Monday, May 04, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယို မိန့်ခွန်း


မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြော ကြားနေကျ ဖြစ်တဲ့အတိုင်း ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်း ဖြစ်ပါ တယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးအခါသမယဖြစ်တဲ့ သင်္ကြန်တွင်းမှာ မိဘပြည်သူများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး သင်္ကြန်ပွဲတော် နွှဲပျော်ခြင်း၊ မိသားစု အပန်းဖြေခရီးထွက်ခြင်းနဲ့ ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းတို့နဲ့အတူ အားလပ်ရက်များကို စိတ်အေးချမ်းသာ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ဆက် တည်းမှာပဲ သင်္ကြန်တွင်း ကာလ အတွင်းမှာ အနားမယူဘဲ မိမိတို့ပြည်သူများ လုံခြုံဘေးကင်းစွာ ပျော်ရွှင်နိုင် ဖို့ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ မီးသတ်နဲ့ ကြက်ခြေနီ ဝန်ထမ်းများကိုလည်း ချီးကျူး ဂုဏ်ပြုအပ်ပါတယ်။ နှစ်သစ်ကူး အားလပ်ရက်မှာ ရရှိခဲ့တဲ့ စိတ်ကြည်နူး ချမ်းသာပျော်ရွှင်မှုတွေကို နှစ်သစ် အတွက် ခွန်အားများအဖြစ် ပြောင်းလဲပြီး ဖြတ်သန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ ယခုလအတွက် ရေဒီယို မိန့်ခွန်းကို အစပြု ပြောကြား လိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ နိုင်ငံရေးအရ ဖြစ်ထွန်းတိုးတက်မှုများအနေနဲ့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော် ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်များပါဝင် တဲ့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပါတယ်။ ဒီတွေ့ဆုံ ဆွေးနွေးမှုပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ ပြည်ထောင်စု လွှတ်တော်ရဲ့ တိုက်တွန်းချက်ဖြစ်တဲ့ နိုင်ငံရေး ခေါင်းဆောင် (၆) ဦး တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခုလို တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဟာ ကျွန်တော် အစဉ်တစိုက် ပြောကြား ခဲ့သလိုပဲ တိုင်းပြည် ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တို့အတွက် နိုင် ငံရေးခေါင်းဆောင်များ အကြား တွေ့ဆုံမှုများကို ပုံစံမျိုးစုံနဲ့ ပြုလုပ်သွားမယ် ဆိုတဲ့ ရပ်တည်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေးရွေးချယ်မှုတွေမှာ အဓိက ခေါင်းဆောင် များအကြား ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေကို မရှာဖွေ နိုင်ခဲ့တာကို သင်ခန်းစာအနေနဲ့ ယူပြီးတော့ ခေါင်းဆောင်များအကြား နားလည်မှုများ ပိုမိုရရှိဖို့ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲများရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံရေးခေါင်းဆောင်များအကြား သဘောထားနဲ့ ရပ်တည်ချက်များ ကွဲပြားနိုင်သည့် တိုင် တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်များ အောင်မြင်ရေး၊ တိုင်းပြည်ရဲ့ အဓိက အလှည့်အပြောင်းလို့ ဆိုရမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ အတွက် ခေါင်းဆောင်များ အကြား အပြန်အလှန် နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်တယ်ဆိုတဲ့ အချက်ကို ဆွေးနွေး ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပမာတွေအရ ရွေးကောက်ပွဲတွေ နီးကပ်လာတာနဲ့ အမျှ နိုင် ငံရေး ရေချိန်တွေ မြင့်တက်လာပြီး နိုင်ငံရေးအင်အားစုများနဲ့ ပြည်သူများရဲ့ မျှော်လင့်ချက်တွေ မြင့်မား လာလေ့ရှိပါတယ်။ ဒီလို မြင့်မားလာတဲ့ အခြေအနေတွေကို လက်တွေ့ကျတဲ့ အခြေအနေတွေအဖြစ် အကောင်အထည်ဖော်နိုင်ဖို့ ဆိုရင် ရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု ရှိရေးဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ အခုဆိုရင် အထက်မှာ ကျွန်တော်ပြောကြား ခဲ့သလို နိုင်ငံရေးခေါင်းဆောင် များ အကြား ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများမတိုင်မီ ကြားကာလ နိုင်ငံရေး တည်ငြိမ်ရေး နဲ့ ရွေးကောက်ပွဲ များ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေချိန်မှာ ပြည်သူများအနေနဲ့လည်း တိုင်းပြည်ရဲ့ အဓိကအလှည့်အပြောင်းလို့ ဆိုရမယ့် ရွေးကောက်ပွဲများ အောင်မြင် စွာ ကျင်းပနိုင်ခြင်းဆိုတဲ့ အဆင့်ကို မိမိတို့နိုင်ငံသား အချင်းချင်း စည်းလုံးညီညွတ်မှု၊ စိတ်ရှည် သည်းခံမှုနဲ့ အနာဂတ်ကို မြော်တွေးနိုင်မှုများနဲ့ အတူ အတူတကွ တက်လှမ်းနိုင်အောင် ကြိုးပမ်းကြဖို့လည်း တိုက် တွန်း ပြောကြား အပ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဓိကကျတဲ့ တက်လှမ်းမှုဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ NCCT တို့ သဘောတူညီနိုင်ခဲ့ကြပြီးတော့ သဘော တူညီချက် မူကြမ်း လက်မှတ်ရေးထိုးပွဲကို ကျွန်တော် ကိုယ်တိုင် တက်ရောက် အားပေးခဲ့ပါတယ်။

အခုဆိုရင် ဒီသဘောတူစာချုပ်မူကြမ်းကို NCCT အနေနဲ့ တိုင်းရင်းသားခေါင်းဆောင်များရဲ့ ညီလာခံမှာ တင်ပြပြီး အဆုံးအဖြတ် ခံယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးဖို့ အတွက် အဆင်သင့်ဖြစ်နေပြီး တိုင်းရင်းသား အဖွဲ့အစည်းများရဲ့ ညီလာခံကနေ ပေါ်ထွက်လာမယ့် ရလဒ်ကို စောင့်ဆိုင်း နေခြင်းဖြစ်ကြောင်း မိဘပြည်သူများထံ အသိပေးတင်ပြအပ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်များရဲ့ သဘောသဘာဝဟာ သိမ်မွေ့နက်နဲပြီး ခရီးရှည်ကြီးတစ်ခုကို ချီတက်ရတာနဲ့တူ တဲ့အတွက် အစိုးရ တစ်ရပ်ရဲ့ သက်တမ်း ကာလအတွင်းမှာ အပြီးသတ် ရရှိဖို့ မလွယ်ကူဘူးဆိုတာ ငြိမ်း ချမ်းရေး တည်ဆောက်ခဲ့ရတဲ့ နိုင်ငံတိုင်းမှာ သက်သေ သာဓကများ ရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအတွက် ကြိုးပမ်း နေရတဲ့ ရည်ရွယ်ချက်ကတော့ ဘယ်အစိုးရပဲ တက်လာသည်ဖြစ်စေ ငြိမ်းချမ်းရေးဖြစ်စဉ်များကို အစကနေ ပြန်လည် စတင်စရာ မလိုဘဲ၊ ပစ်ခတ် တိုက်ခိုက်မှုတွေမရှိတော့ဘဲ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေ စတင်နေပြီ ဆိုတဲ့အဆင့်ကို အခြေခံ အုတ်မြစ်အနေနဲ့ တည်ဆောက်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို အင်အားစု အားလုံးကလည်းလက်ခံထားတာဖြစ်တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲများ ဆောလျင်နိုင်သ မျှ ဆောလျင်စွာ စတင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ရည်မှန်းချက်ထား ကြိုးပမ်းနေ တာဖြစ်ကြောင်းကိုလည်း အသိပေး တင်ပြလိုပါတယ်။

ကျွန်တော်တို့ အစိုးရတာဝန်ယူချိန်က စတင်ပြီး ဦးစားပေးလုပ်ငန်းစဉ် အနေနဲ့ ဆောင်ရွက်ခဲ့တာကတော့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ဝေးလံခေါင်းပါးတဲ့ ဒေသများက မိဘပြည်သူများရဲ့ လူမှုစီးပွားဘ၀များမှာ တစ်စုံတစ်ရာ တိုးတက်မှု ရရှိရေးပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် ကျွန်တော့်အနေနဲ့ မူဝါဒများချမှတ်ရုံ သာမက ဝေးလံခေါင်ဖျားတဲ့ ဒေသများကိုလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာကြည့်ရှုပြီး လိုအပ် တဲ့ ညွှန်ကြားမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ဧပြီလအတွင်းမှာ ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ အထက်ပိုင်းက ဟုမ္မလင်း၊ ခန္တီးဒေသတစ်ဝိုက်ကို သွားရောက်ပြီး မိဘပြည်သူ များရဲ့ လူမှုစီးပွားဘ၀များနဲ့ လူနေမှုအခြေအနေများကို သွားရောက်လေ့လာခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသအခြေအနေများ၊ ရာသီဥတုအခြေအနေများကြောင့် ခေတ်အဆက်ဆက် က နိုင်ငံတော်အကြီးအကဲများဟာ ထိုဒေသများကို သွားရောက်နိုင်ခြင်း နည်းပါးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ အခုလို တိုင်းပြည်ရဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသများက ပြည်သူများထံ ပထမဆုံး သွားရောက်နိုင်ခဲ့တဲ့ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခြင်းကို များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း လည်း ပြောကြားလိုပါတယ်။

၂၀၁၅-၂၀၁၆ ရသုံးမှန်းခြေ ငွေစာရင်းကို ဧပြီလမှာ ထုတ်ပြန်ခဲ့ပြီးတော့ အခု မေလမှာ စတင်အသက်ဝင် လာပြီ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အစိုးရဟာ နှစ်စဉ်ဘတ်ဂျက်ကို ပြင် ဆင်ဆောင်ရွက်ရပါတယ်။ ဒီလိုပြင်ဆင်ထားတဲ့ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်မှာ သုံးသပ်ခြင်း ၊ ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ပြီး လာမယ့်နှစ်ရဲ့ ဘတ်ဂျက်ကို အတည်ပြုရပါတယ်။ ဒီလိုဆောင် ရွက်တဲ့အတွက် ဘတ်ဂျက်စနစ်များ ပိုမိုအသက်ဝင်လာပြီး ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန် ထိန်းကျောင်းမှုကို အားကောင်းလာစေပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆောင်ကြဉ်းရာမှာ အင်အားတစ်ခုဖြစ်စေပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သုံးသပ် ၊ ဆွေးနွေးညှိနှိုင်းအတည်ပြုပြီး ထွက်ပေါ်လာတဲ့ ရသုံးမှန်းခြေငွေစာရင်းကို ပြည်သူလူထုထံ မီဒီယာများ ကနေတစ်ဆင့် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးခဲ့ပါတယ်။ အခုလို အပြန်အလှန် ထိန်းကျောင်းမှု၊ သုံးသပ်ဆွေးနွေးမှုနဲ့ ပွင့်လင်းမြင်သာမှုများဟာ နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲရာမှာ ပြည်သူလူထုများရဲ့ လိုလားချက်နဲ့ ဆန္ဒများကို ထင်ဟပ်တဲ့ ရသုံးမှန်းခြေငွေစာရင်းဖြစ်စေဖို့ များစွာ အထောက် အကူပြုစေပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်စေမှာလည်း ဖြစ်ပါတယ်။ ပြည်သူတွေထံကနေရရှိတဲ့ အခွန်ဘဏ္ဍာကို ပြည်သူများရဲ့ ဆန္ဒနဲ့အညီ ဖြစ်စေဖို့ ကြိုးပမ်းဆောင်ရွက်နေခြင်းသည်ပင်လျှင် ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ ဘတ်ဂျက် ရေးဆွဲရေးဖြစ်စဉ်ကို ပိုမိုအားကောင်းသက်ဝင်လာစေမှာ ဖြစ်တယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘန်ဒေါင်းညီလာခံကို တက်ရောက်ခဲ့ပြီး ဒီညီလာခံဟာ ကျွန်တော်တို့နိုင်ငံအတွက် သံခင်းတမန်ခင်း အခမ်းအနား တစ်ခုထက်ပိုပြီး အဓိပ္ပာယ်ရှိ တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ၁၉၅၅ ခုနှစ်က ဘန်ဒေါင်းမြို့မှာ ကျင်းပခဲ့တဲ့ အာရှ-အာဖရိက ကွန်ဖရင့်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံတို့နဲ့အတူ ကမ္ဘာ့ဘက်မလိုက် မူဝါဒကို ဦးဆောင်ချမှတ်တဲ့ ငါးနိုင်ငံရဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ထိုစဉ်အခါက နိုင်ငံတော်အကြီးအကဲ ဝန်ကြီးချုပ် ဦးနုဟာ ဘန်ဒေါင်းညီလာခံကြီး ဖြစ်မြောက်ရေး နဲ့ အောင်မြင်ရေးတို့အတွက် အဓိက ကျတဲ့နေရာမှာ ပါဝင်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ဟာလည်း ညီလာခံမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နိုင် ငံတကာ ဆက်ဆံရေးမှာ ကျွန်တော်တို့နိုင်ငံရဲ့ တစ်ချိန်က အခန်းကဏ္ဍနဲ့ အဆင့်အတန်းကို ညွှန်းဆိုနေ တာ ဖြစ်ပြီးတော့ ဒီကနေ့ အချိန်မှာလည်း နိုင်ငံတကာမှာ တစ်ချိန်ကလို ဝင့်ထည်မှုမျိုး ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်မယ်လို့လည်း ကျွန်တော့်အနေနဲ့ ယုံကြည်မိပါတယ်။

ကျွန်တော့်အနေနဲ့ ဘန်ဒေါင်းညီလာခံမှာ ညီလာခံရဲ့ အဓိကရည်ရွယ်ချက်တွေဖြစ်တဲ့ စည်းလုံးညီညွတ်၊ ချစ်ခင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အခြေခံအုတ်မြစ်များကို ရှေးရှုပြီး အာရှနဲ့ အာဖရိကနိုင်ငံ များအကြား၊ ပြည်သူများအကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားကြဖို့လည်း အာရှတိုက်ကိုယ်စား တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ အပါအဝင် နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်နိုင်အောင် အထူးကြိုးပမ်း ဆောင်ရွက် လျက် ရှိနေပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ မြှင့်တင်နိုင်ဖို့ကိုလည်း ရှာဖွေဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ မူများနဲ့အညီ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု များမှာ နိုင်ငံတကာ မိသားစုဝင် နိုင်ငံတစ်နိုင်ငံ အနေနဲ့ ကောင်းမွန်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ တာဝန်ယူမှုတွေနဲ့ ပါဝင် ဆောင်ရွက်မှုတွေ ကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ကျွန်တော့်အနေနဲ့ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၆) ကြိမ်မြောက် အာဆီယံထိပ် သီးအစည်းအဝေးနဲ့ (၁၂) ကြိမ်မြောက် အာဆီယံခေါင်းဆောင်မှုဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ဟာ အာဆီယံအသိုက်အဝန်းအတွက် အရေးကြီးတဲ့ နှစ်ဖြစ်ပြီး ပေါင်းစည်းညီညွတ်တဲ့ အာဆီယံ၊ ပြည်သူဗဟိုပြု အာဆီယံဖြစ်ပေါ် လာစေရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ပြည်သူကို ရှေးရှု ဗဟိုပြုတဲ့ အာဆီယံကို ဖော်ဆောင်ရာမှာ ဒေသတွင်းမှာရှိတဲ့ ပြည်သူတစ်ဦးချင်းစီ၊ စီးပွားရေး လုပ်ငန်း တစ်ခုချင်းစီနဲ့ အဖွဲ့အစည်းတွေအားလုံးရဲ့ ချိတ်ဆက်မှုတွေ မြှင့်တင်ရမှာ ဖြစ်ပါတယ်။ အခုလို ရှင်းလင်း ပြောကြားရခြင်းဟာ အာဆီယံဒေသရဲ့ ပေါင်းစည်းမှု မြင့်တက်လာတာနဲ့အမျှ ကူးလူး ဆက်ဆံ မှုတွေ ပိုမိုများပြားလာပြီး လူတစ်ဦးချင်းရဲ့ ပညာအရည်အချင်း၊ လုပ်ငန်း ကျွမ်းကျင်မှုနဲ့ စီးပွားရေးလုပ်ငန်း များရဲ့ ကမ္ဘာ့အမြင်ရှိမှု၊ စွန့်ဦးတီထွင်မှုဆိုတဲ့ ကိစ္စတွေဟာ အရေးပါလာမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင် ငံသားများ အနေနဲ့ မိမိကိုယ်မိမိ ကြိုတင်ပြင်ဆင်နိုင်ကြဖို့ သတိပေးလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဧပြီလအတွင်း နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတော် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းအဝေးကို မြန်မာနိုင်ငံအစိုးရရဲ့ ပြည်ထောင်စု ဝန်ကြီးများပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေ လွှတ်တက်ရောက်စေခဲ့ပါတယ်။

ဒီအဖွဲ့ဟာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မိတ်ဆွေများ အဖွဲ့ကနေ ပြောင်း လဲဖွဲ့စည်းခဲ့တာဖြစ်ပြီး တက်ရောက်လာတဲ့ မိတ်ဖက်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြုပြင် ပြောင်းလဲရေးများမှာ တိုးတက်ဖြစ်ထွန်းမှုများ ရှိနေတာကို အားပေးထောက်ခံခဲ့ကြပါတယ်။ ယခင်က အမြဲတစေ အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အဆိုမူကြမ်းကို ဆက်လက်တင် သွင်းဖို့ မသင့်တော် တော့ကြောင်းနဲ့ အဲဒီလိုမတင်သွင်းဖို့ ဆုံးဖြတ်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်း လဲရေး အပေါ်မှာ နိုင်ငံတကာရဲ့ထင်ရှားတဲ့၊ အပြုသဘောဆောင်တဲ့ အားပေးထောက်ခံမှုကို ပြသ ရာရောက်မှာ ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်လာတဲ့ မိတ်ဖက်နိုင်ငံ အများစုက ထောက် ခံဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ မိတ်ဖက်နိုင်ငံများရဲ့ အားပေးမှုကိုကြိုဆိုပြီး နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့အားပေးမှုဟာ လူ့အခွင့်အရေး ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကဏ္ဍအစုံကို တိုးတက်မှုရဖို့ လုပ်ဆောင်နေတဲ့ ကိစ္စရပ်အားလုံးအတွက် အင်အားဖြစ်စေပါတယ်။

တစ်ဆက်တည်းမှာပဲ နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းတုန်လှုပ်ဖွယ် ငလျင်ဒဏ်နဲ့ ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုပါတယ်။ သဘာဝဘေး အန္တရာယ်ဟာ ကမ္ဘာ့လူသားထု တစ်ရပ်လုံးကို ပိုမိုခြိမ်းခြောက်လာနေပြီး နေရာဒေသမရွေးမှာ ဖြစ်ပွားနိုင်တယ် ဆိုတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း နာဂစ်မုန်တိုင်းလို သဘာဝဘေးအန္တရာယ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ အတွေ့အကြုံဟာ ယခုအချိန်ထိ မုန်တိုင်းဒဏ်ခံ ပြည်သူများရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပြန်လည် ကုစားနိုင်ဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ပြန်လည်ထူထောင်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။

အဆိုးထဲက အကောင်းလို့ ဆိုရမယ့်အချက်ကတော့ ကျွန်တော်တို့ဟာ ဒီ ထိတ်လန့် တုန်လှုပ်ဖွယ် ဘေး အန္တရာယ်တွေကို ရင်ဆိုင်ရတဲ့အခါမှာ ကမ္ဘာ့လူသားထုရဲ့ လူသား အချင်းချင်း တန်ဖိုးထားမှု၊ စာနာထောက် ထားမှုနဲ့ သွေးချင်းနီးမှုတွေကို မြင်တွေ့ရခြင်းပဲ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတကာက နီပေါနိုင်ငံကို လူသားချင်းစာနာတဲ့ အကူအညီတွေ တဖွဲဖွဲ သွားရောက်နေပြီ ဖြစ်သလို ကျွန်တော်တို့ အစိုးရအနေနဲ့ မြန်မာပြည်သူများကိုယ်စား နီပေါနိုင်ငံကို လိုအပ်တဲ့အကူအညီတွေ တတ်စွမ်း သလောက် ပေးပို့လျက် ရှိကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်ကြိုးပမ်းစဉ်ကတည်းက ဖော်ဆောင် ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များနဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အသိအမှတ် ပြုခံရမှု၊ လေးစားမှုနဲ့ ဂုဏ်သိက္ခာ ပိုမို တိုးတက်လာခဲ့တယ် ဆိုတာ လက်ရှိ အခြေအနေများက သက်သေထူလျက်ရှိပါတယ်။ အခုလို အသွင်ကူးပြောင်းမှုကို ဦးဆောင်ခွင့်ရရှိခြင်းကိုလည်း အထူးဂုဏ်ယူ မိပါတယ်။

သို့သော်လည်း ကျွန်တော်တို့နိုင်ငံရရှိတဲ့ အောင်မြင်မှုများဟာ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ အောင်မြင်မှု သက်သက်မဟုတ်ဘဲ တိုင်းပြည်ရဲ့ အမျိုးသား အင်အားစုဖြစ်တဲ့ နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစုများ၊ ပါတီများ၊ တပ်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့ ပြည်သူလူထု တစ်ဦးချင်းစီရဲ့ တာဝန်ကျေမှုများကြောင့် ဖြစ်တယ် ဆိုတဲ့အချက်ကို ကျွန်တော့်အနေနဲ့ အစဉ်ခံယူထားရှိပါတယ်။ ဒီလို အင်အား စုစည်းနိုင်ခြင်းကြောင့်လည်း ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် များ အောင်မြင်မယ်လို့ ယုံကြည်မိပါတယ်။

အထူးပြုပြောကြားလိုတဲ့ အချက်ကတော့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများဟာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးရဲ့ အဓိကကျတဲ့ အလှည့်အပြောင်းကြီး ဖြစ်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါ တယ်။ နိုင်ငံရေးအင်အားစုအားလုံးနဲ့ ပြည်သူများအနေနဲ့ ဒီရွေးကောက်ပွဲကြီး အောင်မြင်ဖို့အတွက် လိုအပ် တဲ့ အခြေခံတွေကို မိမိတို့ရဲ့ အခန်းကဏ္ဍ အလိုက် ပါဝင်ပြီး နိုင်ငံသားအားလုံး လက်တွဲတည်ဆောက် အပ်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဖြစ်စဉ်ကြီးဖြစ်ဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါဆိုတဲ့ အချက်ပဲ ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ရမယ်လို့ သန္နိဋ္ဌာန် ချထား တာနဲ့အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းအားထုတ်သွား မှာဖြစ်ကြောင်းလည်း ကတိပြုအပ်ပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည် ဖွံ့ဖြိုးတိုးတက် လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက် လျက်ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။


နိုင်ငံတော်သမ္မတရုံး

No comments:

Post a Comment

My Blog List