Wednesday, May 06, 2015

အမျိုးသားပညာရေး ဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ဆရာ၊ ဆရာမများ ညီလာခံ တောင်းဆို


မန္တလေးမြို့တွင် ကျင်းပသည့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ညီလာခံ၌ တက်ရောက်လာ သည့် နိုင်ငံတ၀န်းမှ ဆရာ၊ ဆရာမ ၃၀၀ ကျော်က လေးပွင့်ဆိုင် သဘောတူထားသည့် အမျိုးသား ပညာရေး ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။
မေလ ၂ ရက်နှင့် ၃ ရက်၌ကျင်းပသော ယင်းညီလာခံသို့ တက်ရောက်လာသည့် ပုဂ္ဂလိက ကျောင်းများ၊ အစိုးရ အထက်တန်း ကျောင်း များ၊ တက္ကသိုလ် ဆရာ၊ ဆရာမများက အမျိုးသား ပညာရေး ဥပဒေကို အမြန်ဆုံး ရေးဆွဲရန်နှင့် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ ကန့်ကွက်မှုကြောင့် အဖမ်းခံထား ရသည့် ကျောင်းသား၊ ကျောင်းသူများ အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေး ရန်လည်း တောင်းဆိုသည်။

“ကျနော်တို့တွေ အမျိုးသား ပညာရေး ဥပဒေကိုလည်း အဓိက ဆွေးနွေးခဲ့ကြတယ်။ နောက်ပြီး ကျောင်း သားတွေကို အမြန်ဆုံး လွှတ်ပေးဖို့ အစိုးရသိအောင် တောင်းဆိုတယ်။ ရှေ့ဆက်ပြီးလည်း လွတ်မြောက်ရေးအတွက် လက်ပတ်ဝတ်တဲ့ ကန်ပိန်းတွေ ဆက် လုပ်သွားဖို့ ရှိတယ်။ လုပ်ငန်းတွေ ဘယ်လို ရှေ့ဆက် လုပ်သွားမလဲ ဆိုတာတွေလည်း အီးစီတွေ အချင်းချင်း တိုင်ပင်လုပ်ဆောင် သွား မယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး(၁) ဒေါက်တာ အာကာမိုးသူ က ပြော သည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ပဲခူးတိုင်း လက်ပံတန်းမြို့တွင် တားဆီးခံထားရသည့် ကျောင်းသား ပင်မ သပိတ် စစ်ကြောင်းကို ပဲခူး တိုင်း ရဲတပ်ဖွဲ့မှအကြမ်းဖက်ဖြိုခွင်းပြီး ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် ၀န်းရံပြည်သူ စုစုပေါင်း ၁၂၇ ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူများကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက် ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင် စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ညီလာခံအပြီး ဆုံးဖြတ်ချက်အရ အမျိုးသား ပညာရေး ဥပဒေကို လေးပွင့်ဆိုင် ဆွေးနွေးပွဲ သဘောတူညီ ချက်များနှင့်အညီ အမြန်ဆုံး ပြင်ဆင်ပြဋ္ဌာန်းပေးရန်၊ ဆရာ၊ ဆရာမများဆုံးရှုံးနေသည့် အခွင့်အရေး တောင်း ဆိုချက် အပါအ၀င် တောင်းဆိုချက် ၆ ချက်ကို ထုတ်ပြန် တောင်းဆိုခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် က ပြောသည်။

ထိုတောင်းဆိုချက်၌ ယခုအခါ တက္ကသိုလ်တချို့တွင် အမျိုးသားပညာရေး ဥပဒေနှင့် ဆက်စပ်နည်းဥပဒေများ အတည်ပြု ပြဋ္ဌာန်း နိုင်ခြင်း မရှိသေးဘဲ တက္ကသိုလ် ပဋိညာဉ်များကို ကျောင်းသား၊ ဆရာများ မပါဝင်ဘဲ တက္ကသိုလ် အာဏာပိုင်များက ဦးဆောင် ရေး ဆွဲနေခြင်းကို ကန့်ကွက်ကြောင်း၊ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုပြီးနောက် ဆက်စပ် ရေးဆွဲမည့် နည်းဥပဒေများတွင် ဆရာများ၊ ကျောင်းသားများ ပါဝင်နိုင်ရန် လေးလေးနက်နက် တောင်းဆိုကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဆရာ၊ ဆရာမများ၏ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများတွင် အစိုးရနှင့် သက်ဆိုင် ရာ ကျောင်း(သို့) တက္ကသိုလ် အုပ်ချုပ်ရေး အာဏာပိုင်များ၏ လွှမ်းမိုးချုပ်ကိုင်မှု ကင်းလွတ်သော ပညာရေး လွတ်လပ်ခွင့်ပေးရန်နှင့် ဆရာ၊ ဆရာမများ၏ တာဝန်နှင့် ရပိုင်ခွင့်ကို တိတိကျကျပြဋ္ဌာန်းပြီး ဘ၀လုံခြုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေးကို အာမခံချက်ပေးသော၊ ဆရာ၊ ဆရာမ သမဂ္ဂ ဖွဲ့စည်းခွင့် ကို အာမခံမှုရှိသော ဆရာ၊ ဆရာမ ဥပဒေ(Teacher Law)တခုကို ပြဌာန်းပေးရန်လည်း ထည့်သွင်း တောင်းဆိုထားသည်။

ညီလာခံတွင် တတ်ရောက်လာသည့် ဆရာ၊ ဆရာမများ၏ ပြောကြားဆွေးနွေးချက်များတွင် အစိုးရ ကျောင်း များတွင် တာဝန် ထမ်းဆောင် နေရသည့် ဆရာ၊ ဆရာမများသည် သင်ကြားရေးအပြင် ပညာရေးနှင့် မသက်ဆိုင်သည့် တာဝန်ထမ်းဆောင်မှုများကို လုပ်ဆောင်နေရခြင်း တို့ကိုပါ ဆွေးနွေးခဲ့ကြကြောင်း ပုသိမ်တက္ကသိုလ်၊ သမိုင်းဌာနမှ ကထိက ဦးသန်းထိုက်အောင်က ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ညီလာခံကို မန္တလေးမြို့ရှိ Hotel Hazel ၌ မေလ ၂ ရက်နှင့် ၃ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့ချုပ် ပြန်လည် ပြင်ဆင်ရေးဆွဲ ဖွဲ့စည်းခြင်းနှင့်စီအီးစီများ ပြန် လည် ရွေးချယ်မှုများပါ ဆောင်ရွက်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List