Friday, May 08, 2015

တရုတ်-အမေရိကန် ထိပ်တန်း ပါတီခေါင်းဆောင်များ ဆွေးနွေး



တရုတ်နဲ့ အမေရိကန် နိုင်ငံရေးပါတီတွေ အချင်းချင်း ဖလှယ်မှု တိုးမြှင့်ရေး တရက်ကြာ အစည်းအဝေး ကို မေ ၆ ရက်နေ့က ကျင်းပခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ အမေရိကန် ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် ပါတီတို့က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား ထိပ်တန်း ပါတီခေါင်းဆောင် ၈ ယောက် ဆွေးနွေးတဲ့ အစည်းအဝေး လည်း ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီကတော့ တရားဥပဒေစိုးမိုးရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တိုးတက်ဖို့ ပါတီရဲ့ အားထုတ်မှုတွေကို ပြောကြားခဲ့ပြီး အမေရိကန် ကိုယ်စားလှယ်တွေကတော့ ၂၀၁၆ ရွေးကောက်ပွဲ နဲ့ တခြားနိုင်ငံရေးကိစ္စတွေကို ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက အေးပက် ညီလာခံမှာ အဂတိ လိုက်စားမှု တိုက် ဖျက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ပြီး အရင်လကတော့ အကျင့်ပျက် အစိုးရ အရာရှိတွေ ဖမ်းဆီးပြန်ပို့ရေး ဥပဒေ အာဏာတည်အောင် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ပြီး တိုးမြှင့်ဖို့ သဘောတူ ခဲ့ကြပါတယ်။

အမေရိကန် ဒီမိုကရက်ပါတီအဖွဲ့ဝင် ရော်နယ် ကာ့က်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပြန်အလှန် ကူညီဖို့ အစိုးရ အခန်းကဏ္ဍတွေတာဝန်ခံမှုတွေ အကြောင်း ပြောပါတယ်။

အမေရိကန် ရီပတ်ဗလစ်ကန် ပါတီကိုယ်စားလှယ် ဂျင်မ် နီကိုးစန်ကတော့ တရုတ်အမေရိကန် ဆက်ဆံရေး ဟာ ကမ္ဘာပေါ်က ရှုပ်ထွေးပြီး အရေးအကြီးဆုံး ဆက်ဆံရေးတွေထဲက တရပ်ဖြစ်တယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံ ပြည်တွင်းရေး မူဝါဒတွေမှာ ကြီးကျယ်တဲ့ မတူခြားနားမှုတွေ ရှိကြောင်း၊ တရုတ်နဲ့ ဆက်ဆံရေး ခိုင်မာခြင်းအားဖြင့် အမေရိကန်စီးပွားရေး တိုးမြှင့်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ပထမဆုံး အမေရိကန် တရုတ် ပါတီခေါင်းဆောင်များ ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က ဆောင်ရွက် ခဲ့တာပါ။

အပြန်အလှန် ဆက်ဆံရေး ဖြစ်မြောက်အောင် ပံ့ပိုးဖို့၊ အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ဖို့နဲ့ တနိုင်ငံရဲ့ အလေးထားမှုတွေကို အပြန်အလှန် လေ့လာဖို့တွေက ပါတီခေါင်းဆောင်တွေကြား အရေးပါတဲ့ လုပ်ငန်း စဉ် ဖြစ်လာခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List