Thursday, May 07, 2015

တရားမဝင် လုံခြုံရေးအဖွဲ့ကို တောင်ကြီး ဒေသခံများ ကန့်ကွက်


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် “Law and order” ဆိုသည့် တံဆိပ်ပါ ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် တရားမဝင် လုံခြုံရေး အဖွဲ့ကို ဖျက်သိမ်းပေးရန် ဒေသခံများက ကန့်ကွက်တောင်းဆို ကြကြောင်း သိရသည်။
ထိုအဖွဲ့သည် ရပ်ကွက်များ၌ လုံခြုံရေးယူသည်ဟု ပြောဆိုကာ စကားပြောစက်၊ နံပါတ်တုတ်များ ကိုင်ဆောင် ထားကြသည့် အပြင်၊ မည်သည့် အဖွဲ့အစည်း လက်အောက်တွင် ရှိနေသည်ကို ဒေသခံများက ရှင်းရှင်းလင်း လင်း မသိရသဖြင့် ထိတ်လန့်ပြီး ထိုအဖွဲ့အားဖျက်သိမ်းပေးပါရန် တောင်းဆိုကြခြင်း ဖြစ်ကြောင်း တောင် ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဧရာဝတီကို ပြောသည်။

“သူတို့က ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး တန်းဆောင်တိုင်၊ သင်္ကြန်၊ စတိတ်ရှိုးတွေမှာ လုံခြုံရေး ဝင်ယူလာတယ်။ မီးလောင်တာတွေ ဘာတွေဆိုရင် ရဲက မရောက်သေးဘူး၊ သူတို့က အရင်ရောက်နေတယ်။ လမ်းပိတ် တာတွေ၊ ပြည်သူတွေကို ဟိန်းဟောက် တာတွေ လုပ်တယ်။ ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှူးကို မေးတော့ သူတို့ မသိဘူးလို့ ပြောတယ်။ သူတို့ ဖွဲ့စည်းပေးတာ မဟုတ်ဘူးလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

ထိုအဖွဲ့သည် ရပ်ကွက်ထဲမှ စည်းရုံးရလွယ်ကူသည့် လူငယ်များကို ခေါ်ယူ စုဆောင်းထားသဖြင့် ဒေသခံ များက အဆိုပါအဖွဲ့အား ဖျက်သိမ်းပေးပါရန် မေလ ၄ ရက်မှ စတင် လက်မှတ်များ ကောက်ခံခဲ့ကြသည်။ ရရှိလာသည့် လက်မှတ်များကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ရဲတပ်ဖွဲ့ ၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးတို့ထံသို့ တင်ပြသွားမည်ဟု ဦးတင်မောင်တိုးက ဆက်ပြောသည်။

“ပွဲလမ်းသဘင်တွေ၊ ရှင်ပြုပွဲတွေ၊ စတိတ်ရှိုးတွေမှာဆို ပြောက်ကျား ဝတ်စုံနဲ့ လုံခြုံရေး ယူနေတဲ့ သူတွေ ကို တွေ့တယ်။ သူတို့ကို ရဲအဖွဲ့ကလို့ အစက ထင်ခဲ့တာ။ ပြည်သူတွေက ရဲလား ဘာလားဆိုတာ သေချာ မသိဘူး။ တောင်ကြီးမှာက အဖွဲ့အစည်းတွေက များတော့ ပိုဆိုးတယ်။ ဟိုအဖွဲ့လည်း ကြောက်နေရ၊ ဒီအဖွဲ့လည်း ကြောက်နေရတယ်” ဟု တောင်ကြီးမြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

တောင်ကြီးမြို့ရှိ ပြောက်ကျားဝတ်စုံဝတ် အဖွဲ့နှင့် ပတ်သတ်ပြီး ဧရာဝတီ သတင်းဌာနက တောင်ကြီး ပြည် နယ် ရဲစခန်းကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာတွင်တာဝန်ရှိသူများက ပြန်လည် ဖြေကြား ပြောဆိုခြင်း မရှိပါ။

တောင်ကြီးမြို့ပေါ်ရှိ ရှမ်းပြည် လူ့ဘောင်သစ် ပါတီမှ ဦးနေမျိုးက “ဒီမှာ ရဲက ရှိပြီးသား၊ တပ်လည်း ရှိပြီး သားပါ။ သူတို့က တရားဝင် အဖွဲ့လည်း မဟုတ်ဘူး။ ဝတ်စုံကလည်း ပြောက်ကျားဝတ်စုံနဲ့ နံပါတ်တုတ်နဲ့ စကားပြောစက်နဲ့ ဆိုတော့ ပြည်သူတွေ အတွက် အကြောက်တရား ပိုသွားတယ်ဗျ။ ကျနော်တို့ ရှမ်းပြည် က ပြည်သူတွေက ပိုပြီးကြောက်ကြပါတယ်။ ဒီအဖွဲ့ကတော့ ဘယ်သူက ဖွဲ့ပြီး ဘာတွေလုပ်ပြီး ဘာတွေကို တာဝန်ခံမှာလဲ ဘာမှ မသိရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုအဖွဲ့အစည်း၏ တံဆိပ်တွင် ဗုဒ္ဓဘာသာ သာသနာ့ အလံနှင့် နိုင်ငံတော်အလံ ပါရှိကြောင်း၊ အဆိုပါ အဖွဲ့သည် နိုင်ငံတော်မှ တရားဝင် ခွင့်ပြုထားသည့် အဖွဲ့မဟုတ်သည့် အတွက် တောင်ကြီးမြို့ပေါ်ရှိ ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သာသာရေး အဖွဲ့အစည်းများ ပူးပေါင်းကာ ဒေသခံများထံမှ ကန့်ကွက်သည့် လက်မှတ်များကို ကောက်ခံ၍ သက်ဆိုင်ရာသို့ တင်ပြပြီး ထိုအဖွဲ့ ပပျောက်သွားအောင် ကြိုးစား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဦးနေမျိုးက ဆိုသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List