိုရင် သတင်း၊ စာနယ်ဇင်းလောကက တကယ်ပဲ ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ရဲ့ ကမ္ဘာကို အကူအညီပြုချင်တဲ့ စိတ်ဓာတ်နဲ့ မိမိတို့ ကျင့်ဝတ်တွေ ကို ဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။ ကမ္ဘာ ကြီး ပိုပြီးကောင်းစေချင်၊ တိုးတက်စေချင်တဲ့ စိတ်နဲ့ လုပ်ရ မယ်။ တစ်ဦးနဲ့ တစ်ဦးစိတ်ကူးလွဲဖို့ မဟုတ် ဘူး။ တိုက်ခိုက်ပေးဖို့ မဟုတ်ဘူး။ တစ်ဦးနဲ့ တစ်ဦးပိုလို့ ပိုလို့ ကွာခြား သွားဖို့ မဟုတ်ပါဘူး။ အဲဒါကြောင့်စာနယ်ဇင်းလောကရဲ့ အရှိန်အ၀ါဟာ ကြီးပါတယ်။ ကြီးသလောက် လည်း တာဝန်က ကြီးပါတယ်’’ဟု ဆက်လက်ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုကို လက်ခံဖြစ်ခဲ့ခြင်းမှာ  ‘‘ဦးရဲထွဋ်လိမ္မာနေရဲ့လား ဆိုတာသိချင် လို့ပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ဦးရဲထွဋ်က အဖွင့်အမှာစကားတွင် ဒေါ်အောင် ဆန်းစုကြည်ကို ‘‘နည်းနည်းကြောက်ပါသည်’’ဟု ထည့်သွင်းပြောကြားခဲ့ခြင်းကြောင့် ဦးရဲထွဋ်သည် လိမ္မာ သည့်ဘက်ကို ဦးတည်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဦးရဲထွဋ်က ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် စာနယ်ဇင်း လောကသားများသာမက စာနယ်ဇင်းနှင့် ဆက်စပ်လုပ်ကိုင်နေရ သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေးဆိုင်ရာအဖွဲ့အစည်းများအ ပေါ် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ရှောင်ရန် ဆောင်ရန်အချက်များကို ပွင့်ပွင့်လင်းလင်း ထောက်ပြမည်ဟု ယုံကြည်ကြောင်းနှင့် အားနည်းချက်များကိုလည်း ပြောကြားမည်ဟု ထင်မြင်ကြောင်း ထည့်သွင်းပြောကြား သည်။

၂၀၁၄ ဧပြီက သတင်းမီဒီယာဥပဒေ ထွက်ရှိထားသော် လည်း နည်းဥပဒေမထွက်ရှိခြင်းမှာ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။ ထို့ပြင် လက်ရှိမြန်မာနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးထားခြင်းကို လက်ခံနိုင်စရာမရှိဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရမည်ဆိုသည်ကို သတင်းသမားများ သတိပြုစေချင်ကြောင်း ၎င်းက ပြောသည်။

‘‘နည်းဥပဒေတွေ မထွက် သေးတာလည်း အုပ်ချုပ်ရေးပိုင်း ဆိုင်ရာရဲ့ တာဝန်ပါပဲလို့ ၀န်ကြီးကို သတိပေးပါ ရစေ။ နည်းဥပဒေ ထွက်ပြီးတော့လည်း မပြီးသေး ဘူး။ ညွှန်ကြားချက်တွေ လိုသေးတယ်။ အဲဒီညွှန်ကြား ချက်ဆိုတာ လည်း အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တာ ပဲ။ ဒုတိယကတော့ နောက်မဏ္ဍိုင် တစ်ခုဖြစ်တဲ့ တရားစီ ရင်ရေးမဏ္ဍိုင်၊ အဲဒီတရားစီရင်ရေးမဏ္ဍိုင်ကို အခုအချိန်မှာ အုပ်ချုပ်ရေး မဏ္ဍိုင်က လွှမ်းမိုးထားတာဟာ လက်ခံနိုင်စရာ အကြောင်းမရှိပါ ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်ဆိုတာ သတင်း သမားများ သတိပြုစေချင်ပါတယ်။ ဒါ ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိုလည်း သတင်း လောကကနေ အားပေးစေချင်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ နိုင်ငံခြားအဖွဲ့အ စည်းများနှင့် အစိုးရများသည် မြန် မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတိုးတက်မှုတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထောက်ပြနေပြီး ယင်းမှာစာနယ် ဇင်းလွတ်လပ်မှု အားကောင်းနေခြင်းကြောင့်လား၊ သို့မဟုတ် အခြားပြုပြင်ပြောင်းလဲ ရေးများ အား နည်းနေခြင်းကြောင့်လားဆိုသည်ကို များစွာစဉ်းစား ရန်လိုကြောင်း ဒေါ်အောင်ဆန်းစု ကြည်က မေးခွန်း ထုတ်သည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် အများစုသိထားပြီးသည့်အတိုင်း ကမ္ဘာပေါ် ရှိ စာနယ်ဇင်း လွတ်လပ်ခွင့်အနိမ့်ဆုံး ၁၀ နိုင်ငံတွင် အဆင့် (၉) နေရာ၌ ရပ်တည်နေခြင်းကြောင့် နိုင်ငံ၏ စာနယ် ဇင်းလွတ်လပ်မှုမှာ ရှေ့ဆက်သွားရန် များစွာ လိုအပ်နေကြောင်း ပြောသည်။

တစ်ဖက်တွင် ဦးရဲထွဋ်က  နိုင်ငံတကာမှ အဖွဲ့အစည်းတစ်ဒါ ဇင်ခန့်မှာ မြန်မာနိုင်ငံ၏ မီဒီယာ ညွှန်းကိန်း များ၊ အစီရင်ခံစာများကို ထုတ်ပြန်ရာတွင် လွတ်လပ်မှုတစ်ခုကိုသာ အခြေခံထားပြီး သတင်း၏ အရည် အသွေးများနှင့် အယ်ဒီတာလွတ်လပ်ခွင့်များကို ထင်ဟပ်ခြင်းမရှိသောကြောင့် ပြည့်စုံလုံလောက်သည်ဟု မယူ ဆကြောင်း ၎င်း၏ အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားသည်။

အစိုးရအနေဖြင့် မီဒီယာ သမားများအပေါ် ဖြေလျှော့နိုင် အောင် ကမ္ဘာ့စာနယ်ဇင်းလွတ် လပ်ခွင့်နေ့က ဖတ်ကြားတိုက်တွန်းချက်များကို သယ်ဆောင်သွားရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ရဲ့ ပေါင်းစပ် ညှိနှိုင်းလိုတဲ့ ဆန္ဒနဲ့ပြောရရင် လက်ရှိသတင်းမီဒီယာသမားတွေကို တရားစွဲ ဆိုတဲ့ အခြေအနေတွေကို ဖြေလျှော့ပေးတဲ့အနေနဲ့ ပြန် ကြားရေးဝန်ကြီးဌာနက ကူညီပေး စေလို ပြီး နိုင်ငံတော်ရဲ့ ပြောရေး ဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီး ဦးရဲထွဋ်ကို အနူးအညွတ် တိုက်တွန်းပြော ကြားချင်ပါ တယ်’’ဟု ၎င်းက ပြော ကြားသည်။

ယင်း ကမ္ဘာ့စာနယ်ဇင်းလွတ် လပ်ခွင့်နေ့ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီး ဌာနနှင့် UNESCO တို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး UNESCOအတွင်းရေး မှူးချုပ်နှင့် ကမ္ဘာ့ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်တို့၏ သ၀ဏ် လွှာများကို ရန်ကုန်ရုံးဌာနေ ကိုယ်စားလှယ်က ဖတ်ကြားခြင်းနှင့် မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီ (ယာယီ) ၊မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်း၊ မြန်မာ ဂျာနယ်လစ်ကွန်ရက်၊ နိုင်ငံတကာသတင်းအဖွဲ့ (BNI)၊ တိုင်းရင်းသားမီဒီယာ၊ အမျိုးသားစီမံခန့်ခွဲမှုကောလိပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့က သ၀ဏ်လွှာနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List