အမျိုးသမီးတွေဟာ မိသားစု အတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြား ဆက်ဆံ ခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု နည်းတယ်လို့ ယူဆကြပါတယ် ။ နိုင်ငံရေး ပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ် တစ်ဦးချင်းကပဲ ဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် သူတို့ရဲ့ ဘဝတွေပေါ်မှာ သက်ရောက်မှု ရှိစေမယ့် အစိုးရ လုပ်ငန်းဆောင်တာတွေ အပေါ်မှာ တက်ကြွစွာ ပါဝင်ပတ် သက်မှု ဖြစ်ပါတယ်။
အခုလို သမားရိုးကျ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာ မဟုတ်ဘဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်ရေး ဆင်နွှဲမှုတွေ အနေနဲ့ ပါဝင်တာကိုတော့ အငြင်းပွားဖွယ်ဖြစ်သော အသွင်ပုံစံနဲ့ နိုင်ငံရေးရာပါဝင် ပတ်သက်မှု လို့ ခေါ်ပါတယ်။ ဒီအသွင်သဏ္ဍာန် နှစ်မျိုးမှာ တူညီမှုတွေရှိသလို ခြားနားမှုတွေလည်း ရှိပါတယ်။တူညီမှုတွေ ကတော့ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေဟာ ပုံစံနှစ်မျိုးလုံးမှာ ပါဝင်ပါတယ်။ ဒါ့ အပြင် လူ့အဖွဲ့အစည်းက လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်များ ပါဝင်နေတတ်သလို ပုံမှန်စနစ်တကျ စီမံချက်နဲ့ပြုလုပ်တဲ့ လုပ်ငန်းဆောင် တာတွေလည်း အသွင်နှစ်မျိုးလုံးမှာ ရှိပါတယ်။ ခြားနားချက်ကတော့ လက်ဝဲနိုင်ငံရေးဟာ စည်းကမ်းရှိတဲ့ နိုင်ငံရေးရဲ့ပြင်ပမှာ လှုပ်ရှားတာဖြစ် သလို ပါဝင်ဆောင်ရွက်သူများကလည်း ဒီလိုအဖွဲ့အ စည်းတွေဟာ အလုပ်မဖြစ်ဘူးလို့ ထင်မြင်ယူဆကြတာ ဖြစ်ပါတယ်။
၂၀ ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်ပုံစံ နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှု အပေါ် ကန့် သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။ ၂၀ ရာစု နှောင်းပိုင်းကာလရောက်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ စိတ်နေစိတ်ထားတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ လက်ဝဲနိုင်ငံရေး မှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိ သာသာ မြင့်တက်လာသလို အများကြိုက်နိုင်ငံရေးမှာ ပါဝင်ပတ်သက် လာကြတဲ့ အမျိုးသမီး ပါလီမန် အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေ လည်း ပေါ် ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေ ရှိနေ တဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသား တစ်စု ကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက် မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ် ထားတတ်ကြပါတယ်။
နိုင်ငံရေးသိပ္ပံ လေ့လာသူ Eisenstein ကတော့ အမျိုးသားတွေ ဦးဆောင်လွှမ်းမိုးတဲ့ စနစ်အနေနဲ့ (Patriarchy) ဟာဇီဝဗေဒအရကွဲပြားမှုရှိနေတဲ့ ကျား-မကို အမျိုးသားတွေအပေါ် အလေးပေးထားတဲ့ လူနေမှု စနစ်ပုံစံထဲက အမျိုးသား၊ အမျိုးသမီးတွေအဖြစ် အစဉ်အဆက် ခွဲခြားလာမှုတွေကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ဝေးကွာလာတယ်လို့ ဆိုထားပါတယ်။ နိုင်ငံရေးသိပံ္ပလေ့လာသူ Rich ကလည်း (Patriarchy) ဆိုတာကို အမျိုးသားတွေကနေ တိုက်ရိုက်အင်အားတွေ၊ ဖိအားပေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေး စာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေသတ် မှတ်မှုတွေ၊ ဘာသာတရား အဆိုအမိန့်တွေကို အသုံးပြုပြီး အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာ ပါရမယ်၊ မပါရဘူးစသဖြင့် လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ စနစ်တစ်ခုလို့ အဓိပ္ပာယ်ဖွဲ့ ဆိုထားခဲ့ပါတယ်။ များသောအားဖြင့် ဒီလိုအတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာ သာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ လူထုတွေနဲ့ပါဝင် ပတ်သက်စေခဲ့ပါ တယ်။
ဒါကြောင့်လည်း ကိုယ့်ဘဝအပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါ ဝင်ဆောင် ရွက်ခွင့်တွေ အာနည်းလာခဲ့ကြတာပါ။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာ တစ်စတစ်စ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့်စတဲ့ အခွင့်အရေးတွေ ရရှိလာခဲ့ကြတာပါ။ အခွင့်အရေးဆိုတာ အိမ်ထဲထိုင်နေရုံနဲ့ အလိုလိုရလာမယ့် အရာမဟုတ်ပါဘူး။ ပထမဆုံးမိမိမှာ ရပိုင် ခွင့်တွေ၊ အခွင့်အရေးတွေ ရှိတယ်ဆိုတာသိရပါမယ်။ ဒီအတွက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အသိပညာပေးရပါမယ်။ ဒီလိုသိလာပြီဆိုတဲ့ အခါမှာလည်း တောင်းယူ၊ တိုက်ယူရပါမယ်။
မွေးရာပါ လူ့အခွင့်အရေးကို တခြားလူတစ်ယောက်ပဲဖြစ်ဖြစ် နိုင်ငံအုပ်ချုပ်သူတစ်စုရဲ့ လက်ထဲကို ပဲဖြစ်ဖြစ် ထိုးအပ်ပြီးချုပ်ကိုင် ချယ်လှယ်ခွင့် ပေးထားရင် လူဖြစ်ရကျိုးမနပ်ဘဲ ဖြစ်တတ်ပါတယ်။
လူသားတိုင်းဟာ မွေးရာပါလူ့အခွင့်အရေးကို ခံစားခွင့်ရှိသင့်ပါတယ်။ နိုင်ငံရေးရာတွေဖြစ်တဲ့ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ်ကိုင် မှုဟာလည်း အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေး ပါ တီခေါင်းဆောင်တွေမှာ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှု ဆုံးဖြတ်တတ်ကြတာကြောင့် လူဦးရေတစ်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေ ကိုလျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလိုနိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေဟာ လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်နွှယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာခေါ်ဆောင်လာတတ်ကြ ပါတယ်။ ဒါကို နိုင်ငံရေးထဲကိုအမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။
ကမ္ဘာ့နိုင်ငံ တော်တော်များများဟာ အမျိုးသမီးတွေရဲ့ မြေပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ကိုင်ဆောင်ရွက် ခွင့်တွေကို ကန့်သတ်ထိန်းချုပ် ထားကြပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ် သက်မှု အခွင့်အလမ်းတွေ နည်းပါနေရတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အမျိုးသမီးတွေဟာ အမျိုး သားတွေအပေါ် မှီခိုသူတွေလို့ သတ်မှတ်ထားတဲ့ အမြင်တွေ၊ အမျိုးသမီးတွေအပေါ် နှိမ့်ချဆက်ဆံမှု စတာတွေဟာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံအများစုရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိမှု၊ ဝင်ငွေ၊ ပိုင်ဆိုင်မှုစတဲ့ ကဏ္ဍတွေမှာ အမျိုးသားနဲ့ အမျိုးသမီး များအကြား ကွဲပြားခြားနားမှု ( Gender Disparities) တွေ ရှိနေဆဲပါပဲ။ တကယ်တော့ အမျိုးသမီးတွေဟာ ဒီနိုင်ငံတွေရဲ့ လူဦးရေ တစ်ဝက်ကျော်ကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေယုတ်လျော့နေ ခြင်းဟာလူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တစ်နိုင်ငံလုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေတွေ ယုတ်လျော့နေတာပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က အလုပ်ခွဲဝေမှုနဲ့ ဆိုင်ပါတယ်။ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ် ပြုစုပျိုးထောင်မှုတွေကို အမျိုးသမီးတွေရဲ့ အလုပ်လို့ ယူဆထားတဲ့ အစဉ်အလာတွေကြောင့် အချိန်ရှားပါးမှု ပြဿနာကို အမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ ဥပမာ- အမျိုးသမီး တစ်ယောက်ဟာ အိမ်မှုကိစ္စတွေ၊ ချက်ပြုတ်ရေးတွေကိုလည်း အလုပ်မသွားခင် ပြုလုပ်ရမယ်၊ အိမ်ဝင်ငွေအတွက်လည်း အလုပ်လုပ်ရမယ်။ အလုပ်က ပြန်လာရင်လည်း ကလေးငယ် တာဝန်တွေ၊ ချက်ပြုတ်ရေး တာဝန်တွေပါ ယူရမယ်။ သူ့အမျိုးသားကတော့ အလုပ်လေးပဲ လုပ်နေမယ်ဆိုရင် ဒီအမျိုးသားဟာ မိသာစုတာဝန်ရဲ့ သုံးပုံတစ်ပုံကိုသာ တာဝန်ယူနိုင်တဲ့ အရည်အချင်း အဆင့်မှာသာ ရှိနေပါတယ်။ ဒီလိုမဟုတ်ဘဲ အလုပ်တာဝန်တွေကို ညီညီမျှမျှ ခွဲဝေဆောင်ရွက်ခြင်းအားဖြင့် မိသားစုအရေးကို မခွဲခြားဘဲ အတူတူဆောင်ရွက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါတယ်။ ဒီလို ဖြစ်လာခြင်းဟာ အပြန်အလှန်လေးစားမှု တာဝန်ကျေပွန်မှုတွေပေါ်မှာ အခြေခံပြီးလူ့ဘောင်လောက သာယာချမ်းမြေ့ရေးကို အထောက်မကူပြုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အချိန်ရှားပါးမှု၊ ဝန်ပိမှု၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပြီး သူတို့ရဲ့ လူအဖွဲ့အစည်းပေါ်၊ နိုင်ငံရေးရာတွေအပေါ် အကြံပြုဆွေးနွေးခြင်းလုပ်နိုင်မှုရာခိုင်နှုန်းတွေ တက်လာပါတယ်။
နိုင်ငံရေးရာမှာ အမျိုးသားနဲ့ အမျိုးသမီးကြား လိင်ကွဲပြားမှု ဖြစ်နေတာကို ဖြည့်ဆည်းဖို့ အချို့သော အမျိုးသမီး များကို အာဏာခွဲဝေဖို့အတွက် ရာခိုင်နှုန်းသတ်မှတ်ပြီး ထည့်သွင်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာနဲ့ ပတ် သက်ပြီး အပြန်အလှန် ငြင်းခုန်မှုတွေကတော့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင်လိင်ကွဲပြားမှု ပြဿနာဆိုတာ က အမျိုးသမီးတွေကို အာဏာခွဲဝေမှု တစ်ခုထဲများလာအောင် ထည့်သွင်းတာတစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင် တာကြောင့်ပါ။ ပေါ်လစီရေးရာ ကိစ္စဖြစ်တဲ့အတွက် အာဏာခွဲဝေမှုကို ထောက်ကူပေးနိုင်မယ့် ယန္တရားအစိတ်အပိုင်း အများအပြားလဲ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒီလိုဆောင်ရွက်လာတဲ့အခါမှာ လက်ရွေးစဉ်အမျိုးသမီးတွေပဲ ပါဝါထဲမှာပါလာတာမျိုး ဖြစ်သွားတတ်ပြီး လူထုလူတန်းစား အသီးသီးက အမျိုးသမီးတွေကို ကိုယ်စားမပြုသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီင်္းတွေကို နိုင်ငံရေးလုပ်ပိုင် ခွင့် ပေးရာမှာ လိင်ကွဲပြားမှုဟာ လူ့အဖွဲ့အစည်းအတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ တရားမျှတမှုတွေနဲ့ ဆက်စပ်ထားရမှာ ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ အချင်းချင်း ကွန်ယက် တည်ဆောက်မှု ဖြစ်ပါတယ်။ ထုံးတမ်း အစဉ်အလာ များကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ကင်းကွာ ခဲ့ကြပါတယ်။ ဒီလိုအခြေ အနေကနေ ရုတ်တရက်ခွဲတမ်းကြောင့် နိုင်ငံရေး ထဲရောက်လာတဲ့အခါ မှာ နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် နိုင်ငံရေးနဲ့ အစိုးရလုပ် ငန်းဆောင်တာတွေမှာ အားနည်း ချက်တွေ ရှိလာတတ်ပါတယ်။ ဒါဟာအမျိုး သမီးတွေ ညံ့တာ၊ အသုံးမကျတာမဟုတ်ပါဘူး။ နိုင်ငံရေး နယ်ပယ်ဆိုတာကို အမျိုးသားတွေကသာ လွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး အမျိုးသမီးတွေကို ပါဝင်ခွင့်မပေးခဲ့ တာကြောင့် နားမလည်တာဖြစ်ပါတယ်။ ဒီလိုလူတွေကို သင်တန်းပေးမှုတွေနဲ့ အမျိုးသားများကလက်တွဲခေါ် ရမှာ ဖြစ်သလို အမျိုးသမီးနိုင်ငံရေးသမား အချင်းချင်းကလည်း စည်းလုံးညီညွတ်စွာ အပြန်အလှန် ဆွေးနွေး မှု၊ လက်တွဲခေါ်ဆောင်မှုတွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က ခွဲတမ်းနဲ့ပဲဖြစ်ဖြစ် အရည်အချင်းအရ ရွေးချယ် တင်မြောက်ခံရရင်ပဲဖြစ်ဖြစ် အမျိုး သမီးတွေဟာ သူတို့ရဲ့ နိုင်ငံရေးအဖွဲအ စည်းတွေ ၊ပါတီတွေ၊ အစိုးရအဖွဲ့အတွင်းတွေမှာတင် အမျိုးသား အချို့ရဲ့ မလေးမစား ဆက်ဆံခံရမှုတွေ အရေးမစိုက်မှုတွေ ဖယ်ရှားရန်ကြိုးပမ်း အားထုတ်မှုတွေ အမျိုးသမီး အကြီးအကဲရဲ့ တာဝန်ပေးမှုဆိုပြီး ဂရုမစိုက်မှုတွေ စတဲ့ပြဿနာများကို ရင်ဆိုင်ကြရပြန်ပါတယ်။ ဒီလိုပြဿနာတွေ ကို စိတ်ဓာတ်ကြံ့ ခိုင်စွာ ကျော်လွှားနိုင်ဖို့ အမျိုးသမီးနိုင်ငံရေး ကွန်ယက်တွေ လိုအပ်လှပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment