Friday, May 08, 2015

ကျောင်းသားသပိတ် ဖြိုခွင်းမှု အီးယူသင်တန်းပေး ရဲတပ်ဖွဲ့ဝင်များမပါဟု ရှင်းလင်း



လက်ပံတန်း ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နေရာမှာ အီးယူက သင်တန်းပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေမပါဝင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ က ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး (အီးယူ) အခြေစိုက်ရာ ကမာရွတ်မြို့ နယ်၊ လှည်းတန်းစင်တာ အီးယူရုံးမှာ ဥရောပနေ့နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းမှာ ဒီဗွီဘီရဲ့ မေးမြန်းမှုကို အခုလို ပြောကြားခဲ့တာပါ။

မစ္စတာ ရိုလန်ကိုဘီယာက “လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အများစုက ကျနော်တို့ကို ဝေဖန်တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင် ၇ သောင်းကျော်ရှိတဲ့အထဲက ၄ ထောင်လောက်ကိုပဲ သင်တန်းပေး ခဲ့တာပါ။ လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းခံရတဲ့ နေရာမှာ အီးယူက သင်တန်းပေးထားတဲ့ ရဲတပ် ဖွဲ့တွေ မပါဝင်ခဲ့ပါဘူး။ ဖြစ်ခဲ့တဲ့အဖြစ်အပျက်က တော်တော်ကိုဆိုးပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အီးယူ အနေနဲ့ စိုးရိမ်မိတဲ့ အကြောင်းလည်း ပြောပြီးဖြစ်ပါတယ်။ ဒီကိစ္စဟာ လက်ခံဖွယ်ရာမရှိသလို ကြိုက်လည်းမကြိုက် ပါဘူး။ ကျနော်တို့အနေနဲ့ အစိုးရကို စုံစမ်း စစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ တိုက်တွန်းထားပါတယ်” လို့ ပြောပါ တယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အီးယူက သင်တန်းပို့ချဖို့ အစိုးရဘက်ရော ၊ ဒေါ်အောင် ဆန်းစုကြည်ကပါ ထောက်ခံအဆိုပြုခဲ့တာလို့လည်း သံအမတ်ကြီးက ဆိုပါတယ်။

“အစိုးရရော၊ အန်အယ်လ်ဒီရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲ လုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အတွက် အီးယူက ဆောင်ရွက်ခဲ့တာပါ။ ဒါခက်ခဲမယ်ဆိုတာ ကျနော်တို့တွေ သိပါတယ်။ 

လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှူတွေ လုပ်တဲ့နေရာမှာ မြန်မာမှမဟုတ်ပါဘူး တကမ္ဘာလုံးမှာ ခက်ခဲမယ် ဆိုတာ သိပါတယ်။  စိန်ခေါ်မှုတွေရှိတာကို သိသိနဲ့ လုပ်ခဲ့တာပါ” လို့ ပြောပါတယ်။

အီးယူအနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ၂ဝ၁၃ ခုနှစ် ကစပြီးလေ့ကျင့်သင်ကြား ပေးခဲ့တာ ဖြစ်ပြီး ဒီသင် တန်းတွေရဲ့ ရည်ရွယ်ချက်က လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မြှင့်တင်ပြီး အရေးပါတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့၊ လူစုလူဝေး ဖြိုခွဲမှုတွေကို နောက်ဆုံး အဆင့်မှာသာ ထားပြီး လုပ်ဆောင်ကြ ဖို့တွေကို ရည်ရွယ် သင်ကြားပေးခဲ့တာပါ။

အီးယူက မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေအတွက် ရဲဝန်ဆောင်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ လက်တွေ့အသုံးချနိုင်မယ့် သင်ခန်းစာတွေကို ၁၈ လကြာသင်တန်းပေးခဲ့ တာဖြစ်ပြီး ယူရိုငွေ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၃.၂ ဘီလီယံခန့်) ကုန်ကျခဲ့ တာပါ။

DVB

No comments:

Post a Comment

My Blog List